[ Opinion ]
အောက်တိုဘာလ ၅ ရက်နေ့က ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနဲ့
မဟာဗန္ဓုလလမ်းထောင့်မှာ ရှိတဲ့ အဆောက်အအုံပေါ်က ပန်းချီကဖေး တစ်ခုမှာ
ညှိုးငယ်စွာ ကျင်းပခဲ့ရတဲ့ ကမ္ဘာ့ဆရာများနေ့ကို တက်ရောက်ခွင့် ရခဲ့ပါတယ်။
ကမ္ဘာ့ဆရာများနေ့ကို ရန်ကုန်မှာ ကျင်းပမယ်ဆိုလို့ ကြီးကျယ်ခမ်းနားစွာ
ကျင်းပလိမ့်မယ် ထင်ထားတာ ခုတော့ ပန်းချီခန်းမဆိုတဲ့ နေရာလေးမှာ
ကျဉ်းမြောင်းကျပ်တည်းစွာ ကျင်းပတာကို ကြုံလိုက်ရတော့ စိတ်ထဲမှာ
ငါတို့ဆရာတွေဘဝ ခုထက်ထိ မြောင်းထဲက မတက်သေးပါလားဟလို့ စိတ်မချမ်းမသာ
ဖြစ်မိတယ်။
တာဝန်ရှိသူတွေကို ဘာဖြစ်လို့ ကမ္ဘာ့ဆရာများနေ့လို
အခမ်းအနားကြီးကို ဒီလိုနေရာလေးမှာ လာကျင်းပရတာလဲ။ တကယ်ဆိုရင် တက္ကသိုလ်က
ဆရာများအဖွဲ့ချုပ် ဆိုတာက ကြီးမှူးကျင်းပတာပဲ၊ တက္ကသိုလ်နယ်မြေက
ခန်းမကြီးတစ်ခုခုမှာ မဖြစ်တာတောင်၊ ကျောင်းတစ်ကျောင်းမှာ ကျင်းပတော့
ဘာဖြစ်မှာလဲဆိုပြီး ရင်ထုမနာ မေးကြည့်လိုက်တော့ ပိုက်ဆံမရှိလို့ အလကားရတဲ့
ခန်းမမှာ လာလုပ်ရတာ၊ ဒီအခမ်းအနားအတွက် လိုအပ်တဲ့ ကျွေးမွေးစရိတ်တောင်
စပွန်ဆာရှိလို့ ကျွေးနိုင်တာလို့ ပြောသံကြားလိုက်ရတော့
ပြောချင်ဆိုချင်စိတ်တောင် ကုန်သွားမိတယ်။
ရန်ကုန်မှာ ဆရာများနေ့ကို
စိတ်ဓာတ်တွေနဲ့ စုစည်းပြီး ကျင်းပနေချိန်မှာ နေပြည်တော်
မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-II) မှာလည်း
နိုင်ငံတော်ပွဲအနေနဲ့ ကျင်းပနေပြီးတော့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း
ကိုယ်တိုင် တက်ရောက်ချီးမြှင့်နေတယ် ဆိုတဲ့ သတင်းကိုလည်း ဖတ်လိုက်ရပါတယ်။
နေပြည်တော်ဆိုတာ ပေါ်လာပြီးမှာ ရန်ကုန်မြို့တော် ဆိုတာလည်း အညှိုးနဲ့
ချောင်ထိုးခံထားရတဲ့ မြို့တော်ဟောင်းကြီးတစ်ခု ဖြစ်မှန်းမသိ
ဖြစ်လာရတယ်ဆိုတာ သတိထားလေ၊ အသိတရားတွေ ဝင်လာလေပါပဲ။
ဒီနှစ်
ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်က “Invest in the Future, Invest in Teachers”
ဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့ဆရာများနေ့ ဒုတိယသမ္မတ ပြောသွားတဲ့မိန့်ခွန်းကို
လေ့လာ သုံးသပ်ကြည့်လိုက်တော့ Invest ကို ကိုယ့်နိုင်ငံ ကိုယ့်အစိုးရက
ဘာတွေလုပ်ပေးနေပါတယ် ဆိုတာ ပီပြင်အောင် ပြောသွားတာမရှိဘဲ British Council
