#emg_editorials
ရွှေ့ပြောင်းလုပ်သားများအရေး
မြန်မာနိုင်ငံတွင် ယခုနှစ်များအတွင်း မိမိမွေးရပ်ဒေသမှ
အခြားအရပ်ဒေသများသို့ ရွှေ့ပြောင်းလုပ်ကိုင်ကြသည့် ရွှေ့ပြောင်းလုပ်သားများ
ပိုမိုများပြားလာသည်။ နိုင်ငံအတွင်း နေရာဒေသတစ်ခုမှ
အခြားရေကြည်ရာမြက်နုရာဒေသများသို့
ပြောင်းရွှေ့အခြေချလုပ်ကိုင်ကြသူများရှိသကဲ့သို့ နိုင်ငံပြင်ပ
အခြားနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ကြသူများလည်းရှိသည်။
အခြေအနေအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလုပ်သားများဖြစ်သွားကြရသည်။
မြေယာသိမ်းဆည်းခံရခြင်း၊ သီးနှံဈေးနှုန်းကျဆင်းရာ စိုက်ပျိုးစရိတ်နှင့်
သွင်းအားစုအတွက် ကုန်ကျစရိတ်မြင့်တက်သောကြောင့် တွက်ခြေမကိုက်ခြင်း၊
နည်းပညာအားနည်းသောအခါ အထွက်နှုန်းကျဆင်းခြင်း၊
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း စသည့်အခြေအနေများက လယ်ယာလုပ်ငန်းခွင်မှ
လယ်ယာလုပ်သားများကို လုပ်ငန်းခွင်စွန့်ခွာသွားစေသည်။
အခြားသောလုပ်ငန်းနယ်ပယ်ရပ်များတွင်လည်း
အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းနှင့်
ရေရှည်အာမခံနိုင်မှုနည်းပါးခြင်းများကြောင့် ပြည်ပနိုင်ငံများသို့
ထွက်ခွာသွားခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။ ထိုသို့သွားရောက်ကြရာတွင်
အချို့က မိမိတတ်ကျွမ်းသည့်အတတ်ပညာများဖြင့် ထိုက်တန်သည့်နေရာကောင်း
အခြေအနေကောင်းနှင့် အခွင့်အလမ်းကောင်းများရရှိသော်လည်း အများစုကတော့
အခြေခံလုပ်သားများအဖြစ် ကြုံရာဝင်ရောက်လုပ်ကိုင်ကြရသည်။
အိမ်ဖော်အဖြစ်လုပ်ကိုင်ရန် ပြည်ပနိုင်ငံများသို့
တရားဝင်စေလွှတ်မှုများပင်ရှိနေသည်။
အထူးသဖြင့် အိမ်နီးချင်းထိုင်းအပါအ၀င်
ဒေသတွင်းနိုင်ငံများရောက် မြန်မာရွှေ့ပြောင်းလုပ်သားအများစုမှာ
အခြေခံလုပ်သားများအဖြစ်သာ ရုန်းကန်နေရမှုများနေကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံများအချင်းချင်း အပြန်အလှန်
လွတ်လပ်စွာကုန်သွယ်နိုင်မှု အစီအစဉ်စတင်တော့မည်ဖြစ်ရာ အလုပ်သမားများလည်း
တစ်နိုင်ငံနှင့်တစ်နိုင်ငံ ၀င်ထွက်လုပ်ကိုင်နိုင်တော့မည်ဖြစ်ကြောင်း၊
ကျွမ်းကျင်လုပ်သားများ ဖွံ့ဖြိုးရန်နှင့် ရွှေ့ပြောင်းလုပ်သားများအတွက်
အကာအကွယ်များပိုမိုရရှိနိုင်မည်ဟု (၂၃)ကြိမ်မြောက်
အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။ သို့သော်
အလုပ်သမားတစ်ဦးချင်းစီ၏ ၀င်ငွေနှင့်၊ အလုပ်သမားအခွင့်အရေး
ချိုးဖောက်ခံရမှုများအတွက်မူ ဝေဖန်မှုများရှိနေသည်။ ထိုင်းနိုင်ငံအခြေစိုက်
ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းများ၏ အစီရင်ခံစာတစ်ခုတွင် ထိုင်းနိုင်ငံ
မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်ကိုးမြို့နယ်သည်
တစ်ဦးချင်းဝင်ငွေအနည်းပါးဆုံးနှင့်
အခွင့်အရေးချိုးဖောက်ခံရဆုံးဒေသဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင်
မြန်မာတရုတ်နယ်စပ်အနီး ရှန်ငေါ်၊ မဒေါင်းယန်၊ ကဒူးယန် စသည့်ဒေသများရှိ
ရွှေတူးဖော်ရေးလုပ်ငန်းအချို့တွင် အလုပ်သမားများ ခေါင်းပုံဖြတ်ခံရခြင်း၊
လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများရှိနေကြောင်း သိရသည်။
အင်ဒိုနီးရှားနှင့် မလေးရှားတို့တွင် မြန်မာအလုပ်သမားများ
အကြမ်းဖက်အသတ်ခံခဲ့ရသည့်ဖြစ်စဉ်များအတွက် အဓိကကျူးလွန်သူများအား
ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်နိုင်ခြင်းမရှိသေးပေ။ မကြာမီကလည်း
ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဗြိတိန်နိုင်ငံသားနှစ်ဦးအသတ်ခံရမှုတွင်
မြန်မာအလုပ်သမားနှစ်ဦးအား ကျူးလွန်သူများအဖြစ် တရားစွဲဆိုခံထားရသည်။
အဆိုပါအခြေအနေများကိုကြည့်ခြင်းအားဖြင့် ရွှေ့ပြောင်းလုပ်သားများအတွက်
ထိုက်သင့်သည့်အလုပ်သမားအခွင့်အရေးရရှိရန်အရေးပါနေသလို လုံခြုံစိတ်ချရသော
လုပ်ငန်းခွင်နှင့် ယုံကြည်အားထားရသည့် အကာအကွယ်ကောင်းများရရှိရန်
လိုအပ်နေပြီဖြစ်သည့်အတွက် သက်ဆိုင်ရာမှ တာဝန်ယူလုပ်ဆောင်သင့်ပါကြောင်း The
Daily Eleven သတင်းစာမှ ရေးသားအပ်ပါသည်။
Credit - Eleven Media Group
No comments:
Post a Comment