Saturday, October 11, 2014

ဟောင်ကောင် လူထုအုံကြွမှုမှ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများအတွက် သင်ခန်းစာ

ဟောင်ကောင်မှာဖြစ်တဲ့ ကိစ္စက မြန်မာပြည်မှာဖြစ်တဲ့ နိုင်ငံရေးကိစ္စနဲ့ ပုံသဏ္ဌာန်မတူဘူး .. မြန်မာပြည်မှာက စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်ကျော်ဖြတ်နေရတာ။ အခုလိုမျိုး ငရုတ်ကောင်း ရည်နဲ့ ပက်ရုံလောက် မဟုတ်ဘူး။ မီးလောင်ဗုံးနဲ့ ပစ်နေတာ.. သူတို့မှာ မီးသတ် ပိုက်နဲ့ ထိုးခံရတယ်။ ကျွန်တော်တို့ဆီမှာ နံပါတ်တုတ်တွေနဲ့ ရိုက်ခံရတယ်။ တကယ့် ကျည်ဆန် အစစ်နဲ့ ပစ်ခံနေရတယ်…

ဟောင်ကောင်မှာ ကြည့်မယ်ဆိုရင် စည်းကမ်းကျနမှု ပေါ့ဗျာ။ ဒီလိုစည်းကမ်းကျနတဲ့ အရည် အချင်းမျိုးဆိုတာ ကျွန်တော်တို့ အတုယူရမယ့်ကိစ္စ။ ၁၉၈၈ ခုနှစ် ဆန္ဒပြကြတဲ့ အချိန်ကာလ တုန်းကလည်း ဒီဘက်ခေတ်နဲ့တော့ ဘယ်လိုလုပ် တူနိုင်မလဲ။ လူငယ် မျိုးဆက်သစ်တွေ အနေနဲ့ ကလည်း နည်းပညာ ဆန်းသစ်မှုနဲ့အတူ စည်းကမ်း ကျနမှုကိုပါ အတုယူသင့်တယ်…


××××××××××××××××××××××××××××××××××××××××××××××××

ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ပြည်သူ့ သဘောဆန္ဒ အရ ရွေးချယ်ခွင့်ထက် တရုတ်အစိုးရက တင်သွင်းသည့် လူစာရင်း အတိုင်းသာ ရွေးချယ်ရန် စီစဉ်ခဲ့မှုအပေါ် မကျေနပ် သဖြင့် ဟောင်ကောင် ပြည်သူ များ၏ ဆန္ဒ ဖော်ထုတ်လျက်ရှိသည့် သတင်းမှာ ကမ္ဘာ့မီဒီယာ ပေါ်တွင်သာမက မြန်မာပြည်သူများ အထိပါ စိတ်ဝင်စားမှု မြင့်တက် စေလျက်ရှိသည်။

အသက် ၁၇ နှစ်အရွယ် ကျောင်းသားခေါင်းဆောင် ဂျိုရှောင်ဝါ၏ ““ပြည်သူက အစိုးရကို ကြောက်ရမှာလား၊ အစိုးရက ပြည်သူကို ကြောက်ရမှာလား”” ဆိုသည့် ရဲရဲတောက် မိန့်ခွန်းများမှာလည်း ဒီမိုကရေစီ စနစ်တွင် အရေးကြီးသည့် ပြည်သူ၏ အခန်းကဏ္ဍကို မီးမောင်း ထိုးပေးလိုက်ခြင်း ပင် ဖြစ်သည်။

ထို့ပြင် ဆန္ဒ ဖော်ထုတ်နေစဉ်အတွင်း ကမ္ဘာ့ငြိမ်းချမ်းရေးသမားများ ဖြစ်သည့် နယ်လ်ဆင်မင်ဒဲလား၊ မာတင် လူသာကင်း၊ မဟတ္တမဂန္ဒီ အပါအ၀င် မြန်မာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ပုံ ပါဝင် သည့် တီရှပ်များကို ၀တ်ဆင်ထားကြသည့်အတွက် မြန်မာပြည်သူ များလည်း အဆိုပါ ဆန္ဒဖော်ထုတ်ပွဲအပေါ် ပိုမို အာရုံစိုက်လာကြသည်။ ထို့ပြင် အောက်တိုဘာလ ၄ ရက်နေ့ကလည်း ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များက ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံဩ၌ ဟောင်ကောင် ဆန္ဒဖော်ထုတ်မှုကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့ ကြသေးသည်။

