Saturday, October 11, 2014

ပျက်ဆုံးမှုများနှင့် ဟောင်းလောင်းကြီးကျန်ခဲ့မည့်ဒေသ

- အောင်ချိန်ဘွား

တစ်ကိုယ်လုံးအသားအရေက ဝါညစ်ညစ် အရောင်သမ်းနေသည်။ နောက်ဆုံး မျက်လုံးများက ဝါရာမှ နီနှမ်းနှမ်း၊ ဆီးများကလည်း ဝါရာမှနီပုပ်ပုပ် အရောင်ပြောင်းလာပြီးနောက် ဘဝတစ်လျှောက် လှပ တင့်တယ်ခဲ့သော ချစ်ဇနီးအသည်းကင်ဆာဖြင့် ကွယ် လွန်ခဲ့ရှာသည်။

သူ့ကို အမေရိကားပြည်လော့စ်အိန်ဂျလိစ် မြို့၊ ရို့စ်ဟီးလ်သုသာန်ကြီးဝယ် မီးသင်္ဂြိုဟ်၍ ထားရစ်ခဲ့ရ ပြီ။ ကျွန်တော့်အဖို့ ထာဝရဆုံးရှုံးမှုတစ်ရပ်ကြီးပါကား။
အလည်လွန်နယ်ကျွံ၍ ဝေးလံလွန်းလှသည့် အမေရိကားနိုင်ငံမှ ကျွန်တော်ပြန်လာခဲ့၏။ မရောက် တာကြာပြီဖြစ်သော ဇာတိချက်ကြွေမွေးရပ်မြေဖြစ်သည့် ချင်းတွင်းမြစ်ကြီး ကမ်းနဖူးက မုံရွာမြို့ကိုပြန်သွားခဲ့သည်။


ဆောင်းဦးရာသီဆိုလျှင် ယခင်ယခင်က ချင်းတွင်း မြစ်ရေသည် ကြည်လင်စိမ်းမြစွာ စီးဆင်းနေခဲ့သည်။ ယခုမူကား ဝါညစ်ညစ်အရောင်ဖြင့် နောက်ကျိစွာစီးဆင်း နေပုံကိုမြင်ရသောအခါ ကိုယ့်မျက်စိကိုယ်မယုံ၍ ပွတ်ကာ ပွတ်ကာဖန်ခါခါရှုကြည့်လေ၏။ အတူရှိနေသော ဆရာ ကြီး ဦးအံ့မောင်ကပြောသည်။ ချင်းတွင်းမြစ်ထဲကို စီးဝင် သည့် ဥရုမြစ်ဖျားမှစ၍ မြစ်ကမ်းဘေးတစ်လျှောက်ရွှေ ကျင်ကြသည်။ စက်ကြီးများဖြင့် ကမ်းစပ်မြေကို ရေလုံး ထိုးကာဖျော်ချသည်။ ဝါနောက်နောက်နုန်းမြေများ မြစ် ထဲပြန်စီးဝင်သည်။ ဤနည်းဖြင့်တဖြည်းဖြည်းချင်းတွင်း မြစ်အထက်ပိုင်း မြစ်ကမ်းဘေးတောက်လျှောက်ရွှေကျင် ကြသည်။ ပြဒါးနှင့်ရွှေဖမ်းကြသည်။

ဤတွင် မြစ်ထဲသို့ ဝါနောက်နောက်နုန်းပျော်ရေများလည်း စီးဝင်သည်။ ပြဒါးဓာတ်ပါသော ရွှေကျင်ကျန်ရေများလည်း စီးဝင်သည်။
သို့ဖြင့် ချင်းတွင်းမြစ်ကြီးဆောင်းရာသီတိုင်း စိမ်းမြ ကြည်လဲ့စွာ စီးဆင်းသော ရေပြင်များအစား ဝါနောက် နောက်ရေများသာ စီးဆင်းနေပုံမှာ အသည်းကင်ဆာ ရောဂါသည် အသားအရေနှင့်တူလေတော့သည်။ ဤ တွင် ချင်းတွင်းမြစ်ရေ၏ ပသာဒမြင်ကွင်းရော၊ အနှစ် သာရဖြစ်တည်မှုပါ ဆုံးရှုံးခဲ့သည်တကား။

