ဗြိတိန်နှစ်ဦးအသတ်ခံရသည့်အမှုတွင် တရားလိုပြသက်သေအဖြစ်ထွက်ဆိုမည့်
မောင်မောင်နှင့် မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာ ၈ ရက်က
ကော့စမွီမြို့ရဲစခန်းတွင် တွေ့ဆုံခွင့်ရခဲ့ကြောင်း မြန်မာသံရုံးရှေ့နေ
ဦးအောင်မျိုးသန်းထံမှ သိရသည်။
တွေ့ဆုံရာတွင် တရားခံပြသက်သေဖြစ်သည့်
မောင်မောင်၊ ထိုင်းရဲမှူးကြီးတစ်ဦး၊ စကားပြန်တစ်ဦးနှင့်
မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့တို့ နှစ်နာရီကြာတွေ့ဆုံခွင့်ရခဲ့ပြီး
မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ဝင်များက လူသတ်မှုနှင့်ပတ်သက်သည့်
အချက်အလက်များကို ပွင့်ပွင့်လင်းလင်း တွေ့ဆုံမေးမြန်းခဲ့သည်ဟု သိရသည်။
မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန်းက "ကျွန်တော်တို့
ကော့စမွီမြို့ကရဲစခန်းမှာ ကိုမောင်မောင်နဲ့ နှစ်နာရီကြာတွေ့ခွင့်ရခဲ့ပါတယ်။
သူ့ကိုတွေ့ရာမှာ ဘေးမှာရဲမှူးကြီးနဲ့ ဘာသာပြန်ပါလာပါတယ်။ အဲဒီကြားမှာ
ကျွန်တော်တို့မေးရတာပါ။ ကျွန်တော်တို့က ဒီကလေးကို
ပွင့်ပွင့်လင်းလင်းပြောမေးတော့ သူက ဒီအမှုနဲ့ပတ်သက်ပြီး
မြင်တာသိတာမရှိဘူးလို့ ကျွန်တော်တို့ကို ပြောပါတယ်။ မသိဘဲနဲ့
ဘာလို့တရားခံပြသက်သေအနေနဲ့ပါလာရတာလဲလို့မေးတော့ သူကသူ့အခန်းမှာ
သူငယ်ချင်းဝင်းဇော်ထွန်းရဲ့ဘောင်းဘီတွေ့လို့ ဒီအမှုမှာသက်သေအဖြစ်
ပါလာတာလို့ပြောတယ်" ဟု The Daily Eleven သတင်းစာကို ပြောကြားသည်။
လက်ရှိတွင် ဗြိတိန်နှစ်ဦးကိုသတ်သည်ဟု ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည့်
မောင်စောနှင့် မောင်ဝင်းတို့ကို ရမန်ယူထားပြီး ထိုအမှုကိုတရားစွဲဆိုရန်အတွက်
အောက်တို ဘာ ၇ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က အစိုးရရှေ့ နေထံလွှဲအပ်ခဲ့ပြီး
၎င်းတို့နှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ နိုင်ငံတွင်းသို့
တရားမ၀င်ဝင်ရောက်မှု စသည့်အမှုလေးမှုဖြင့် တရားစွဲဆိုရန် လွှဲအပ်ခဲ့သည်။
မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန်းက "ကျွန်တော်တို့အနေနဲ့
နောက်ဆုံးရတဲ့အချက်အလက်တွေကို အမြန်ဆုံးတင်ပြသွားဖို့ စီစဉ်နေပါတယ်။
ဒီလိုမျိုး နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ တွေ့ဆုံဆွေးနွေးဖိအားပေးရင်
အမှုမှန်ပေါ်ပေါက်လာနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်" ဟုသုံးသပ်သည်။
ထို့အတူ မြန်မာနိုင်ငံသားမောင်မောင်နှင့် ထိုင်းနိုင်ငံအခြေစိုက်
အရပ်ဘက်အဖွဲ့အစည်းများ အောက်တိုဘာ ၇ ရက်က ဆူရတ်ဌာနီရှိရဲစခန်းတွင်
တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရသည်။
အဆိုပါ
သွားရောက်တွေ့ဆုံခွင့်ရခဲ့သည့် အရပ်ဘက်အဖွဲ့အစည်းများတွင် ထိုင်းနိုင်ငံ၊
မဟာချိုင်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)၊
ထိုင်းအခြေစိုက် လူ့အခွင့်အရေးကော်မရှင်နှင့် Human Right and Development
Foundation တို့ပါဝင်ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည်
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနနီအတွင်းရှိ ခိုတောင်ကျွန်း (လိပ်ကျွန်း)
