[ Opinion ]
“အုပ်ချုပ်ရေးစနစ်နှင့် ဒီမိုကရေစနစ်အကြား အံချော်နေ၍ ပြောင်းလဲမှု
နှေးကွေး” ဟု သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက
ပြောကြားသည့် စကားတစ်ခွန်းကို အောက်တိုဘာ ၆ ရက်နေ့ထုတ် သတင်းများတွင်
ဖတ်လိုက်ရသည်။ ထိုဝန်ကြီးကပင် ဆက်လက်ပြီး “အခုလက်ရှိ အုပ်ချုပ်ရေးစနစ်က
ဆိုရှယ်လစ်အစိုးရ၊ တပ်မတော်အစိုးရနဲ့ လိုက်လျောညီထွေတဲ့ အုပ်ချုပ်ရေးစနစ်
ဖြစ်နေတယ်” ဟု ထပ်မံ ပြောကြားပြန်သည်။ ဤသို့ဆိုလျှင် မြန်မာနိုင်ငံကြီးသည်
ကုန်လွန်ခဲ့သော ကာလများတစ်လျှောက် လွဲမှား အံချော်နေမှုများကြားတွင်
သွားနေသည်ကို သိလျက်နှင့် ငြိမ်နေသလော၊ မလုပ်တတ်သောကြောင့်
လွှတ်ထားလိုက်သလောဟု စောကြောစရာ ရှိသည်။
အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် တစ်ဦးကလည်း ပြုပြင်ပြောင်းလဲရေး နှေးကွေးရခြင်းမှာ
အုပ်ချုပ်ရေးစနစ်တွင် တပ်မတော် ပါဝင်နေမှုက အဓိကဖြစ်ကြောင်း ပြောပြန်သည်။
မြန်မာ့နိုင်ငံရေးသည် သူ့လက်ညှိုးထိုး၊ ငါ့လက်ညှိုး ထိုးနေရာက
နောက်ဆုံးတွင် တပ်မတော်သားများကြောင့် ဆိုသည့် သဘော သက်ရောက်သွားပြန်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ပါဝင်ခွင့် ပြုထားသည့်
တပ်မတော်သားများကို မည်သည့်နည်းနှင့် ဖယ်ထုတ်ကြရမည်ကို မည်သူမျှ
မတတ်နိုင်သေးသည့် ကိစ္စဖြစ်သည်။ တစ်မတ်သား တပ်မတော်သားများ အရေးကလည်း
မြန်မာ့နိုင်ငံရေးတွင် လိပ်ခဲတည်းလည်း ဖြစ်နေဆဲ။
မြန်မာနိုင်ငံတွင်
ဆိုရှယ်လစ်ခေတ် တစ်ခေတ်လုံး တပ်ထွက်တွေ ကြီးစိုးခဲ့သည်။ တပ်မတော်
ထူထောင်ထားသည့် ပါတီက မြန်မာ့နိုင်ငံရေးကို ချုပ်ကိုင်ပြီး
ခြယ်လှယ်သွားခဲ့သည်။ ၈၈ ခုနှစ်လောက်ကျမှ တပ်ထွက်တွေ ထူထောင်ဦးဆောင်ပြီး
လုပ်သည့်ပါတီက မအောင်မြင်ကြောင်း ထုတ်ဖော်ကြေညာပြီး တာဝန်ရှိသူတစ်ဦးက
မိမိအနားယူတော့မည်ဟု ပြောကာ ဆင်းသွားသည်။ သို့သော် ထိုအချိန်တွင်
တိုင်းပြည်က ဖွတ်ဖွတ်ကြေနေပြီ။
မင်းမဲ့တိုင်းပြည်နီးပါး ပစ်ထားခြင်း
ခံရသည့် တိုင်းပြည်ကို စစ်သားဟောင်းကြီးတွေ ထွက်သွားပြီးနောက်
စစ်သားသစ်တွေက တက်ရောက် စိုးမိုးအုပ်ချုပ်ကြပြန်သည်။ စစ်အစိုးရ
စိုးမိုးအုပ်ချုပ်သည့် ကာလ တစ်လျှောက်လုံးတွင်လည်း မြန်မာနိုင်ငံသည်
ဖွံ့ဖြိုးတိုးတက်မှု မှန်သမျှကို ပိတ်ဆို့တားဆီးခြင်း ခံခဲ့ရသည်။ သို့ဖြစ်ရာ
ထိုကာလများတွင်လည်း တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု မရှိရခြင်းကို
ပိတ်ဆို့မှုများကြောင့်ဟု အကြောင်းပြကာ ငါတို့ကြောင့် မဟုတ်သယောင်
