Thursday, October 9, 2014

အများသဘောဆိုသည်မှာ

ဒီမိုကရေစီနည်းသည် အများသဘော ဆောင်သည့်နည်း ဖြစ်သည်။ ပြည်သူက ပြည်သူအတွက် ပြည်သူ့အစိုးရကို ရွေးကောက်ရသည့် ပုံစံမှာလည်း ဤကမ္ဘာလောကကြီးမှ ပျောက်ကွယ် သွားနိုင်မည် မဟုတ်ကြောင်း အမေရိကန် ပြည်ထောင်စု၏ သမ္မတကြီးဖြစ်ခဲ့သူ လင်ကွန်းက မိန့်ကြားခဲ့သည်။ စစ်မှန်သည့် ဒီမိုကရေစီကို ဖော်ဆောင်ခွင့် ရကြသော နိုင်ငံများတွင် ဒီမိုကရေစီနည်းကျ အများသဘော ဆိုသည်မှာ အမှန်တကယ် အများနှင့် သဘောထားမျှကြသည့် ကိစ္စတစ်ရပ် ဟုတ်၊ မဟုတ် ဆန်းစစ်လာကြပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ထင်ရှားသည့် ငြိမ်းချမ်းရေး ဗိသုကာကြီးလည်းဖြစ်၊ ကုလသမဂ္ဂတွင် အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးသန့်က ‘အများသဘော အမှားပေါ’ သည်ဟု ကြီးပွားရေး မဂ္ဂဇင်းတွင် ၁၉၃၆ ခုနှစ်လောက် ကတည်းက ထောက်ပြ ဝေဖန်ခဲ့ဖူးသည်။

ဦးသန့်က ‘အများသဘောကျဆိုသော စကားသည်လည်း တစ်ခါတစ်ရံ အဓိပ္ပာယ် မရှိချေ။ အများသဘောကျဆို၍ ရွေးချယ် တင်မြှောက်လိုက်သော အမတ်များပင် အများသဘောကျသော အမတ်များ မဟုတ်ကြပေ’ ဟု ဆိုထားသည်။

ဆိုလိုသည်မှာ မဲဆန္ဒနယ် တစ်ခုတွင် ဦးဖြူ၊ ဦးမဲနှင့် ဦးနီတို့ သုံးဦး ဝင်ရောက် အရွေးခံ ယှဉ်ပြိုင်ကြသည်။ ထိုသုံးဦးကို ယင်းမဲဆန္ဒနယ်ရှိ လူထက်ဝက်ခန့်ကပင် မသိ။ ယင်းသို့ ဘယ်ကလာပြီး ရွေးကောက်ပွဲဝင်မှန်း မသိသူများကို မဲဆန္ဒရှင်များက မဲပေးနေကြရခြင်းသည် ရယ်စရာ ကောင်းလှသည်။

အမှန်တကယ် ယင်းမဲဆန္ဒနယ် အတွင်း၌ ပြည်သူတို့ ရင်အတွင်း ရှိနေသူမှာ အခြားသူတစ်ဦးဦး ဖြစ်ကောင်း ဖြစ်နိုင်သည်။ မိမိတို့ မဲဆန္ဒနယ်အတွင်းက တစ်ဦးမျှ မသိသောသူကို မဲပေးလိုက်ရပြီးနောက် ထိုသူသည် မိမိတို့ မဲဆန္ဒနယ်ကို ကိုယ်စားမပြုကြောင်း နောက်မှပြန်ပြီး ဆန္ဒပြ နေကြရခြင်းကလည်း ဒီမိုကရေစီ ရှုခင်းဖြစ်သည်။

ယနေ့ဟောင်ကောင်တွင် ဖြစ်ပေါ်နေသော ထီးတော်လှန်ရေးသည် တရုတ်ပြည်မကြီးက ချပေးလိုက်သည့် မိုးပေါ်က ကျလာမည့်သူကို ဟောင်ကောင်သားတို့က မဲမပေးနိုင်၊ ရွေးကောက်မပေးနိုင်၊ မိမိတို့ ခေါင်းဆောင်ကို မိမိတို့ကိုယ်ပိုင် မဲဆန္ဒဖြင့် ရွေးကောက် တင်မြှောက်မည်ဆိုပြီး ဆန္ဒပြမှုများ ကျင်းပနေခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် အထက်က ကျလာသည့် မိုးကျရွှေကိုများကို မဲပေးကြမည်လော ဆိုခြင်းကို ဟောင်ကောင် ကျောင်းသားများက မေးခွန်းထုတ်နေသည်။

အထက်တွင် ဖော်ပြခဲ့သော ဦးဖြူ၊ ဦးမဲနှင့် ဦးနီတို့ သုံးဦးအား မဖြစ်မနေ မဲပေးကြပြီ ဆိုရာတွင်လည်း ဦးဖြူက မဲ ၃၀၀၀၊ ဦးမဲက မဲ ၂၅၀၀၊ ဦးနီက မဲ ၂၀၀၀ လောက်သာ ရသည်ဆိုလျှင် ဥပဒေအတိုင်း ဆိုပါက ဦးဖြူသာ အနိုင်ရပြီး အရွေးခံရမည် ဖြစ်သည်။ သို့သော် ဦးဖြူသည် မဲထက်ဝက်ကျော်ဖြင့် နိုင်ခြင်းမဟုတ်။ အပြတ်အသတ် နိုင်ခြင်းလည်း မဟုတ်။ ပြည်သူတို့အထဲက ပြည်သူကြိုက်သောသူနှင့် ယှဉ်ပြိုင်ရွေးခြင်းခံရလျှင် ဦးဖြူထိုမျှလောက် မဲအရေအတွက်ကို ရချင်မှ ရပေလိမ့်မည်။ သို့ဖြစ်ရာ ဒီမိုကရေစီ ရလဒ်ဆိုတိုင်း အများသဘော မဟုတ်ကြောင်း သိသာစေရန် ဦးသန့်က ထောက်ပြထားခြင်း ဖြစ်သည်။

နာမည်ကျော် ဗြိတိသျှ ဝန်ကြီးချုပ် ဆာဝင်စတန်ချာချီကလည်း ဒီမိုကရေစီအကြောင်း ကောင်း၊ မကောင်း သိချင်လျှင် မဲနည်းသည့်ဘက်က မဲဆန္ဒရှင်များနှင့် ဆွေးနွေး စကားပြောကြည့်ရန် တိုက်တွန်းဖူးသည်။ နိုင်သူက ဒီမိုကရေစီ ရှိကြောင်းပြောမည်။ ရှုံးသူက ဒီမိုကရေစီကို မကောင်းကြောင်း ပြောနိုင်သည်။ ရလဒ်တိုင်းသည် အဖြေမဟုတ်ခဲ့သည်ကို မြန်မာပြည်သူတို့ ကြုံတွေ့ခဲ့ဖူးပြီး ဖြစ်သည်။ ၂၀၁၅ ခုနှစ်သည် ခပ်ညံ့ညံ့ ပြည်သူတို့၏ ဘုမသိဘမသိ ရွေးကောက်ပွဲ အဖြစ်ခံဦးမည်လော ဆိုသည်မှာ ပြည်သူတို့ နိုးကြားသည့် အသိနှင့်ဆိုင်သည်။

အယ်ဒီတာ (၇.၁၀.၂၀၁၄)

----------------------------------------
The Voice Daily Editorial, Vol-2/No-152 (#voiceeditorial)

No comments:

Post a Comment