ယင်းဟောင်ကောင် ဆန္ဒဖော်ထုတ်မှုမှ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများအတွက် အတုယူဖွယ် အချက်များ ရှိကြောင်းလည်း နိုင်ငံရေး လှုပ်ရှားနေသူများက သုံးသပ်လျက်ရှိသည်။ ယင်းသုံးသပ်ချက်များကို စုစည်း၍ မြန်မာ သံတော်ဆင့်မှ ဖော်ပြလိုက်ပါသည်။

● ဦးတင်ဦး (နာယက၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် – NLD )

““သူတို့နဲ့ ပတ်သက်ပြီးတော့ စာနာမှုတွေ၊ ထောက်ထားမှုတွေနဲ့ ကူညီချင်ကြတဲ့ စိတ်ဓာတ်တွေ ဖြစ်ပေါ် လာတာတော့ ကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစတုန်းက တရုတ်ပြည်က တစ်ခု၊ နောက်ပိုင်း မှာ အောက်ခြေက ကွန်မြူနစ်ဝါဒနဲ့ တစ်ပါတီ အုပ်ချုပ်ရေးဆိုတဲ့ ဟာကတော့ ဒီအကြောင်းအရာတွေ ဖြစ်တာပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာလည်း တစ်ပါတီ အုပ်ချုပ်တာနဲ့ ပတ်သက်ပြီးတော့ ဖြစ်ခဲ့တာဖြစ်တော့ ပြည်သူ လူထု အားလုံးကလည်းပဲ ဟောင်ကောင် စိတ်ဓာတ် အပေါ်မှာတော့ အများကြီး စာနာကြတယ်။ ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင်သွားတဲ့ ကလေးတွေ အပေါ်မှာတော့ အင်မတန်မှပဲ စာနာမှု ဖြစ်တာပေါ့နော်။ ဒီလိုဖြစ်တဲ့ ကိစ္စတွေကတော့ ဘာပဲပြောပြောပေါ့ဗျာ…တစ်ပါတီစနစ်နဲ့ အုပ်ချုပ်တဲ့ အပေါ် မှာတော့ ဒီမိုကရေစီစနစ် ဆိတ်သုဉ်းနေတဲ့ ဟာတွေကိုတော့ လက်မခံကြဘူး။ မြန်မာပြည်တင် မဟုတ်ပါဘူး။ အခြားအခြားသော ဒီလိုခံစားတဲ့ နိုင်ငံတွေလည်းပဲ အထိုက်အလျောက်တော့ ဂယက်ရိုက်တာပေါ့ ဗျာ။ ကျောင်းသားချင်း စာနာတဲ့ စိတ်ဓာတ်ကတော့ ဂယက်ရိုက်တာပေါ့။ ကျောင်းသားချင်း စာနာတဲ့ ကိစ္စတွေ ကတော့ ရှိမယ်လို့ တွက်ပါတယ်။ စိတ်ဓာတ်ကတော့ ကျန်နေမှာပေါ့။ မခံချင်တာ တွေကတော့ ရှိနေမှာပေါ့။ တစ်ပါတီနဲ့ ပတ်သက်လို့ နောက်ဆုတ်သွားတာတို့ ဘာတို့၊ မလိုလား အပ်တာတွေပေါ့။ ဆွေးနွေးကြမယ်၊ ညှိနှိုင်းကြမယ်။ ဒီလိုဟာတွေကတော့ ပြန်ဆုတ်သွားတာတော့ မကြိုက်ဘူးပေါ့။ ကျွန်တော်က ပါတီရဲ့ နာယကလည်း ဖြစ်နေတော့ တရုတ်ပြည်နဲ့ ပတ်သက်လို့ ပုဂ္ဂိုလ်ရေးရာအရ၊ စိတ်ဓာတ် ရေးရာ အရ အေးအေးချမ်းချမ်းနဲ့ လုပ်သွားတာကတော့ အင်မတန် အတုယူစရာ ကောင်းတယ်လို့ မြင်ပါတယ်””

● ဦးလှရွှေ (၁၉၆၂ ကျောင်းသားခေါင်းဆောင်)

