ပုသိမ်၊ အောက်တိုဘာ ၈
ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဆန်းဆင့်ကို စွဲဆိုထားသော အစိုးရကို အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က)၊ ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှု ပြစ်မှုပုဒ်မ ၄၀၉/၁၀၉ တို့အတွက် စွဲချက် တင်ထားခြင်း ကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်ရုံး၌ စွဲချက် ပြင်ဆင်မှုအတွက် တရား လွှတ်တော်ရုံး၌ လက်ခံသင့်၊ မသင့် ကြားနာမှုကို ချိန်းဆိုထားကြောင်း ဦးဆန်းဆင့် ၏ ရှေ့နေဖြစ်သူ ဦးတင်ထွန်းက အောက်တိုဘာလ ၈ ရက်နေ့ တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဦးဆန်းဆင့်၏ ၂၃ ကြိမ်မြောက် ရုံးချိန်းဖြစ်သော အောက်တိုဘာလ ၇ ရက်က ပုဒ်မ ၄၀၉/ ၁၀၉ အတွက် သက်သေ နှစ်ဦး ခေါ်ယူ စစ်ဆေးခဲ့သော်လည်း မရောက်ရှိခဲ့ကြောင်း၊ ပုဒ်မ ၁၂၄ (က) အတွက် သက်သေ လေးဦး ကို ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
““ပုဒ်မ ၁၂၄ (က) က သက်သေ လေးယောက် စစ်တယ်။ ဦးလှစိုး၊ ဒေါ်မြစီ၊ ဦးသောင်းအေးနဲ့ Hot News ဂျာနယ်က အယ်ဒီတာချုပ် ဒေါ်မမတို့ကို စစ်တယ်။ လာမယ့် ၁၀ ရက်နေ့မှာ ကျန်တဲ့ သက်သေ နှစ်ယောက်ကို စစ် မယ်။ ၁၄ ရက်နေ့၊ အင်္ဂါနေ့ကို နောက်ဆုံး လျှောက်လဲချက် ပေးမယ်။ စစ်ပြီးတဲ့ အမှု အခြေအနေ ကတော့ နောက် ဆုံး လျှောက်လဲချက်အတွက် ဆိုတော့ ပြောလို့ မရသေးဘူး။ ၁၀ ရက်နေ့မှာ မန္တလေးတိုင်းမှာ စွဲချက် အတွက် အဲဒီအမှုကို လက်ခံသင့်၊ မခံသင့် ကြားနာဖို့ သွားရမယ်””ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်း က မြန်မာ သံတော်ဆင့်သို့ ပြောသည်။
လတ်တလောတွင် ဦးဆန်းဆင့်အား စွဲဆိုထားသည့် ပြစ်မှုပုဒ်မ ၄၁/၁၄ – ၄၀၉ အတွက် တရားလိုပြ သက်သေ ၂၈ ဦးတွင် ၁၃ ဦး စစ်ဆေးထားပြီးဖြစ် ကာ ပြစ်မှုပုဒ်မ ၄၂/၁၄ ပုဒ်မ ၁၂၄-က အတွက် တရားလိုပြ သက်သေ ၃၆ ဦး အနက် ၁၉ ဦးအား စစ်ဆေးခဲ့ကာ ၁၃ ကြိမ်မြောက် ရုံးချိန်းတွင် ဒက္ခိဏခရိုင် တရားရုံးက စွဲချက်စ တင်ခဲ့ ခြင်းဖြစ်သည်။ နိုင်ငံတော်က ဦးဆန်းဆင့်အား စွဲချက်တင်ကာ အကြိမ် ၂၀ မြောက် ရုံးချိန်းတွင် တရားလိုပြ သက်သေ ၈ ဦးအား စတင် စစ်ဆေးခဲ့ပြီး ၂၂ ကြိမ်မြောက် ရုံးချိန်းတွင် တရားခံပြ သက်သေ ငါးဦးအား စစ်ဆေး ခဲ့သည်။
““အင်္ဂါနေ့ ၁၄ ရက်မှာ လျှောက်လဲချက် ပေးပြီးတာနဲ့ ရုံးတော်က တစ်စုံတစ်ရာ အမိန့်ချမှာပါ။ ပထမတုန်းက Hot News ဂျာနယ်နဲ့ မြန်မာသံတော်ဆင့် ဂျာနယ်ကို သက်သေခေါ်စစ်ဖို့ လျာထားတယ်။ ဒီကြားထဲမှာ သန္တိသုခ ကိစ္စနဲ့ ပတ်သက်ပြီးတော့ရော၊ နိုင်ငံတော် သံဃမဟာနာယကက ဆရာတော်ကြီးတွေ နဲ့ ပတ်သက်ပြီး တော့ရော မြန်မာ သံတော်ဆင့် ဂျာနယ်ရဲ့ ဖော်ပြချက်တွေမှာ အထူးတလည် ရှင်းလင်းစရာ မလိုတဲ့ အတွက်ကြောင့် မခေါ်တော့ တာပါ။ Hot News ဂျာနယ်ကျတော့ ရှင်းလင်းစရာ အနည်းငယ် ရှိတဲ့အတွက် ကြောင့်ပါ။ သန္တိသုခ ကျောင်းတော် ကိစ္စနဲ့ ပတ်သက်ပြီး Hot News ဂျာနယ်မှာလည်း ရှင်းလင်း ထားတာတွေ ရှိတယ်လေ။ အဲဒါတွေ ရှင်းလင်း ချင်တာနဲ့ Hot News ကို ခေါ်လိုက်တာပါ””ဟု ဦးဆန်းဆင့်၏ အစ်ကိုလည်း ဖြစ်၊ ရှေ့နေ လည်းဖြစ်သူ တရား လွှတ်တော်ရှေ့နေ ဦးဆန်းမြင့်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/
No comments:
Post a Comment