Saturday, October 11, 2014

စေတနာ့ဝန်ထမ်း လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လူငယ်အခြေပြု (၂)ဖွဲ့ ပူးပေါင်းဆောင်ရွက်

ရန်ကုန်၊ အောက်တိုဘာ ၇

အုပ်စုဖွဲ့ စေတနာ့ ၀န်ထမ်းလုပ်ငန်းများအား တိုးမြှင့် ဆောင်ရွက်နိုင်ရန် လူငယ်အခြေပြု အဖွဲ့ အစည်းများ ဖြစ်သော ဒါနရှေ့ဆောင်မြန်မာ (Charity Oriented Myanmar) နှင့် VIP(Volunteer Internship Program) တို့ ပူးပေါင်း ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ဒါနရှေ့ဆောင်မြန်မာ (Charity Oriented Myanmar) မှ အစီအစဉ် ရေးဆွဲရေးဆိုင်ရာ ညွှန်ကြားရေး မှူး ဒေါ်သဇင်အောင်က အောက်တိုဘာ ၅ ရက်တွင် Media Library ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


““ဒါနရှေ့ဆောင် မြန်မာက လူငယ်တွေကို အခြေပြု ဖွဲ့စည်း ထားတာ ဖြစ်တဲ့အတွက် ပထမဆုံး Work Camp ကို VIP နဲ့ တွဲပြီးလုပ်မှာပါ။ ဘယ်နိုင်ငံမှာမဆို Work Camp လုပ်တယ်ဆိုတာ ငြိမ်းချမ်းရေးကို ဦးတည်ပြီး လုပ် တာပေါ့။ မတူညီတဲ့ ဒေသအသီးသီးက လူငယ်တွေ စုပေါင်းပြီး လုပ်အားပေး လုပ်ငန်းတွေ လုပ်မှာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးကိုပဲ ဦးတည်တယ်လို့ ယူဆပါတယ်”” ဟု၎င်းက ပြောသည်။

ဒါနရှေ့ဆောင်မြန်မာ (Charity Oriented Myanmar) ကို ၂၀၀၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပြည်ထဲရေး ၀န်ကြီးဌာန၌ တရားဝင် မှတ်ပုံတင်ခဲ့ကာ အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်း လုပ်ငန်းစီမံကိန်းများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီဝင်များကို ခေါင်းဆောင်မှုနှင့် နိုင်ငံရေး အမြင်ဖွင့် သင်တန်းများ ပို့ချခြင်း စီမံကိန်းများ လုပ်ဆောင်လျက်ရှိပြီး လူငယ် အရင်းအမြစ်စင်တာ (၃)ခုကို ထားဝယ်၊ မော်လမြိုင်နှင့် တောင်ကြီးမြို့များတွင် ဖွင့်လှစ်ပြီး ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလတွင် စတင် ဖွဲ့စည်းခဲ့ပြီး ပညာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တို့တွင် စေတနာ့ဝန်ထမ်း ၀န်ဆောင်မှုပေးသော VIP (Volunteco Internship Program) အနေဖြင့် ဒါနရှေ့ဆောင် မြန်မာနှင့် ပူးပေါင်း ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ““အဖွဲ့ တစ်ခုချင်းစီမှာ သူ့အားနည်းချက်၊ အားသာချက် ဆိုတာရှိတယ်။ ကျွန်တော်တို့ ဒီ(၂)ဖွဲ့ ပူးပေါင်းပြီး ဆောင်ရွက်တဲ့အခါ လူငယ်အကျိုးနဲ့ လိုအပ် ချက်တွေ ရှိနေတဲ့ ဒေသတွေရဲ့ ရပ်ရွာအကျိုးကို ပိုမို လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်လို့ ပူးပေါင်းရခြင်း ဖြစ် ပါတယ်””ဟု VIP မှ အဖွဲ့ခေါင်းဆောင် ကိုတင့်ဇော်ဟိန်းက ပြောသည်။

အဆိုပါ အဖွဲ့ ၂ ဖွဲ့ အနေဖြင့် အောက်တိုဘာလ ၁၉ ရက်တွင် ရှမ်းပြည်နယ် တောင်ပိုင်း ဘောင်းရေချိုမြို့ သို့ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကူညီ ဆောင်ရွက်ပေးရန် ပထမဆုံး Work Camp အဖြစ် သွားရောက်မည် ဖြစ်သည်။

သဉ္ဇာဆွေ

  မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment