Saturday, October 11, 2014

လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာတဲ့အကျဉ်းသားဟောင်းများကို ၄၀၁ လူဆိုးဟုသတ်မှတ်မည်

လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာတဲ့အကျဉ်းသားဟောင်းတွေကို ၄၀၁ လူဆိုးဟုသတ်မှတ် ပြီးသူတို့ကို မသေမချင်းစောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကအရာရှိကြီးကပြောပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့နိုင်ငံခြားသား အကျဉ်းသားတွေ အပါအ၀င် အကျဉ်းသား သုံးထောင်ကျော် ကို နိုင်ငံတော်သမ္မတအမိန့်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က လွှတ်ပေးလိုက်ပြီးနောက်ပိုင်း လွှတ်ပေးတဲ့ အကျဉ်းသားတွေ ထဲမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှု အားနည်းတဲ့အတွက် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

လွှတ်ပေးလိုက်တဲ့အထဲမှာ အများစုဟာ သူခိုး၊လူဆိုး စတဲ့ ပြစ်မှုကျူးလွန် သူတွေဖြစ်နေတာကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ဗူးလေးရာ ဖရုံဆင့်ဆိုသလို ဖြစ်လာမလားဆိုတဲ့ ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် ဒုတိယရဲမှုးကြီးမြင့်ထွေးက ဒီလူတွေရဲ့ အရင် ပြစ် ချက်ဟောင်းတွေ ကိုစောင့်ကြည့်ရ တယ်လို့ ပြောပါတယ်။
"အဲဒါကို ကျွန်တော်တို့က နယ်ထိန်းမှတ်ပုံတင် ၃၀ မှာသွင်းထားရပါတယ်။၄၀၁ လူဆိုးလို့သတ်မှတ်ပါတယ်။ထောင်လွတ်အကျဉ်းသားပါ။သူတို့ကိုစောင့်ကြည့်ရတဲ့အတွက် စောင့်ကြည့်ရတဲ့စာရင်းထဲမှာထည့်ထားပါတယ်။တကယ်လို့စောင့်ကြည့်ရင်းနဲ့ ဒီလူပျောက်သွားတယ်ဆိုလို့ရှိရင် သက်ဆိုင်ရာကို ပြန်ပြီးအကြောင်းကြား ပါတယ်။ ဒီလူ မသေမချင်း၊နောက်ပြစ်မှု မကျူးမလွန်မချင်း စောင့်ကြည့်ရပါတယ်" လို့ သူကဆိုပါတယ်။
ဒီကနေ့အောက်တိုဘာ ၁၁ ရက်နေ့ မနက် ၉ နာရီမှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှာ ပြုလုပ်တဲ့ ရဲလုပ်ငန်းစဉ်အကြောင်းသတင်းစာရှင်းလင်းပွဲမှာ News Watch က ဝေဖန်မှုတွေထွက်ပေါ်နေမှုအပေါ်မေးမြန်းခဲ့တဲ့အတွက် အဲဒီလို ပြန်လည် ပြောကြားခဲ့တာပါ။
လွတ်ရက်မစေ့သေးခင်မှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁ အပိုဒ်ခွဲ(၁)အရ လွတ်မြောက်ခဲ့တဲ့အကျဉ်းသားတွေကတော့ မြန်မာနိုင်ငံသား အကျဉ်းသားက ၃၀၁၅ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသားက ၅၈ ဦးဖြစ်ပြီး ရန်ကုန် အင်းစိန်၊ မန္တလေး အိုးဘို၊ တောင်ငူ၊ မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအိုနဲ့ ရွှေဘို စတဲ့အကျဉ်းထောင်တွေကနေ လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ အရင်စစ်အစိုးရလက်ထက် က အကျဉ်း ကျခံထားရတဲ့ ဗိုလ်မှူးချုပ် သိန်းဆွေ၊ ဗိုလ်မှူးကြီးအောင်ဇော်၊ ဗိုလ်မှူးမင်းသူ တို့အပါအ၀င်ထောက်လှမ်းရေးအရာရှိဟောင်းတချို့ ပါဝင်ကြတယ်လို့သိရပါတယ်။
မေငယ်

Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment