Saturday, October 11, 2014

ဒီမိုကရေစီ ခရီးအစနှင့် ဆန္ဒပြပွဲများ

Written by - စိုးခိုင်ညိန်း

မိမိတို့တက္ကသိုလ်က ကထိကဆရာ တစ်ယောက်က စာသင်ရင်း ပြောတဲ့စကားကို အတော်လေး သဘောကျမိပါတယ်။ သူက “အခု မြန်မာနိုင်ငံဟာ ဒီမိုကရေစီခရီးကို စတင်လျှောက်လှမ်းနေပြီဖြစ်လို့ ငြိမ်မနေကြပါနဲ့၊ တိတ်ဆိတ်ငြိမ်သက် မနေကြပါနဲ့၊ အသံထွက်နေရပါမယ်။ တိတ်ဆိတ်ငြိမ်သက် နေမယ်ဆိုရင် အရာအားလုံး လုပ်သမျှကို သဘောတူ လက်ခံပါတယ်ဆိုတဲ့ သဘောပဲ။ ဒါကြောင့် သဘောမတူတဲ့ကိစ္စကို တိတ်ဆိတ်ငြိမ်သက်နေလို့ မဖြစ်ဘူး။ ဖွင့်ဟထုတ်ဖော်ရမယ်။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပဲ။
သဘောတူထောက်ခံရင်လည်း ထောက်ခံတဲ့အကြောင်း ပြောရမယ်။ သဘောမတူရင်လည်း မတူတဲ့အကြောင်းပြောရမယ်။ ဒီမိုကရေစီဆိုတာ အများရဲ့ဆန္ဒနဲ့ တည်ဆောက်ထားတဲ့အရာပဲ။ စစ်မှန်တဲ့ ဒီမိုကရေစီခရီးကို လျှောက်လှမ်းမယ်ဆိုရင် လူထုအသံကို မဖြစ်မနေ နားထောင်ရမယ်။ လူထုရဲ့ ဆန္ဒသဘောထားကို ကောက်ခံရပါမယ်” ဟု ပြောတာဖြစ်ပါတယ်။ မိမိအနေနဲ့ ပထမဆုံး ဆန္ဒပြတာကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ဖူးတာက ၂ဝဝ၇ ခုနှစ်က ရွှေဝါရောင် တော်လှန်ရေး ဆန္ဒပြပွဲဖြစ်ပါတယ်။ အဲဒီတုန်းက ဆန္ဒပြပွဲကို ပထမဆုံးဖြစ်တာမို့ တအံ့တဩနဲ့ပဲ ကိုယ်ကိုယ်တိုင် အားကြိုးမာန်တက် ပါဝင်ဆင်နွှဲခဲ့တာပါ။
လူအများ၏ ဆန္ဒသဘောထားကို ကောက်ခံပြီးမှ အကောင်အထည်ဖော် ပြုလုပ်ဆောင်ရွက်မည်ဆိုပါလျှင်၊ ပွင့်လင်းမြင်သာမှုနဲ့အတူ ပြည်သူကို ချပြခဲ့မယ်ဆိုပါလျှင် ဆန္ဒပြခြင်းတွေလို နောက်ပိုင်းပဋိပက္ခစတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာစရာ အကြောင်းမရှိနိုင်ပါဘူး။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို စတင်လျှောက်လှမ်းတာနဲ့ တစ်ပြိုင်နက် သိသိသာသာ ထွက်ပေါ်လာတဲ့ အရာတွေကတော့ ဆန္ဒပြပွဲတွေဖြစ်ပါတယ်။ ယခုလပိုင်း ဒီအတောအတွင်းမှာပဲ ဆန္ဒပြတာတွေက နေရာအနှံ့အပြားနဲ့ နေ့တိုင်းနီးပါး ဆိုရလောက်အောင်ကို တွေ့မြင်လာရပါတယ်။ အုပ်စုလိုက်ပြတာရော၊ အဖွဲ့အစည်းနဲ့ ပြတာရော၊ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်တာရော စုံလို့ပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ အာဏာရှင်စစ်အစိုးရကနေ ဒီမိုကရေစီအဖြစ် ပြုပြင်ပြောင်းလဲလိုက်တဲ့ အစဦးမှာ ဆန္ဒပြပွဲတွေ စဉ်ဆက်မပြတ် ပေါ်ထွက်လာတာဟာ သဘာဝကျပါတယ်။ အရင့်အရင်က လူထုဆန္ဒမခံယူဘဲ လုပ်ချင်သလို လုပ်ခဲ့တာတွေ၊ လူထုကို ချပြခဲ့ခြင်းမရှိတဲ့ ပွင့်လင်းမြင်သာမှု မရှိခဲ့တာတွေ၊ လူထု၏ဆန္ဒသဘောထားကို မခံယူခဲ့တာတွေ၊ ကိုယ့်စိတ်ကြိုက်ချမှတ်ခဲ့တဲ့ ဥပဒေတွေစတဲ့ တစ်ဖက်သတ် လုပ်ဆောင်ခဲ့ခြင်းများ၏ဒဏ်ကို အခုခါမှာတော့ လူထု၏ဆန္ဒပြခြင်းအနေနဲ့ ခံစားနေရတဲ့သဘောပါပဲ။
ဆက်တိုက်ဆိုသလို အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ ဆန္ဒပြမှုတွေက အမျိုးမျိုးပါပဲ။ ၄၃၆ ပြင်ဆင်ရေး၊ PRစနစ် ဆန့်ကျင်ရေး၊ ပညာရေးဥပဒေမူကြမ်းဆန့်ကျင်ရေး၊ ကျောက် မီးသွေးသုံး လျှပ်စစ်စက်ရုံစီမံကိန်းဆန့်ကျင် ရေး၊ အသိမ်းပိုက်ခံလယ်ယာမြေ ပြန်ရရှိရေး စတဲ့ အမျိုးမျိုးသော ဆန္ဒပြပွဲတွေဟာ ဆက် တိုက်နီးပါ တွေ့မြင်လာရပါတယ်။ ဆန္ဒပြမှုတွေ တစ်ဟုန်ထိုး ပေါ်ထွက်နေတာဟာ ပီပြင်တဲ့ ဒီမိုကရေစီနိုင်ငံသစ် မဖြစ်သေးဘူး ဆိုတဲ့သဘောပါပဲ။ ဆန္ဒပြမှုတွေ ဆိတ်သုဉ်းပြီး ပြည်သူအားလုံး၏ ကျေနပ်နှစ်သက်တဲ့ အခြေအနေမျိုးရောက်ပြီ ဆိုရင်တော့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံသစ်ကို ထူထောင်နိုင်ပြီလို့ ဆိုနိုင်ပါပြီ။ ဆန္ဒပြတဲ့သူကို ဖမ်းဆီးထောင်ချနေတာဟာလည်း လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီခရီးနဲ့ မကိုက်ညီပါဘူး။ ဆန္ဒပြတောင်းဆိုတာတွေကို ဒီမိုကရေစီ နည်းကျကျ ဖြေရှင်းရပါမယ်။ အစိုးရရဲ့ ငါးနှစ်တာ သက်တမ်းကလည်း သိပ်မကျန်တော့ပါဘူး။ ဖြေရှင်းရမယ့် ပြဿနာတွေကတော့ အများကြီး ကျန်ပါသေးတယ်။ ဒီအထဲမှာကတော့ တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေပြဿနာ ဖြေရှင်းဖို့က အများဆုံး ကျန်ရှိနေတာပါ။ ဒီကိစ္စက တစ်ပြည်လုံးစားဝတ်နေရေး ပြေလည်ဖို့နဲ့အတူ ဦးစားပေးလုပ်သင့်တဲ့ ကိစ္စပါပဲ။ ဒါပေမဲ့ မဖြေရှင်းတဲ့အပြင် ပြဿနာက ပိုပြီးကြီးထွားလာတာပဲ ရှိပါတယ်။
