စစ်အာဏာရှင် ဆိုသူများကို နိုင်ငံတကာ အဖွဲ့အစည်းများက မည်သို့ ဆက်ဆံရမည် ဆိုခြင်းကို ကောင်းစွာ သဘောပေါက်သွားကြသည်။ နာဂစ်မဖြစ်မီက ကျွန်မ မြန်မာအမျိုးသားတစ်ဦးနှင့် တွေ့ဆုံဖူးသည်။ သူသည် စစ်တပ်မိသားစုနှင့် အဆက်အသွယ် ရှိသူလည်း ဖြစ်သည်။ သူ့ကို ကျွန်မက ဗိုလ်ချုပ်ကြီးများ အကြောင်းကို လေ့လာလိုသဖြင့် မည်သို့ ဆက်သွယ်လေ့လာရမည်ကို မေးဖူးသည်။ သူက ကျွန်မကို “ပထမဆုံး ခင်ဗျားသိထားရမှာက ဗိုလ်ချုပ်တွေအကြောင်း မဟုတ်ဘူး။ ဗိုလ်ချုပ်တွေလို့ မပြောနဲ့။ တစ်ယောက်တည်းသိရင် လုံလောက်တယ်။ အဲဒါကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အာဏာရှင်တန်းဝင်တာ သူတစ်ဦးပဲ ရှိတယ်” ဟု သူက ဆိုသည်။ စစ်အစိုးရနှင့် ပတ်သက်ပြီး မြန်မာပြည်သူများ၏ ပြောစကားများကို ကျွန်မ ကြားရသည်။ မြန်မာနိုင်ငံကို ဆယ်စုနှစ်စုတိုင် စိုးမိုးအုပ်ချုပ်နိုင်ခဲ့သည့် ဗိုလ်ချုပ်ကြီးမှာ သူ့ယခင် ကွယ်လွန်သွားပြီ ဖြစ်သော အာဏာရှင် ဗိုလ်ချုပ်နေဝင်းကဲ့သို့ပင် လက်သံပြောင်လှသူ ဖြစ်သည်။ အာဏာရှင်များ ဖြစ်ကြသည့် မော်စီတုန်း၊ စတာလင်၊ ကင်အီဆွန်းတို့နှင့် မတူသည့် အချက်မှာ ရှေ့တန်းသို့ သိပ်မထွက်ဘဲ နောက်ကွယ်က ကြိုးကိုင်နိုင်အောင် ကြိုးစားကာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူသည် ဘဝရှင် မင်းတရားကြီးပုံစံဖြင့် တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်နိုင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းနှင့် ပတ်သက်ပြီး ပွင့်လင်းစွာ ထုတ်ပြန်ထားခြင်း မရှိပေ။ သူ့အကြောင်းနှင့် ပတ်သက်ပြီး ပြည်ပမီဒီယာများက ပြောသည့် မှတ်တမ်းတွေလောက်သာ ရှိသည်။ ထိုပြည်ပ မီဒီယာများက ပြောသည့် သူ့အကြောင်းများတွင် ရူးသွပ်သည့် အာဏာရှင်အသွင် ဖော်ကျူးထားကြသည်။ သူသည် အလွန် သိုသိပ်လျှို့ဝှက်တတ်သူ၊ အယူသီးသူ၊ စိတ်ဆတ်သူ၊ လူစိမ်းကြောက်တတ်သည့် ဇီနိုဖိုးဘီးယား ရောဂါရှိသူ၊ စိတ်ဝေဒနာ ခံစားနေရသူ စသည်ဖြင့် အမျိုးမျိုး ပြောကြသည်။ အောင်ဆန်းစုကြည် အမည်ကို ကြားလိုက်လျှင် စိတ်ဆိုး ဒေါသူပုန်ထတတ်ပြီး၊ နိုင်ငံတော်ကိစ္စများနှင့် ပတ်သက်၍ ဗေဒင်ဆရာများ၊ နတ်ဆရာများကို အားကိုးအားထား ပြုနေသူတစ်ဦး ဖြစ်သည်။ သူသည် ဘောလုံးဝါသနာအိုး တစ်ယောက်ဖြစ်ပြီး၊ မန်ချက်စတာယူနိုက်တက် အသင်း၏ ပရိသတ်တစ်ဦး ဖြစ်သည်။ အင်္ဂလန်မှ တိုက်ရိုက်ထုတ်လွှင့်သည့် ဘောလုံးပွဲများကိုလည်း ညဥ့်နက်သည်အထိ ကြည့်ရှုလေ့ရှိသည်။ အဆိုပါ ပြောစကားများသည် ကောလာဟလများသာ ဖြစ်သည်။ တစ်ဆင့်စကား တစ်ဆင့် ပွားလာခြင်းများလည်း ဖြစ်နိုင်ပါသည်။ အာရှဒေသဆိုင်ရာ အစည်အဝေး တစ်ခုတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံစကားပြောခွင့် ရခဲ့သူ နိုင်ငံခြားမှ နိုင်ငံရေးသမားတစ်ဦးနှင့် ကျွန်မတွေ့ဆုံခဲ့ရာ သူက မြန်မာပြည်တွင် ကြောက်စရာ ကောင်းလှသည့် ထိုသူသည် ပုဂ္ဂိုလ်ရေးအားဖြင့်လည်း သိပ်ပြီး ခံ့ထည်သူတစ်ဦး မဟုတ်ဟု ဆိုသည်။ သူသည် စကားပြောလျှင်လည်း တိုးတိုးပဲ ပြောလေ့ရှိပြီး ဘာမျှ သိပ်ပြီး အလေးအနက်မထားသည့် ပုံစံပေါက်နေသည်။ စိတ်ခံစားမှုလည်း သိပ်ပြလေ့မရှိ၊ အခြားသူများကိုလည်း မျက်နှာချင်းဆိုင်ပြီး တည့်တည့်မကြည့်ရဲသူဟု ဝေဖန် ကောက်ချက်ချသွားသည်။ ပြည်သူများထံက ရရှိသည့် အချက်အလက်များကလည်း ခိုင်လုံသည့် အချက်အလက်များဟု မပြောနိုင်ပေ။ ဗိုလ်ချုပ်မှူးကြီး ဆိုသူသည် သူ့ကိုယ်သူ လျှို့ဝှက်ဆန်းကြယ်သူတစ်ဦး အသွင်ပေါက်စေရန် လုပ်ထားခြင်းလည်း ဖြစ်နိုင်သည်။ သူ့အကြောင်း၊ သူ့စရိုက်များကို ကြားရသည်များထဲမှ သေချာစွာ စိစစ်ရွေးထုတ်ပြီး ယုံကြည်မှသာ ဖြစ်ပေလိမ့်မည်။ ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို အံ့အားသင့်သွားစေရန် သူလုပ်ပြနိုင်ခဲ့သည်။ မြန်မာပြည်သားတွေသာမက မြန်မာပြည်ကို စောင့်ကြည့်လေ့လာနေသူများပါ အံ့အားသင့်သွားခဲ့ကြခြင်း ဖြစ်သည်။ ရုတ်တရက် မြန်မာနိုင်ငံ၏ မြို့တော်ကို ရန်ကုန်မှ မြောက်ဘက် မိုင် ၂၀၀ ခန့် ဝေးသည့် မဖွံ့ဖြိုးသေးသော ဒေသတစ်ခုသို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။ မြို့တော်ကို ပြောင်းရွှေ့ရန် သတင်းကို အထူးလျှို့ဝှက်ထားသည်။ မပြောင်းရွှေ့မီအထိ သတင်းကို မပေါက်ကြားအောင် ထိန်းသိမ်းထားပြီးမှ ပြောင်းရွှေ့ပြီး နောက်တစ်နေ့တွင် သတင်းစာရှင်းလင်းပွဲ လုပ်ကာ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ အစိုးရဌာန အကြီးအကဲများကလည်း ထိုသတင်းကို နှုတ်လုံစွာ ထိန်းသိမ်းထားကြသည်။ သတင်းနှင့် ပြန်ကြားရေး ဝန်ကြီးဌာနမှ ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးတွင် အချက်အချာကျသည့် နေရာသို့ ပြောင်းရွှေ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ ဝန်ကြီးဌာန အချို့ကို ထိုသို့ ဗျူဟာကျသည့် ဒေသသို့ ပြောင်းရွှေ့လိုက်ခြင်းကြောင့် အုပ်ချုပ်ရေးကို ပိုပြီး လွယ်ကူ ချောမွေ့စေနိုင်လိမ့်မည်ဟု ဆိုသည်။ နိုင်ငံ့ဝန်ထမ်းများပါ ပြောင်းရွှေ့သည့် အထဲတွင် လိုက်ပါကြရသောကြောင့် တုန်လှုပ်ချောက်ချား နေကြရသည် ဆိုသည့် သတင်းတွေလည်း ထွက်လာသည်။ ပြောင်းရွှေ့သည့်နေ့မှာ တနင်္ဂနွေနေ့ ဖြစ်သည်။ ဝန်ကြီးဌာန အစိုးရဝန်ထမ်း အများစုကို ပထမအုပ်စု အနေနှင့် သောကြာနေ့ကတည်းက နှစ်ရက်ကြိုပြီး ပြောင်းရွှေ့ပေးခဲ့သည်။ ဝန်ထမ်းများကို မိသားစုများအား ရန်ကုန်တွင် ထားခဲ့ပြီး လိုက်ခဲ့ရန် အမိန့်ထုတ်ထားသည်။ အုပ်ချုပ်ရေး မြို့တော်သစ်ဟု သတ်မှတ်ထားသော နေရာသစ်သည် ဝန်ထမ်းများအတွက် ဘာတစ်ခုမျှ မပြည့်စုံသေးသော နေရာဖြစ်သည်။ အခြေခံလိုအပ်ချက်များ ဖြစ်သည့် လျှပ်စစ်မီးနှင့် ရေပေးဝေမှု စနစ်များကို နေရာတိုင်းတွင် မရရှိသေး။ ကြိုရောက်နေကြသည့် ဝန်ထမ်းများသည် မိမိတို့ ဝန်ကြီးဌာန ရုံးခန်းများအတွင်း ဖြစ်သလို အိပ်စက်ကြရသည်။ လူနေအဆောက်အအုံများသည် တည်ဆောက်ဆဲ ဖြစ်သည်။ အကြီးတန်း အရာရှိကြီးများပင် ရုံးခန်းစားပွဲပေါ်တွင် အိပ်စက်ခဲ့ကြရပြီး၊ ရာထူးနိမ့်သူများမှာ ကြမ်းပြင်ပေါ်တွင် ဖြစ်သလို အိပ်စက်ကြရသည်။ နောက် လအနည်းငယ်ကြာမှ အစိုးရဝန်ထမ်းများသည် မိသားစုများကို ပြန်ပြီး ဆက်သွယ်ခွင့် ရကြသည်။ ကျောင်းတွေကလည်း တည်ဆောက်ဆဲဖြစ်ပြီး ဆေးရုံ၊ ဆေးခန်းများကလည်း ကောင်းစွာ လည်ပတ်နိုင်ခြင်း မရှိသေးပေ။ မိသားစုကို ထောက်ပံ့နိုင်ရေးအတွက် သူတို့တွင် အပိုဝင်ငွေ ရှာနိုင်စရာလည်း မရှိ။ ဝန်ထမ်းတစ်ဦး၏ လစာသည် အလွန် နည်းပါးလှသောကြောင့် အပိုအလုပ်လေးများ လုပ်မှ စားဝတ်နေရေး အဆင်ပြေကြသည်။ အပိုအလုပ် ဆိုသည်မှာ အိမ်များတွင် ဗီဒီယို အခွေအငှားဆိုင်လေးများ ဖွင့်ခြင်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်လေးများ ဖွင့်ခြင်းတို့ ဖြစ်သည်။ အချို့ဝန်ထမ်းတွေကတော့ သူတို့ရသည့် လောင်စာဆီများကို မှောင်ခိုဈေးတွင် သွားရောင်းချနေကြရသည်။ နေကပူ၊ ကွင်းပြောင်ပြောင်၊ ဆောက်လုပ်ဆဲ မြို့သစ်ကြီးဆီသို့ သူတို့ ပြောင်းရွှေ့လာရခြင်းကြောင့် အပိုဝင်ငွေ ရှာရန်မှာ မျှော်လင့်ချက် ကင်းဝေးသွားသည်။ လမ်းဘေးတွင် ဆိုင်ဖွင့်ရန်ကလည်း အခြေအနေမပေး၊ ဆိုင်မရှိ၊ ဈေးမရှိ၊ စားသောက်ဆိုင်မရှိ ဖြစ်နေသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ၏ မြို့တော်သစ်ကို “နေပြည်တော်” ဟု အမည်ပေးလိုက်သည်။ နေပြည်တော်ကို တည်ဆောက်ပြီး နှစ်အနည်းငယ် ကြာသည်အထိ သတင်းမှောင်ချထားခဲ့သည်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံမှ သတင်းသမားနှစ်ဦးသည် ထိုမြို့အတွင်း ဘတ်စ်ကားနှင့် ဖြတ်သွားစဉ် ဓာတ်ပုံရိုက်သဖြင့် အဖမ်းခံလိုက်ရသည်။ သူတို့ကို ရုပ်မြင်သံကြားနှင့် ဗီဒီယို အက်ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်သည်ဟု ဆိုကာ ဖမ်းဆီးပြီး၊ ထောင်သုံးနှစ် ချလိုက်သည်။ နေပြည်တော်ကို ဓာတ်ပုံရိုက်ရန် တားမြစ်ထားသော်လည်း ဓာတ်ပုံတွေကို မကြာခဏ တွေ့နေရသည်။ ပုံအများစုမှာ ဖြတ်သွားဖြတ်လာ ကားပြတင်းပေါက်များပေါ်မှ ရိုက်ထားသောကြောင့် မှုန်ဝါးဝါး ဖြစ်နေကြသည်။ နေပြည်တော်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် ဟာသတွေ၊ ပြက်လုံးတွေ ထွက်နေသည်။ မြို့တော်သစ် တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး သူတို့လည်း မပြောဝံ့ဝံ့နှင့် ဝေဖန်နေကြခြင်း ဖြစ်သည်။ အစိုးရက ရန်ကုန်ကို စွန့်ခွာသွားတာ ကောင်းသလား၊ ယခင် မြို့တော်ဟောင်းမှာ ကျန်ခဲ့တဲ့ ဝန်ထမ်းနဲ့ တပ်မတော်သားတွေရဲ့ အိမ်ရာနေရာတွေကို သူတို့ဘာလုပ်ချင်လို့လဲ၊ ဝန်ထမ်းအိမ်ရာ ဟောင်းတွေမှာ မီးဖြတ်၊ ဖုန်းလိုင်းတွေ ဖြတ်လိုက်ပြီ၊ နောက်များဆိုရင် ရေတွေထဲကို အဆိပ်များ ခပ်ဦးမလား မသိဘူးဆိုသည့် မကျေမနပ်ဖြင့် ဝေဖန်သံများ ထွက်လာသည်။ အချို့ကတော့ နေပြည်တော်ကို တည်ဆောက်လိုက်ခြင်းမှာ စစ်အစိုးရသည် အထီးကျန်စွာ နေထိုင်မှုကို ပိုပြီး အထောက်အကူ ဖြစ်စေရန်ဟု ဆိုကြသည်။ နိုင်ငံခြားသံရုံများနှင့် ကုလသမဂ္ဂအဖွဲ့တို့ အခြေစိုက် ကျန်ခဲ့သည့် ရန်ကုန်မြို့ကြီးနှင့် နေပြည်တော်တွင် ရောက်နေသော ဝန်ထမ်းများ ဆက်သွယ်မည် ဆိုလျှင်ပင် တစ်ရက်ခရီးလောက် နှင်လာရပေလိမ့်မည်။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပါ အဆက်ပြတ်စေရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။ ပြောင်းရွှေ့ပြီး ရက်အနည်းငယ် အကြာတွင် နိုင်ငံခြားသံတမန်များသည် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ပြောဆိုဆွေးနွေးရမည့် ကိစ္စများနှင့် ပတ်သက်၍ စိတ်ပျက်လာခဲ့ကြရသည်။ စစ်အစိုးရကတော့ သူတို့ကို ဖက်စ်ဖြင့် ဆက်သွယ်ရန် နံပါတ်များ ထုတ်ပြန်ပေးထားသည်။ လူသူမနီးသည့် ဒေသတွင် ခံတပ်ကြီးသဖွယ် ဆောက်လုပ်ထားသော မြို့တော်သစ်ကြီး၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူ့အစိုးရ အကွက်ချ နေထိုင်သည် ဆိုခြင်းမှာ သာမန်တော့ မဖြစ်တန်ရာဟု ထင်မိသည်။
Credit - The Voice

No comments:
Post a Comment