ရန်ကုန်၊ အောက်တိုဘာ ၈
ထိုင်းနိုင်ငံ၏ စစ်အာဏာသိမ်း ခေါင်းဆောင်
ဝန်ကြီးချုပ်သစ် ပရာယုချန်အိုချာ၏ အောက်တိုဘာလ ၉ ရက်မှ ၁၀ ရက်နေ့အထိ
ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်တွင် အစိုးရနှင့် နားလည်မှုစာချွန်လွှာ (MoU)
သုံးခု ရေးထိုးမည် ဖြစ်ကြောင်း အောက်တိုဘာလ ၈ ရက်နေ့တွင်
ထိုင်းနိုင်ငံအစိုးရက ထုတ်ပြန်သည်။
ထိုင်း-မြန်မာ ညီအစ်မမြို့များ
တည်ထောင်ရန် ရေးထိုးသော ယင်းနားလည်မှု စာချွန်လွှာ (MoU) များကို အောက်တိုဘာလ
၉ ရက်နေ့ ညနေခင်းတွင် နေပြည်တော်၌ လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း
ယင်းထုတ်ပြန်ချက်အရ သိရသည်။
ချင်းမိုင်နှင့် ကျိုင်းတုံ၊
ရနောင်းနှင့် ကော့သောင်း၊ ပရာချွန်ကီရီကန်ခရိုင်နှင့် မြိတ်မြို့ကို
ညီအစ်မမြို့များ အဖြစ် MoU ရေးထိုးမည် ဖြစ်ကြောင်း ထိုင်းအစိုးရ၏
ထုတ်ပြန်ချင်အရ သိရသည်။
စီးပွားရေးနှင့် ကုန်သွယ်ရေး
ပူးပေါင်းမှုများ တိုးမြှင့်ရန်နှင့် နိုင်ငံသားအချင်းချင်း ဆက်ဆံမှု
ကောင်းမွန်စေရန် ယခုကဲ့သို့ လက်မှတ်ရေးထိုးခြင်း ဖြစ်ကြောင်း အောက်တိုဘာလ ၈
ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုင်းဝန်ကြီးချုပ်
ပရာယုချန်အိုချာက မြန်မာခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်
အကြီးတန်း အရာရှိအချို့ကို တွေ့ဆုံမည် ဖြစ်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့တွင်
ထိုင်းလုပ်ငန်းရှင်များကလည်း ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍
ဆွေးနွေးသွားရန် ရှိကြောင်း ထိုင်းနိုင်ငံအစိုးရက ဆိုသည်။
ယင်းအပြင်
ဆင်းရဲမွဲတေမှု ပြဿနာ၊ တရားမဝင် ကုန်ပစ္စည်းများ ကူးသန်းရောင်းဝယ်ခြင်းနှင့်
မူးယစ်ဆေးဝါး ရောင်းဝယ်မှုတို့ကို တားဆီးရန်တို့ကို တွန်းအားပေး
ဆွေးနွေးရန် စီစဉ်ထားပြီး နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရန်လည်း ရှိကြောင်း
၎င်းတို့က ပြောကြားထားသည်။
ထိုင်းဝန်ကြီးချုပ်သစ် ပရာယုချန်အိုချာနှင့်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံစဉ် ဗြိတိန်နိုင်ငံသား
နှစ်ဦးသတ်မှုနှင့် စွဲချက်တင် ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦး
ကိစ္စကိုလည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်း
အရာရှိတစ်ဦးက ဆိုသည်။
သြဂုတ်လအတွင်းကမှ ဝန်ကြီးချုပ်အဖြစ် တာဝန်
စတင်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာသည် မြန်မာနိုင်ငံကို ၎င်း၏
ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်သည်။
Credit - The Voice Weekly
No comments:
Post a Comment