ဆန္ဒပြပြည်သူတွေကို ကတိကဝတ်တွေ အထပ်ထပ်ပေးပြီးတော့လည်း ချွေးမသိပ်သင့်ပါဘူး။ အစိုးရအဖွဲ့က ပြည်သူတွေကို ဆောင်ရွက်ပေးမယ်လို့ ကတိပေးထားတဲ့ လုပ်ငန်းပေါင်း ၁၈၃၂ ခုအနက် တစ်ဝက်ကျော်သာ အမှန်တကယ် လုပ်ဆောင်ပေးနိုင်သေးတယ်လို့ ဆိုထားပါတယ်။ ပြည်သူတွေရဲ့ လိုလားချက်တွေဖြစ်တဲ့ ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတားစတာတွေကို လုပ်ဆောင်ပေးဖို့ ကျန်ရှိနေတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာသော အစိုးရသစ် ဖော်ဆောင်ရေးကို မြန်မာအစိုးရအနေဖြင့် အမေရိကန် အစိုးရထံ ကတိကဝတ်ပေးထားခဲ့သော်လည်း တကယ့်တကယ် လုပ်ဆောင်မှုအပိုင်းမှာတော့ အားနည်းချက်တွေ ရှိနေတုန်းပါပဲ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီး ဖြစ်ပေမယ့် အဂတိတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကိုတော့ အကောင်အထည်ဖော် ဆောင်ရွက်မှုအပိုင်းမှာ ထိရောက်မှု မရှိသေးပါဘူး။
ဒီမိုကရေစီနည်းအရ အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ် အမတ်ဆိုသည်မှာ မိမိတို့ ပြည်သူတို့၏ အခက်အခဲများကို ဖြေရှင်းပေးဖို့၊ အားကိုးဖို့ဆိုပြီး မိမိတို့ စိတ်ကြိုက် မဲပေးရွေးချယ်တင်မြှောက်ထားသော သူများဖြစ်ပါတယ်။ ကိုယ့်စိတ်ကြိုက်မဲပေးနိုင်ခြင်း အခွင့်အရေးသည်ပင် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်ပါတယ်။ အစိုးရနှင့် လွှတ်တော်အမတ်များ အနေဖြင့် ၎င်းတို့ကို တင်မြှောက်ထားသော ပြည်သူလူထု၏ ကောင်းကျိုးကို ကြည့်သင့်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပခင် မဲဆွယ်စည်းရုံးရေး ကာလတွေ တုန်းကတော့ အမတ်လောင်းများဟာ သူတို့ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးကို မကြာခဏလာပြီး ကတိတွေ အထပ်ထပ်ပေးကာ မျက်နှာသာရအောင် ပြောဆိုမှုတွေ လုပ်ခဲ့ပေမယ့် တကယ့်တကယ် အောင်ပွဲရလို့ လွှတ်တော်အမတ် ဖြစ်သွားတဲ့အခါမှာတော့ ၎င်းတို့ အောင်ပွဲခံနိုင်ခဲ့တဲ့နေရာက ပြည်သူတွေရဲ့ အခက်အခဲတွေကို မျက်နှာလွှဲခဲပစ် ပစ်ထားလိုက်ကြတာ များပါတယ်။
ဒီမိုကရေစီနိုင်ငံမှာ ပြည်သူလူထုဟာ မိမိတို့၏ အခက်အခဲလိုအပ်ချက်များကို တင်ပြရပါမယ်။ နိုင်ငံရေးဆိုသည်မှာ ပြည်သူလူထု၏ စားရေး၊ ဝတ်ရေး၊ နေရေး၊ အဆောက်အအုံရရှိရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့လိုအပ်ချက်များကို ရရှိအောင် ကြိုးပမ်းမှုပဲ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံး၏ ကိုယ်ပိုင်အခွင့်အရေးများပဲ ဖြစ်ပါတယ်။ ထိုတောင်းဆိုသော အရေးများကို ဖြေရှင်းပေးဖို့ကတော့ ပြည်သူပြည်သားက တင်မြှောက်ထားသော အစိုးရ တာဝန်ရှိသူများ၏ တာဝန်ပဲဖြစ်ပါတယ်။ ပြည်သူပြည်သားများ၏ အခက်အခဲကိစ္စများကို တာဝန်ခံဆောင်ရွက်ရန် ပြည်သူတို့၏ ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ထားသူက တာဝန်ကျေ မကျေဆိုတာကို ပြည်သူများက စောင့်ကြည့်အကဲခတ်ရမှာ ဖြစ်ပါတယ်။ တာဝန်ပျက်ကွက်မှု တွေများလာရင်တော့ ဆန္ဒပြမှုတွေလည်း ပေါ်ထွက်လာမှာဖြစ်ပါတယ်။
ဆန္ဒပြမှုတွေ များလာတာတောင် ဖြေရှင်းစရာပြဿနာတွေ များလာတဲ့သဘော ဖြစ်ပါတယ်။ ဆန္ဒမပြဝံ့အောင် ဆန္ဒပြသူတွေကို ဖမ်းဆီးတာကတော့ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီခရီးနဲ့ ဆန့်ကျင်နေပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေဟာ ချက်ချင်းလက်ငင်းဖြစ်ဖို့ဆိုတာ ခဲယဉ်းမှန်း ပြည်သူတွေကလည်း သဘောပေါက်ပြီး ဖြစ်ပါတယ်။ အဘက်ဘက်ကနေ ဆွေးနွေးညှိနှိုင်းပြီး ပြဿနာကို အဖြေရှာသင့်ပါတယ်။ လုပ်မပေးနိုင်လို့ဆိုပြီး ဒီအတိုင်း ပစ်ထားလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ အကျိုးအကြောင်းခိုင်လုံတဲ့၊ ရှင်းပြတဲ့ဆွေးနွေးမှု လုပ်ရပါမယ်။ အဘက်ဘက်က လိုအပ်ချက်တွေရှိနေတဲ့ ဒီမိုကရေစီခရီးကိုလျှောက်လှမ်းတဲ့အစပိုင်းတွေမှာတော့ ဆန္ဒပြမှုတွေကတော့ ကြုံတွေ့နေရဦးမှာပါပဲ။ ဆန္ဒပြတယ်ဆိုတာ ပြည်သူလူထုက အစိုးရနဲ့ပူးပေါင်းပြီး လိုအပ်ချက်တွေ၊ မှားနေတဲ့အချက်တွေ၊ ဖြစ်သင့်တဲ့ကိစ္စတွေကို တင်ပြတဲ့ သဘောပါပဲ။ ဒါကို အစိုးရက လက်ခံစဉ်းစားသုံးသပ် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဖြောင့်မှန်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီခရီးဟုတ်၊ မဟုတ်ဆိုတာက အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ဆိုတဲ့ မဏ္ဍိုင်သုံးခုဖြင့် တိုင်းတာရနိုင်ပါတယ်။ ဒီမိုကရေစီခရီးကို လျှောက်လှမ်းနေသော မြန်မာနိုင်ငံတွင် ထိုမဏ္ဍိုင်ကြီးသုံးရပ်ကို တကယ်မှန်မှန်ကန်ကန် ကျင့်သုံးနေပြီးဆိုရင်တော့ စစ်မှန်တဲ့ ဒီမိုကရေစီခရီးကို လျှောက်လှမ်းနေတယ်လို့ ဆိုနိုင်ပါတယ်။

Credit - Eleven Media Group

No comments:

Post a Comment