ချင်းတွင်းမြစ်အတွင်း ဘာငါးဘာသက်ရှိသတ္တဝါ မျှမနေနိုင်ဘဲ သေရွာမြန်းခဲ့ကြရှာသည်။ ငါးမရှိအစား အစာမရှိသော ချင်းတွင်းမြစ်ကို အဘယ်မည်သော ရေ ကြက်၊ ရေဘဲ၊ ဗျိုင်း၊ တင်ကျီ၊ အောက်ချင်းငှက်မှန်သမျှ အနားပင်မသီတော့၊ ဂေဟစနစ်ပျက်စီးခြင်းနှင့်အတူ သဘာဝအလှများလည်း ပျက်စီးဆုံးရှုံးခဲ့သည် တကား။

စိမ်းစိုပြာရီမှိုင်းနေသော အပြိုင်းအရိုင်းချင်းတွင်း မြစ်ကမ်းအနီး ပေါက်လျက်ရှိခဲ့သော သစ်ပင်တောအုပ် များ၊ မြစ်ဝဲယာခပ်ဝေးဝေးမှ မဲဇာတောင်၊ ရွှေသမင် တောင်တန်းများအားလုံးလည်း မည်သူ့လက်ချက်မှန်း မသိတောင်ခေါင်းတုံးဖြစ်လုနီးပါး၊ ကမ်းပါးဝါဝါကြီးများ ပေါ်နေပြီ။ သွားပါပြီ ရှုခင်းသာသောချင်းတွင်းဝဲယာ။ ပြန်မရနိုင်တော့သည့် ဆုံးရှုံးမှုများပါတကား။
တွင်းတောင်ကိုမရောက်ခဲ့သည်မှာ အနှစ် ၆ဝ ခန့်ကြာခဲ့ပြီ။ အပြေးအရောက်သွားခဲ့သည်။ တွင်းကြီး အလယ်က ရေကန်ကြီးကို မျှော်ကြည့်လိုက်သော်၊ ရင် ကိုမကာ ဘုရားတမိသည်။ အသက် ၁၅ နှစ်ကျော်ငယ် ငယ်ကမြင်ရသကဲ့သို့ စိမ်းပြာရေညှိများ ထူလပျစ်ဖုံး လွှမ်းနေသည့် ကန်ရေပြင်သည် ယခုတော့ ဝါကြန့်ကြန့် ဖြစ်နေ၏။

အသည်းကင်ဆာရောဂါသည်၏ အသားအ ရေကဲ့သို့ ဖြစ်စပြုနေပြီး။ စိမ်းပြာရေညှိဟူ၍ မူးလို့မှ ရှူစရာတစ်ဖတ်စာမရှိတော့။ ငယ်ငယ်ကရောက်ခဲ့စဉ် တွင်းတောင်ရွာနှင့် တွင်းတောင်ရွာခံများက တွင်းပိုး များတထောကြီး အပြန်လက်ဆောင်ပေးလိုက်သည်ကို သတိရ၍ မေးမိရာ၊ တွင်းပိုးမထွက်သည်မှာ သုံးလေး နှစ်ကြာခဲ့ပြီဟူ၏။ သွားပါပြီဂေဟာစနစ်၊ ပျက်စီးပါပြီ သဘာဝပတ်ဝန်းကျင်၊ ဧရာမဆုံးရှုံးမှုပါတကား။

ငယ်စဉ်ကချင်းတွင်းမြစ်တစ်ဘက်ကမ်းကို မုံရွာ ဘက်မှ ကူးတို့ဖြင့်ကူးသည်။ စက်ဘီးများတင်ယူခဲ့၍ ညောင်ပင်ကြီးဆိပ်မှ ကိုးမိုင်ကျော်ကျော်ဝေးသည့် ဆားတုံရွာ-(ဆားထုံးရွာ)သို့ စက်ဘီးကိုလက်ကိုင်ချင်း ယှဉ်၍ တန်းစီနင်းသွားခဲ့ကြသည်။ သစ်ပင်များ၊ ထန်း တောများ အုံ့ဆိုင်းဝေစီနေသော လက်ပံတောင်းတောင် ခြေမှကွေ့ကာဝိုက်ကာသွားခဲ့ကြသည်။ ဆားလင်းကြီး ကျော်လျှင် ဘီလူးမတောင်ခြေမှဖြတ်ကာ ဆားထုံးရွာသို့ ရောက်လေ၏။ အေးမြသန့်ရှင်းသော ဆောင်းလေးအေး ကို တဝရှူရှိုက်ရင်း စက်ဘီးနင်းရသည်မှာ ချွေးမပြန်၍ ပင်ပန်းသည်ဟု မထင်ခဲ့။ ထန်းပု၊ ဒူးတောက်(ဂုဏ်ထူး သိန်းနိုင်၏ဇာတိရွာ)တုံရွာများသို့ ဝင်နားရသည်မှာ သာယာကြည်နူးဖွယ်ကောင်းလှသည်။ ခပ်ဝေးဝေးမှ ကြေးစင်တောင် မြင့်မောက်လုံးချွန်များကို မျှော်ကြည့် ကာ ဖိုဝင်တောင်လမ်းခွဲမှ ရွာသာယာရေပူစမ်းဘက် သို့ အပြန်မှလှည့်ဝင်ရန် စဉ်းစားခဲ့သည်။