တွင်ဖြစ်ပွားခဲ့သည့် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုအပေါ်
ထိုင်းရဲဘက်မှ တရားလိုပြသက်သေအဖြစ်ထွက်ဆိုမည့်
မောင်မောင်နှင့်တွေ့ဆုံခွင့်ရခဲ့သလို
ဖမ်းဆီးခံမြန်မာအလုပ်သမားနှစ်ဦးနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။
"ကျွန်တော်တို့သိသလောက်အရဆိုရင်
တရားလိုပြသက်သေအဖြစ်ထွက်ဆိုမယ့်မောင်မောင်ဟာ အခင်းဖြစ်တဲ့နေရာမှာမရှိဘူး။
ဒါပေမဲ့ ထိုင်းရဲက မောင်မောင်ကို တရားလိုပြသက်သေအဖြစ်ခေါ်မယ်လို့
ကျွန်တော်တို့ကိုပြောတယ်။ ရဲစခန်းမှာ ကျွန်တော်တို့
မောင်မောင်နဲ့တွေ့တဲ့အခါ ဘာသာပြန်တွေရယ်၊ ရဲအစောင့်တွေရယ်ပါပါတယ်။
မောင်မောင်နဲ့ကျွန်တော်တို့ ဘာတွေပြောခဲ့တယ်ဆိုတာတွေက
အရမ်းကိုအရေးကြီးတဲ့အတွက် ထုတ်ပြောလို့မရပါဘူး။ နောက်ပိုင်းမှ
ကျွန်တော်တို့ရှေ့နေနဲ့တိုင်ပင်ပြီးပြောလို့ရတာတွေကို မီဒီယာကိုပြောမှာပါ။
တချို့အကြောင်းအရာတွေကို အပြင်ကိုထုတ်ပြောလိုက်ရင် ဥပဒေကြောင်းအရ
လုပ်ရကိုင်ရတာတွေ အခက်အခဲရှိနိုင်တယ်" ဟု MWRN
ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုစိန်ဌေးကဆိုသည်။
"သူတို့တွေအနေနဲ့
ကျွန်တော်တို့ရဲ့အကူအညီကိုလက်ခံမယ်ဆိုရင်
ကျွန်တော်တို့ရှေ့နေတွေနဲ့တိုင်ပင်ပြီး ဥပဒေကြောင်းအရအကူအညီပေးဖို့
ကြိုးစားသွားမယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။
အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အပြစ်ကိုကျူးလွန်မိသည်ဟု
ဝန်ခံထားပြီးဖြစ်သည်ဟု ထိုင်းရဲများကပြောဆိုထားသည့် မောင်စော၊
မောင်ဝင်းတို့နှင့် ကော့စမီအကျဉ်းထောင်တွင်တွေ့ဆုံခဲ့ရာတွင်
ယင်းတို့ပြောကြားချက်များမှာ ရှေ့နောက်မညီဘဲ ကွဲလွဲချက်နေသည်ကို
အဖွဲ့၏ရှေ့နေများကသတိပြုမိခဲ့ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့အနေဖြင့်
ယင်းအမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံ မြန်မာအလုပ်သမားများကို
တရားစွဲဆိုရန်အတွက် သက်သေအထောက်အထားခိုင်လုံအောင် ပြင်ဆင်နေကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ မြန်မာပြည်ခရီးစဉ်အတွင်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများကိစ္စကိုဆွေးနွေးမည်ဖြစ်ပြီး ယင်းကိစ္စများအနက်
ခိုထောင်ကျွန်း (လိပ်ကျွန်း) လူသတ်မှုအကြောင်းကို
အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံသားစုံတွဲဖြစ်သည့် ဒေးဗစ်မီလာ (၂၄) နှစ်နှင့် ဟန်နာဝှစ်သာရစ်
(၂၃)နှစ်တို့ကို တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားနှစ်ဦးဖြစ်သည့် မောင်စော
(၂၁) နှစ်နှင့် မောင်ဝင်း (၂၁) နှစ်တို့ကသတ်ခဲ့သည်ဟု ၀န်ခံခဲ့သည်ဟုဆိုကာ
ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အပေါ် ထိုင်းနိုင်ငံသားများ၊
နိုင်ငံခြားသားများနှင့် မြန်မာများကသံသယရှိခဲ့ကာ ယုံကြည်မှုမရှိကြောင်း
ဝေဖန်မှုများပြုလုပ်ခဲ့သည်။
ထိုင်းနိုင်ငံရာဇ၀တ်မှုဥပဒေတွင်
လူသတ်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ထိချမှတ်နိုင်ပြီး
မုဒိမ်းမှုအတွက် အနည်းဆုံး ထောင်ဒဏ်လေးနှစ်မှ နှစ် ၂၀ အထိချမှတ်နိုင်ကြောင်း
စုံစမ်းသိရှိရသည်။
Credit - Eleven Media Group
No comments:
Post a Comment