““လူထု အုံကြွမှုဆိုတာ အဲဒါမျိုးပဲ။ အုံကြွမှုဆိုတာမှာ ဘာလိုသလဲ ဆိုတော့ နံပါတ်တစ်က ခေါင်းဆောင် လိုတယ်၊ အဖွဲ့အစည်းလိုတယ်။ အဲဒီ အဖွဲ့အစည်းကလည်း Leadership Body ရှိဖို့လိုတယ်။ မူဝါဒရှိဖို့ လိုတယ်။ ဘယ်လောက် လုပ်မှာတုန်း၊ ဘာကို တောင်းမှာတုန်း၊ ဘယ်လောက်ရရင် ဆုတ်မှာလဲ၊ ဘယ်လောက် ရရင် တက်မှာလဲ ဆိုတာရှိဖို့လိုတယ်။ လုပ်တဲ့အုံကြွမှုက အကျိုးအကြောင်း ရှိရမယ်၊ အကန့်အသတ် ရှိရမယ်။ ဒီကနေ ဘာယူရမလဲ ဆိုတော့ အကျိုးရှိတဲ့၊ အကြောင်းခိုင်လုံတဲ့၊ အကန့်အသတ်ရှိတဲ့၊ အဲဒီသုံးချက်နဲ့ ကိုက်လည်း ကိုက်ညီမယ်၊ ခေါင်းဆောင် အဖွဲ့အစည်း တစ်ခုလည်း ရှိမယ်၊ ပေါ်လစီလည်း ရှိမယ်ဆိုရင် ငါတို့ ဗမာပြည်မှာလည်း ဒီလို လူထုအုံကြွမှုမျိုး လုပ်သင့်တာပဲ။ အန်ကယ်ပြောတာက ဆွဲဟယ်၊ လွဲဟယ်၊ မီးရှို့တယ်၊ ရိုက်တယ်ကို ပြောတာ မဟုတ်ဘူး။ Mass Demostration (လူထုအုံကြွမှု)ပေါ့။ အဲဒါမျိုးဆိုရင် ငါတို့ဆီမှာလည်း လုပ်ဖို့ လိုအပ်တာပဲ။ သို့သော် အန်ကယ်တို့ဆီမှာရှိတဲ့ ခေါင်းဆောင် ပုဂ္ဂိုလ်များဟာ အခုအချိန် မလုပ်ရဲဘူး။ အဲဒါကြောင့် အိညှက်အိညှက် ကလေးတွေ ဖြစ်နေတာပဲ။ ငါတို့က ဟောင်ကောင် လမ်းလျှောက်ကြလို့ ပြောရမှာပဲ။ ဒါ ရမ်းပြောတာ မဟုတ်ဘူး။ တကယ်တမ်းကျတော့ စစ်အစိုးရနဲ့ ထိပ်တိုက် မဖြစ်ချင်ဘူး။ အန်ကယ့် တစ်ဦးချင်း အမြင်ပဲ””

● ဦးမြအေး (၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)

““ခေတ်ရေစီးကြောင်းရဲ့ ပြောင်းလဲမှုနဲ့ လိုက်ပြီးတော့ အတွေးအခေါ် သစ်ဆန်းမှု၊ အတွေးအခေါ် လတ်ဆတ်မှုတွေက ကျွန်တော်တို့နဲ့ကျတော့ ဘယ်လိုလုပ် တူနိုင်မလဲ။ နောက်တစ်ခုက ဟောင်ကောင် လို နိုင်ငံမျိုးက ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်ပြီးသား နိုင်ငံတစ်နိုင်ငံ။ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက လူငယ်တွေမှာလည်း အားနဲ့မာန်နဲ့ လုပ်နိုင်တဲ့၊ ဆန်းသစ်တဲ့ နည်းပညာတွေကို အသုံးပြုနိုင်တဲ့ စွမ်းအား ကောင်းကောင်း ရှိနိုင်တယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ အဓိက တိုက်ပွဲတိုင်းမှာ အကန့်အသတ် ဆိုတာ ရှိတယ်ဗျ။ ဘယ်နေရာကို တက်မယ်၊ ဘယ်နေရာကို ဆုတ်မယ်။ အဲဒီ အကန့်အသတ် ဆိုတာ ကို ဟောင်ကောင်မှာ ကြည့်မယ်ဆိုရင် စည်းကမ်း ကျနမှုပေါ့ဗျာ။ ဒီလို စည်းကမ်းကျနတဲ့ အရည်အချင်းမျိုးဆိုတာ ကျွန်တော်တို့ အတုယူရမယ့်ကိစ္စ။ ၁၉၈၈ ခုနှစ် ဆန္ဒပြကြတဲ့ အချိန်ကာလ တုန်းကလည်း ဒီဘက်ခေတ်နဲ့တော့ ဘယ်လိုလုပ် တူနိုင်မလဲ။ လူငယ်မျိုးဆက်သစ်တွေ အနေနဲ့ကလည်း နည်းပညာ ဆန်းသစ်မှုနဲ့အတူ စည်းကမ်း ကျနမှုကိုပါ အတုယူသင့်တယ်လို့ မြင်ပါတယ်””

● ကိုကျော်ကိုကို (ဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်)