ယခုချင်းတွင်းမြစ်ကူးတံတားကို ဖြတ်ကာအ နောက်ဘက်ကမ်းသို့လာခဲ့သည်။ လိုက်ပို့သူကား ကျြု ခေါ်နှာခေါင်းစည်းကိုပေး၍ စည်းခိုင်းရာ၊ အလွန်စိတ် ပျက်သွားလေ၏။ ဤမြေ၊ ဤရေ၊ ဤလေများသည် ယခင်ကလိုမသန့်တော့။ ကြေးနီတူးဖော်ရေးလုပ်ငန်း များကြောင့် သဘာဝပတ်ဝန်ကျင်တစ်ခုလုံး အဆိပ်အ တောက်ဖြစ်ကာ ညစ်ညမ်းခဲ့လေပြီ။ သွားပါပြီ။ ပျက်စီး ဆုံးရှုံးခဲ့ပြီတကား။

နေရာတကာတွင် အကာအရံအတားအဆီးများ နှင့် ပြည့်နှက်နေ၏။ လက်ပံတောင်းတောင်ကမူက လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သော သိမ် ကျောင်းနှင့် စေတီကိုဝင်ဖူးချင်သည် ဆိုသောအခါ ဒေသခံများက မျက်နှာသေသေ၊ လေသံမာမာနှင့်ပြော သည်။ အဲဒီသာသနိကကိုးကွယ်ရာအဆောက်အအုံ တွေကို ဖယ်ရှားပစ်မယ်လေ မသိဘူးလားဟူ၍။

တရုတ်ကုမ္ပဏီတို့၏ ကြေးနီတူးဖော်ရေးစီမံကိန်း ကြောင့် အနီးပတ်လည်တွင် ရေ၊ မြေ၊ လေများပျက်စီး ရုံမက ဌာနေရွာသားများလည်း ရောဂါဝေဒနာပေါင်း စုံခံစားရကာ ပျက်စီးကြရကုန်၏။ သွားပါပြီ၊ ထာဝရ ဆုံးရှုံးမှုကြီးများ။
ဝါပုပ်ပုပ်နီနှမ်းနှမ်းကြေနီတုံးများသည် ဇာတိ မြေမှ လူသားတို့၏ နှလုံး၊ အသည်း၊ အူထဲမှဆွဲထုတ်ယူ ဘိသို့ ယူငင်သွားခံရသောအခါ ထိုဒေသလူသားများ ဟောင်းလောင်းကြီးကျန်ရစ်ခဲ့ပေမည်။ မကြာတော့မည့် အနာဂတ်ကာလတွင် ချင်းတွင်း၏အနောက်ဘက်ကမ်း မှ သာယာရှုမောဖွယ်လက်ပံတောင်းတောင်တန်းတောင် ဆွယ်များလည်း ကွယ်ပျောက်ကာဟောင်းလောင်းကြီး ကျန်ရစ်ခဲ့ဦးမည်။

ကုန်ဆုံးခဲ့သော၊ ကုန်ဆုံးသွားတော့မည်ဖြစ်သော ဇာတိမြေမှ ကျွန်တော်နှလုံးသည်းပွတ်နာကျင်စွာ ပြန် လာခဲ့လေသည်။
ယနေ့သတင်းစာဂျာနယ်များတွင် ဖတ်ရှုရသည်။

လက်ပံတောင်းတောင်အနီးဝန်းကျင်မှ ရွာသူရွာသား များစုဝေး၍ ငြိမ်းချမ်းစွာဆန္ဒပြသည်ကို မီးလောင်ဗုံး နှင့် ဖြိုခွင်းခဲ့သည့် ၂၁ လမြောက် အထိမ်းအမှတ်အဖြစ် ဆုတောင်းပွဲများ၊ ကျိန်စာတိုက်ပွဲများကျင်းပနေကြပုံ ဖြစ်သည်။

သူတို့ဘာပဲလုပ်လုပ်၊ ဇာတိမြေမှဆုံးရှုံးမှုများပြန် ရနိုင်မည်လောဟူ၍ တွေးကာရင်ထဲကမချိအောင်ခံစား နေမိပါသတည်း။ ။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

 
 

No comments:

Post a Comment