ခေါင်းရှောင်ခဲ့ကြပြန်သည်။
စစ်အစိုးရ နှုတ်ဆက် ထွက်ခွာသွားချိန်တွင်
ဘောင်းဘီချွတ်ထားသည့် စစ်သားတွေက ပါတီထောင်ပြီး နိုင်ငံရေးတွင် ဝင်ရောက်
နေရာယူပြန်သည်။ နိုင်ငံရေးပါတီ မထောင်မီကတည်းက အကွက်ချပြီး
လူမှုရေးအသင်းအဖွဲ့ ယောင်ယောင် လူစုထားသောကြောင့် ဝန်ထမ်းများပါ
မလွှဲသာမရှောင်သာ ပါဝင် ပတ်သက်နေရသည့် ပါတီကြီးတစ်ခု ဖြစ်သွားခဲ့ရသည်။ ၂၀၁၀
ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ အကွက်ဆင်သွားသော ပါတီကပင် အာဏာရပါတီ
ဖြစ်သွားပြီး တစ်ချိန်က စစ်ခေါင်းဆောင်၊ နောင်သော် သမ္မတအဖြစ် ရွေးကောက်
တင်မြှောက်ခဲ့ကြသည်။ လွှတ်တော်ဖွဲ့သည့် အခါတွင်လည်း အသာစီးဖြင့်
ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ၂၅ ရာခိုင်နှုန်းခန့်
တပ်မတော်သားများ လွှတ်တော်ထဲ ရောက်လာသည်။ ယင်းကိုပင် အမျိုးသားရေးတာဝန်ဟု
ဆိုသူတွေက ဆိုကာ ဗြောင်ကျကျ နေရာယူလိုက်ကြသည်။
၂၀၁၅ ခုနှစ်တွင်
မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအသစ်၊ အစိုးရအသစ်၊ သမ္မတအသစ်၊
အုပ်ချုပ်ပုံအသစ်ကို မျှော်လင့်ကြရမည့် ကာလဖြစ်သည်။ သို့သော် လူဟောင်း၊
မူဟောင်း၊ အတွေးဟောင်းများ ကြားထဲတွင်ပင် ပတ်ချာလည်ရင်းက မြန်မာနိုင်ငံ
မတိုးတက်ရခြင်းကို လက်ညှိုး ပတ်လည်ထိုးကာ ပြည်ဖုံးကားချလိုက်မည်ကို
စိုးရိမ်လှပါသည်။ ဤလိုပုံနှင့် မိုးကြီးချုပ်သည့်တိုင် ဘာတစ်ခုမျှ
ဖြစ်မလာခဲ့သည်မှာ နောက်ဆုံးတွင် မြန်မာပြည်သားတို့ ကံကြမ္မာဟုသာ ပုံချပြီး
ဖုန်ခါထသွားဦးမည်ဆိုလျှင် နောက်လာသည့် မောင်ပုလဲ ဒိုင်းဝန် ထက်ကဲ ဆိုသလို
ဖြစ်ပေတော့မည်။
အမှန်တော့ အရပ်စကားနှင့် ပြောရလျှင် အဟောင်းတွေ
လုပ်ခဲ့သမျှ တစ်ခုမှ မဖြစ်ခဲ့ကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ လူဟောင်း၊
မူဟောင်း၊ အတွေးအခေါ် ဟောင်းများကို ပြောင်းလဲပစ်ရမည့် အချိန်ရောက်ပြီဟု
ဆိုရတော့မည်။ အဟောင်းတွေ ဦးနှောက်သည် တိုင်းပြည်ကို
ပိုပြီးနစ်မွန်းစေလျှင် အသစ်တွေကို အစားထိုးကြည့်ရမည်။ စစ်ရေးအမြင်နှင့်
နိုင်ငံရေးအမြင်တို့ ရောထွေးပြီး ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိ
ဖြစ်နေသူတို့သည် အရပ်သားအစိုးရ လက်ထဲကို နိုင်ငံရေးအာဏာ ယုံကြည်စွာအပ်ပြီး
ပြုပြင်ပြောင်းလဲမှုများကို လုပ်စေသင့်သည်။ သို့ဖြစ်ရာ အဟောင်းပြုတ်လျှင်
အဟုတ်ပြောင်းမည် ဆိုသည့် ပြည်သူတို့ မျှော်လင့်ချက်သည် ရောင်နီသန်းလာပြီး
နိုင်ငံရေးလည်း သွက်လက်လာပေလိမ့်မည်။