““နိုင်ငံတစ်နိုင်ငံက ချမ်းသာမယ်၊ နည်းပညာ ရှေ့တန်းရောက်မယ်ဆိုရင် မခက်ခဲဘူးဗျ။ တစ်ဦးချင်း ၀င်ငွေက ဒေါ်လာ ၂၀၀ အောက် နိမ့်ကျတဲ့ နိုင်ငံနဲ့ ဟောင်ကောင်လို နိုင်ငံနဲ့ ကွာတယ်ဗျ။ သူတို့ဆီက ဟာတွေကို အားကျလို့ လိုက်လုပ်ဖို့ဆိုတာက ကျွန်တော်တို့ ကိုယ်တိုင်က အခြေခံ စီးပွားရေးမှာ အဆင်မှမပြေတာ။ ကျွန် တော်တို့လည်း Thinking Power သုံးစွဲလို့ ရတာပေါ့။ ကွာခြားတယ်လေ။ ဒါကတော့ အရမ်းကြီး ကွာခြားတယ်။ နိုင်ငံရေးအရပဲ ကျွန်တော်တို့ စဉ်းစားပါတယ်။ နိုင်ငံရေးအရ စဉ်းစားတဲ့ နေရာမှာ ဘာတွေ့ရသလဲ ဆိုတော့ ဟောင်ကောင်မှာ ဖြစ်တဲ့ကိစ္စ က မြန်မာပြည်မှာဖြစ်တဲ့ နိုင်ငံရေး ကိစ္စနဲ့ ပုံသဏ္ဌာန် မတူဘူးဆိုတာ ကျွန်တော် ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာက စစ်အာဏာရှင် စနစ်ကို ရင်ဆိုင် ကျော်ဖြတ်နေရတာ။ အခုလိုမျိုး ငရုတ်ကောင်းရည်နဲ့ ပက်ရုံလောက် မဟုတ်ဘူး။ မီးလောင်ဗုံးနဲ့ ပစ်နေတာ။ ကျွန်တော်တို့မှာ မီးလောင်ဗုံးနဲ့ ပစ်ခံရတာ။ သူတို့မှာ မီးသတ်ပိုက်နဲ့ ထိုးခံရတယ်။ ကျွန်တော်တို့ဆီမှာ နံပါတ်တုတ်တွေနဲ့ ရိုက်ခံရ တယ်။ တကယ့် ကျည်ဆန်အစစ်နဲ့ ပစ်ခံနေရတယ်။ ကျွန်တော်တို့နိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အာဏာရှင် တွေက အရမ်းကို အခြေအနေဆိုးတယ်။ သူတို့ ဒီမိုကရေစီ လှုပ်ရှားမှုကို ပြောရတာ အုပ်ချုပ်ရေးမှူး အပြောင်းအလဲ တစ်ခုအတွက်ပဲ ရင်ဆိုင် တိုက်ပွဲဝင်နေရတာ။ ကျွန်တော်တို့ဆီမှာ ဘယ်နေရာမှ ဒီမိုကရေစီ ဆိုတာ မရှိဘူး။ သူတို့မှာ လွတ်လပ်စွာ ဆန္ဒပြခွင့် ဒီမိုကရေစီဆိုတာ ရှိသေးတယ်။ ကျွန်တော်တို့မှာ ပုဒ်မ ၁၈ နဲ့ ထိန်းချုပ် ခံထားရတယ်။ ကျွန်တော်တို့ဆီမှာ ပိုဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အပြည့်ရင်ဆိုင် နေရတယ်။ ကျွန်တော်တို့ နိုင်ငံရေး လှုပ်ရှားမှုဟာ ဘယ်နိုင်ငံမှ အတုယူစရာ မလိုလောက်အောင်ကို ကိုယ့်နိုင်ငံတွင်းမှာ ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေ၊ ကိုယ့်ပြည်တွင်းရေးကို အာရုံစိုက်ပြီးတော့ မတရားအုပ်ချုပ်နေ တဲ့ အာဏာရှင်တွေကို တော်လှန်ဖို့ပဲ။ နံပါတ်တစ် ဦးစားပေးပြီး လုပ်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ ကျန်တာ ကတော့ သတင်းအဖြစ်နဲ့ လေ့လာပြီးတော့ သုံးသပ်ပိုင်ခွင့် ရှိပါတယ်။ ကိုယ့်နိုင်ငံရေး အပြောင်းအလဲ ကို အာရုံစိုက်သင့်တယ်လို့ မြင်တယ်””

● ကိုစည်သူမောင် (ဥက္ကဋ္ဌ၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲ ကော်မရှင်)

““ခွဲခြားဆက်ဆံမှုပေါ့။ တရားမျှတမှုနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ ကျောင်းသား လှုပ်ရှားမှု မှန်သမျှကို ကျွန်တော်တို့ ကျောင်းသားလူငယ်တွေ ထောက်ခံတယ် ဆိုတာကိုတော့ ဖေ့စ်ဘုတ် စာမျက်နှာတွေ ပေါ်မှာကော၊ Photo ကမ်ပိန်းတွေမှာကော တွေ့ရတယ်။ အကျိုးသက်ရောက်မှု ကတော့ စိတ်ဓာတ်ခွန်အား တွေ ဖြစ်စေတာပေါ့။ ဘယ်နိုင်ငံမှာမဆို လူငယ်တွေဟာ အပြောင်းအလဲအတွက် အဆင်သင့် ဖြစ်နေတယ် ဆိုတာကို ပြသနိုင်ခဲ့တာ။ လူငယ်ဆိုတဲ့ စိတ်ဓာတ်ဟာ တစ်သားတည်းပဲ ရှိတယ်။ လွတ်လပ်မှုကို လိုလားတယ်၊ တရားမျှတမှုကို လိုလားတယ်။ တစ်သားတည်း ရှိတယ်ဆိုတဲ့ စိတ်ဓာတ်ကတော့ အွန်လိုင်းတွေ ပေါ်မှာလည်း မြင်ရတယ်၊ ဒါသက်သေပဲ။ ကျွန်တော်တို့ အနေနဲ့ လေးစား အတုယူရမှာကတော့ ဘာပဲပြောပြောပါ။ အရင်လို အမှောင်ခေတ်တွေမှာ၊ သတင်းမီဒီယာ မဖွံ့ဖြိုးတဲ့အချိန်မှာ အစိုးရ အမျိုးမျိုးနဲ့ ထိန်းချုပ် ကန့်သတ်မှုတွေက ရှိနေတုန်းပါပဲ။ ဒါပေမဲ့လို့ သူတို့တွေက လူမှုကွန်ရက်လို ဟာမျိုးတွေ အသုံးပြုတယ်၊ ကမ္ဘာ့မီဒီယာမှာ သတင်း ဖော်ပြချက်တွေက သူတို့အတွက် အားသာချက် တစ်ခုပေါ့။ ဒီအပေါ်မှာ သူတို့ ပြင်ဆင်မှုကတော့ အများကြီးပဲ။ အတွေ့အကြုံ ရှိတဲ့ ကျောင်းသားလှုပ်ရှားမှု ပုံစံမျိုး ကျွန်တော်တို့ တွေ့ရတယ်။ စနစ်တကျနဲ့ ကြိုတင် ပြင်ဆင် ထားတဲ့ ပုံစံမျိုးချည်းကို တွေ့ရတယ်။ အခုက သတင်းမီဒီယာ ဖွံ့ဖြိုးတယ်၊ ပေါက်ကွဲမှု အရမ်းမြန်တယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေက အချိန်နှင့် တစ်ပြေးညီ သိရတယ်ဗျာ။ အဲဒီတော့ ဒီလှုပ်ရှားမှု အပေါ်မှာ အာရုံစိုက်ပြီးေ တာ့ နိုင်ငံတကာက ကျောင်းသားတွေ ထောက်ခံ အားပေးမှုတွေ ရှိနေတယ်။ သူတို့အနေနဲ့ အားအသာဆုံး အချက်က သတင်းမီဒီယာ။ နည်းပညာပိုင်းဆိုင်ရာကို ကောင်းကောင်းနဲ့ ကျွမ်းကျင်စွာ အသုံးချ နိုင်တယ်။

နောက်တစ်ခုက တိုက်ပွဲတစ်ခုရဲ့ အတိုးအဆုတ်ပေါ့။ ဘာပြီးလို့ရှိရင် ဘာလုပ်မယ်၊ ဘယ်နေရာ ရောက်လို့ရှိရင် ဘယ်နေရာရပ်မယ်၊ ဒါလည်း စနစ်တကျ ရှိတယ်။ သူတို့အသုံးပြုတဲ့ နည်းလမ်းတွေ လမ်းမရိုးတန်း နည်းလမ်း ဖြစ်တဲ့အတွက်၊ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လမ်းမရိုးတန်း နည်းလမ်းရဲ့ အတိုးအဆုတ်တွေ ရှိတာ ကို ကောင်းကောင်း အသုံးချနိုင်တယ်လို့ မြင်တယ်””

  မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment