ရန်ကုန်၊ အောက်တိုဘာ ၈
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့်
အာရှအဆင့် အသက် ၁၉ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလအတွင်း
ကျင်းပမည်ဖြစ်ရာ မြန်မာအသင်း၏ ပွဲစဉ်များနှင့် အကြိုဗိုလ်လုပွဲ၊
ဗိုလ်လုပွဲတို့ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် MRTV-4
တို့က တိုက်ရိုက်ပြသမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ
ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးကျော်က ပြောကြားသည်။
မြန်မာအသင်းသည် အုပ်စု (က) တွင် ပါဝင်ပြီး အီရန်၊ ယီမင်၊
ထိုင်းအသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်ကာ အုပ်စုအဖွင့် ပွဲစဉ်အဖြစ်
ယီမင်အသင်းနှင့် အောက်တိုဘာ ၉ ရက်နေ့ (ယနေ့) ညနေ ၆ နာရီ မိနစ် ၃၀ တွင်
သုဝဏ္ဏကွင်း၌ စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာအသင်းသည်
ထိုင်းအသင်းနှင့် အောက်တိုဘာလ ၁၁ ရက်နေ့၊ အီရန်အသင်းနှင့် အောက်တိုဘာလ ၁၃
ရက်နေ့ ညနေ ၆ နာရီ မိနစ် ၃၀ တွင် ယင်းကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ရမည်
ဖြစ်သည်။
မြန်မာအသင်း အပါအဝင် အာရှဘောလုံး အင်အားကြီးနိုင်ငံများ
ယှဉ်ပြိုင်မည့် အာရှယူ-၁၉ ဘောလုံးပြိုင်ပွဲအတွက် လက်မှတ်များကို
ပွဲမတိုင်မီ တစ်ရက်နှင့် ပြိုင်ပွဲရက်အတွင်း ရောင်းချလျက်ရှိရာ
ရိုးရိုးတန်းအတွက် ၂၀၀၀ ကျပ်၊ အထူးတန်းအတွက် ၅၀၀၀ ကျပ် သတ်မှတ်ထားကြောင်း
လက်မှတ်ရောင်းချရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောကြားသည်။
အိမ်ရှင်အဖြစ် ကျင်းပသည့် ပြိုင်ပွဲ ဖြစ်သောကြောင့် အိမ်ရှင်ပရိသတ်များ
ကွင်းလုံးပြည့် လာရောက်အားပေးကာ မြန်မာအသင်းကို အထောက်အပံ့ ပေးမည်ဟု
ယုံကြည်ကြောင်း မြန်မာအသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရခ်ျက ပြောကြားသည်။
အာရှအဆင့် အသက် ၁၉ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲထိ
တက်ရောက်နိုင်သည့် အသင်းလေးသင်းသည် နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့်
ဖီဖာယူ-၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။
Credit - The Voice Weekly
No comments:
Post a Comment