နိုင်ငံရေးတွင် လုပ်ပြီး၊
ဖြစ်မလာလျှင် စောစီးစွာ တာဝန်ခံပြီး အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်သည့်
တာဝန်ယူတတ်သော စိတ်ဓာတ်ရှိသူများကို လိုအပ်ပါသည်။ တစ်ဗိုလ်ကျ တစ်ဗိုလ်တက်
စနစ်တွင် တစ်ဗိုလ် မတက်မီ နောက်တစ်ဗိုလ်ကို အသင့်ပြင်ဆင်ထားသည့်
နိုင်ငံရေးစနစ်မျိုးကိုလည်း စဉ်းစား တွေးတောထားသင့်သည်။
မြန်မာ့နိုင်ငံရေးတွင် ဖြစ်ပျက်လေ့ ရှိသော စစ်တစ်ဗိုလ်ကျလျှင်
နောက်စစ်တစ်ဗိုလ်က တက်လာသည့် အလေ့အထများကိုလည်း ပြင်သင့်ပြီ ထင်ပါသည်။
ဗိုလ်ဆိုသည်မှာ တိုင်းပြည်ကို ဦးဆောင်နိုင်သူများ၊ တိုင်းပြည်ကို
တိုးတက်အောင် လုပ်နိုင်သူများသာ ဖြစ်သင့်ပါသည်။ စစ်ဗိုလ်၊ စစ်သားသည်
နိုင်ငံရေးသမား မဟုတ်။ စစ်ဗိုလ်စစ်သားကို နိုင်ငံရေးသမားယောင်ယောင်
ဖြစ်စေရန် ပုံသွင်းထားသည့် အဟောင်းစိတ်တွေ ပြုတ်မှလည်း၊ မြန်မာ့နိုင်ငံရေး
အဟုတ်ပြောင်းနိုင်ပါလိမ့်မည်။
ဒီမိုကရေစီဟူသော စကားလုံးမျိုးဖြင့်
ပြည်သူကို မက်လုံးပေးနေရသော အစိုးရများသည် စစ်ဖိနပ်စီးပြီး
ဒီမိုကရေစီခရီးကို လျှောက်နေရသည်မှာ ခရီးမတွင်ကြောင်း သိမြင်လာကြသည်။
ပြည်သူများကလည်း စစ်ဖိနပ်သံ ညံနေသည့် ဒီမိုကရေစီအသံကို မကြားချင်လျှင်
ညီညွတ်ရန်၊ တည်ငြိမ်အေးဆေးစွာဖြင့် ဒီမိုကရေစီကို ထူထောင်ပြရန် လိုပါသည်။
ဒီမိုကရေစီ ဆိုသည်မှာ လုပ်ချင်တိုင်း လုပ်နိုင်သည်ဆိုသည့် အမြင်များ
မထွန်းကားဘဲ၊ ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူက တင်မြှောက်ထားသည့်
ပြည်သူ့အစိုးရကသာ ပြည်သူကို ပြန်အုပ်ချုပ်သော စနစ်တစ်ခု ဖြစ်ကြောင်း
ပြည်သူက သဘောမပေါက်၊ နိုင်ငံရေးပါတီများကလည်း ပြည်သူကို သဘောပေါက်အောင်
မရှင်းပြနိုင်လျှင် ဒီမိုကရေစီသည် မင်းမဲ့ဝါဒဆီသို့သာ
ဦးတည်သွားပေလိမ့်မည်။
မင်းမဲ့ဝါဒများ ပြန်လည် ထွန်းကားလာလျှင်
ပြုတ်ထားသော အဟောင်းများသည် ခေါင်းပြန်ထောင်ထလာနိုင်သည်။ အဟုတ်
မပြောင်းနိုင်သေးသော နိုင်ငံအတွင်း အဟောင်းအပြုတ်များက တစ်ဖန်ပြန်ပြီး
အင်အားရှိသွားလျှင် ၂၀၁၅ အလွန် မြန်မာနိုင်ငံသည် “နောက်တစ်ခါ
ချော်ပြန်ပြီဟေ့” ဟု ဆိုသည့် အပျော်နိုင်ငံရေး လုပ်သူများကြားတွင်
နစ်မွမ်းသွားဦးမည်သာ ဖြစ်သည်။
ကျော်ဗလ
-------------------------------------
မှတ်ချက်။ ။ဤကဏ္ဍပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်ယူဆချက် အာဘော်များသာ ဖြစ်ပြီး The Voice ၏အာဘော် မဟုတ်ပါ။
Credit - The Voice Weekly
No comments:
Post a Comment