ကနေ စတာလင်ပေါင် ၄ ဒသမ ၇ သန်း တန်ဖိုးနဲ့ ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ် ၂၁
ကျောင်းမှာ အင်္ဂလိပ်ဘာသာ တိုးတက်စေရန် လုပ်ဆောင်ပေးနေပါတယ် ဆိုတာလောက်ကို
ပြောကြားသွာတာ တွေ့လိုက်ရတယ်။ ခေါင်းဆောင်တွေလား၊ ခေါင်းရှောင်တွေလား၊
ပညာရေးမှာ စေတနာပါပါ လုပ်နေသလား၊ မလုပ်ဘူးလားဆိုတာ အထင်းသား
ပေါ်လွင်နေပါတော့တယ်။ ဒီနေရာမှာ ပညာရေး ဝန်ကြီးဌာနက ပူးပေါင်းပြီး
အဲဒီလုပ်ငန်းမှာ ဆောင်ရွက်နေပါတယ် ဆိုတာလောက်နဲ့ အမှတ်ဝင်ယူပြတဲ့
အပြောမျိုးတွေကလည်း မြန်မာနိုင်ငံမှာ ရိုးနေပါပြီ။ မပူးပေါင်းရင်
ဒူးခေါင်းနားတောင် ကပ်လို့မရအောင် ချုပ်ကိုင်ထားတယ်ဆိုတာ စေတနာ့ဝန်ထမ်း
လုပ်ဆောင်ပေးချင်ကြတဲ့၊ အဖွဲ့အစည်းတိုင်း သိနေကြတဲ့ကိစ္စ ဖြစ်ပါတယ်။
ကမ္ဘာ့ဆရာများနေ့ကို ယနေ့အထိ ကိုးနှစ်တိုင်တိုင် မပြတ်ကျင်းပနေခဲ့တဲ့
ပဲခူးမြို့က ဆရာတွေကို ဆက်သွယ်ပြီး ဒီနှစ် ကမ္ဘာ့ဆရာများနေ့ ကျင်းပပုံနဲ့
ပတ်သက်ပြီး မေးကြည့်မိပါတယ်။ ကမ္ဘာ့ဆရာများနေ့ကို တောက်လျှောက် တက်ကြွစွာ
စည်းရုံးပြီး ခမ်းနားစွာ ကျင်းပခဲ့တဲ့ ဆရာတစ်ဦးက ယခုနှစ် ဆရာကြီး ဆရာမကြီး
အယောက် ၁၄၀ ကို ကန်တော့နိုင်ခဲ့ကြောင်း ဝမ်းသာအားရ ပြောပြတဲ့အတွက်
သာဓုလည်း ခေါ်မိတယ်။ သူတို့ ကန်တော့ငွေ တွေကလည်း အသက် ၇၀ ကနေ ၈၀ အတွင်းကို
ငါးသောင်းကျပ်၊ ၈၀ ကနေ ၉၀ အတွင်းကို ခုနစ်သောင်းကျပ်၊ ၉၀ ကနေ ၁၀၀ အတွင်းကို
တစ်သိန်းကျပ်၊ ၁၀၀ နဲ့ အထက်ကို တစ်သိန်းခွဲကျပ် သတ်မှတ်ပြီး
ကန်တော့တယ်ဆိုတာ သိရတယ်။
ဘဝ နေဝင်ချိန်မှာ “ဆေးလိပ်လည်းတို၊
နေလည်းညိုပြီး၊ ငါ့ကိုပြန်ပို့ကြပါတော့” ဆိုကာ အချိန်စောင့်နေတဲ့ ဆရာတွေကို
ခုလို ထောက်ပံ့ကူညီ ကန်တော့နိုင်ခဲ့တာကတော့ ပရောဂျက်ပြစားပြီး
ဂုဏ်ထူးဆောင်ဆုတွေ ယူနေသူတွေထက် မွန်မြတ်တဲ့ စေတနာ အလှူလို့ပဲ
မှတ်ယူမိပါတော့တယ်။
“ဒီနှစ် ကျွန်တော်တို့ ဆရာကြီး ဆရာမကြီးတွေကို
ကန်တော့တဲ့ပုံစံက ခါတိုင်းနဲ့ မတူဘူး။ ဒီနှစ် ကျောင်းကောင်စီ လက်ထဲကို
အပ်ပြီး ကျောင်းသားတွေ ဦးစီးဦးဆောင် လုပ်နိုင်အောင် သူတို့ကို
ရှေ့တန်းတင်ပေးထားတယ်။ နှစ်တိုင်းက ဆရာအိုကြီးတွေကို ဆရာတွေကပဲ
ဦးဆောင်လုပ်တဲ့ ပွဲကနေ ကန်တော့နေတာ ဆိုတော့ ဆရာတွေ အခန်းကဏ္ဍက
ရှေ့ရောက်ပြီး၊ ကျောင်းသားတွေ ကဏ္ဍက ပျောက်နေတယ်။ ဒီနှစ်တော့
ကျောင်းသားတွေကို မင်းတို့ ကန်တော့ချင်ရင် မင်းတို့ဘာသာလုပ်၊ ဆရာတို့က
ဝန်းရံပေးမယ်ဆိုပြီး စလုပ်ကြည့်တာ။ အောင်မြင်တယ်လို့ ပြောရမယ်။
ကျွန်တော်တို့ ကျောင်းတွေမှာက ကျောင်းကောင်စီလို့သာ ဖွဲ့ထားတာ။
ဘာမှလုပ်နိုင်ကြတာ မဟုတ်ဘူး။ ကျောင်းကောင်စီ ဆိုတာကို ကျောင်းသား
အဖွဲ့အစည်းတစ်ခု၊ ကျောင်းသားလှုပ်ရှားမှု အသွင်တစ်ခု အနေနဲ့
ဖော်ဆောင်နိုင်အောင် ကျွန်တော်တို့ လုပ်ရမယ်။ လုပ်နိုင်တဲ့ ဘောင်ထဲကနေ
တရားဝင် လုပ်နိုင်အောင် ကျွန်တော်တို့ လမ်းညွှန်ရမယ်။ နောက်နှစ်ဆိုရင်
ဆရာကန်တော့တယ် ဆိုတာ သူတို့ကိုယ်တိုင် ဦးဆောင်ပြီး လုပ်တဲ့
တစ်မြို့နယ်လုံးနဲ့ဆိုင်တဲ့ ကျောင်းကောင်စီအဖွဲ့ကြီးရဲ့ လှုပ်ရှားမှုမျိုး
ဖြစ်အောင် သူတို့ကိုပဲ လုပ်ခိုင်းရမယ်။ ကျွန်တော်တို့က ဘေးက ရံပေးမယ်”
အထက်ကစကားကို ကျဉ်းထဲကျပ်ထဲမှာ မလူးသာမလွန့်သာ ဖြစ်ခဲ့ရတဲ့ ဆရာတစ်ဦးကနေ
ပြောခဲ့တာပါ။ ကျွန်တော်တို့ဟာ မလုပ်ရဘူး၊ လုပ်ခွင့်မရှိဘူးဆိုတိုင်း
မလုပ်တော့ဘူးလို့ ပစ်ထားလိုက်ရင် လူညံ့၊ လူတုံးတွေ ဖြစ်သွားတော့မှာပေါ့။
ဓားကို ခုတ်မရဘူးဆိုပြီး ပစ်ထားလိုက်ရင် သံချေးတက်ပြီး ပိုတုံးသွားမှာပေါ့။
မရရင် ရတဲ့ဘက်ကနေ ရတဲ့နည်းနဲ့ လှုပ်ရှားမယ်ဆိုပြီး ကြိုးစားနေတဲ့
အဖွဲ့အစည်းတွေ၊ ဆရာစိတ်ရှိသူတွေကိုတော့ ချီးကျူးဂုဏ်ယူလို့ မဆုံးပါဘူး။
မြန်မာနိုင်ငံ ဆရာများအသင်းချုပ် ဆိုတာ တရားဝင် ရပ်တည်ခွင့် ရှိသေးတာ
မဟုတ်ပေမယ့် စိတ်ဓာတ်ညီရင် ရပ်တည်လို့ ရတယ်ဆိုတဲ့ တက္ကသိုလ်က ဆရာတွေအဖွဲ့ကို
လေးစားချီးကျူး ဂုဏ်ပြုမိပါတယ်။ ဒီနှစ်မှာ ဆရာအဖွဲ့ကို အသိအမှတ်မပြုလို့
အလကားရတဲ့ အခန်းလေးထဲမှာ ဖြစ်သလို လုပ်လိုက်ရတယ်ဆိုတဲ့ အဖြစ်မျိုး
နောက်နှစ်မှာ မကြုံတွေ့ရအောင် လမ်းဘေးကို ပို့ထားတဲ့ အစိုးရမင်းများ
နောင်တရစေဖို့ နောက်နှစ်ဆိုရင် လမ်းဘေးမှာထိုင်ပြီး ဆရာတွေအားလုံး ပါဝင်တဲ့
ကမ္ဘာ့ဆရာများနေ့ကို ကျင်းပကြရအောင်လားလို့ တိုက်တွန်းနှိုးဆော်
အကြံပြုလိုက်ရပါတယ်ဗျာ။
အငြိမ်းစားကျောင်းဆရာတစ်ဦး
-------------------------------
(ဤကဏ္ဍတွင် ဖော်ပြချက်များသည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး The Voice ၏ အာဘော် မဟုတ်ပါ)
Credit - The Voice Weekly
No comments:
Post a Comment