[ Letter to Editor ]
အယ်ဒီတာခင်ဗျား
လွှတ်တော်က ပြည်သူ့ကိုယ်စားလှယ်ကြီးများ လွှတ်တော်တွင် တင်ပြဆွေးနွေးနိုင်ရန် လည်းကောင်း၊ အများပြည်သူ သုံးသပ်ဆင်ခြင်နိုင်ရန်အတွက် လည်းကောင်း တင်ပြအပ်ပါသည်။
၂၁.၉.၂၀၁၄ နေ့က ည ၇ နာရီ ကျော်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ အင်းစိန်လမ်း အမှတ် ၈၂၊ ခဝဲခြံ သပြေသာ ဘုန်းကြီးကျောင်းရှေ့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တစ်ခုကို တင်ပြလိုပါသည်။
ထိုနေ့က ထောင်ကလွတ်သည်မှာ တစ်လခန့်သာ ရှိသေးပြီး အရက်မူးနေသူ တစ်ဦးသည် ကိုးလအရွယ် ကလေးအမေ ဇနီးဖြစ်သူနှင့် လမ်းတစ်လျှောက် စကားများ ရန်ဖြစ်လာကြပါသည်။ သူတို့
အိမ်သို့ ရောက်သောအခါ ထိုထောင်ထွက် အရက်မူးသူက မိန်းမကိုရော ယောက္ခမကိုပါ သံတူရွင်းနှင့် ရိုက်ပါသည်။
သမီးရော ဖခင်ဖြစ်သူပါ ဒဏ်ရာ ပြင်းထန်စွာ ရရှိကြပြီးနောက် ဖခင်ဖြစ်သူမှာ ကျပန်း အလုပ်သမား တစ်ဦးဖြစ်သဖြင့် ဒဏ်ရာရနေသော်လည်း ဆေးဖိုး မတတ်နိုင်သောကြောင့် မကုသနိုင်ဘဲ အလုပ် ဆက်ဆင်းနေရပါသည်။ သမီးဖြစ်သူကမူ ဒဏ်ရာ ပြင်းထန်သောကြောင့် အင်းစိန်ဆေးရုံကို ညတွင်းချင်း တင်ရပါသည်။
ဆေးရုံက လူနာကို ဆေးရုံကားဖြင့် လာကြို ပေးရသည့်အတွက် လူနာတင်ယာဉ်ခ ကျပ်တစ်သောင်း တောင်းပါသည်။ ဆေးရုံတွင် ကောင်မလေးကို ခြောက်ချက် ချုပ်လိုက်ရပါသည်။ ရိုက်သည့် ကောင်လေးကို ရဲစခန်းက ဖမ်းသွားပြီး သံတူရွင်းကိုပါ သိမ်းသွားပါသည်။
ကောင်မလေးဘက်က ပိုက်ဆံမရှိသဖြင့် အမှုမဖွင့်တော့ဘဲ ကောင်လေးကို ကွာရှင်းရန် ဆုံးဖြတ်ထားသဖြင့် ရဲစခန်းကလည်း အမှုဖွင့်သူ မရှိသောကြောင့် ကောင်လေးကို ပြန်လွှတ် ပေးလိုက်ပါသည်။
သံတူရွင်းနဲ့ အရိုက်ခံရသည့် ကောင်မလေးသည် ၂၉.၉.၂၀၁၄ နေ့မှ ချုပ်ရိုး ဖြေရပါသည်။ ကျွန်တော်တို့ သိချင်တာက ကာယကံရှင်ဖြစ်သူ ကောင်မလေးက ပိုက်ဆံမရှိလို့ တရားမစွဲဘူး ဆိုတာနဲ့ ကောင်လေးကလည်း သူ့မိဘအိမ်ကို ပြန်နေလိုက်ရင် ပြီးသွားပါသလား။
ရပ်ကွက်ထဲမှာ မူးယစ်သောက်စား ရမ်းကားချင်တိုင်း ရမ်းကားပြီး အမှုလုပ်သူ၊ တရားစွဲသူ မရှိရင် ကျူးလွန်နေသည့် လူရမ်းကားများကို ဒီအတိုင်းပဲ ပြန်လွှတ် ပေးလို့ရသလား သိချင်ပါသည်။ ဒီလို ရမ်းကားချင်တိုင်း ရမ်းကားခွင့် ပြုနေလျှင် အမျိုးသမီးတွေနှင့် ကလေးတွေ ဘဝဟာ ဘယ်မှာလုံခြုံမှု ရှိပါတော့မည်နည်း။
ငွေရှိမှ တရားစွဲနိုင်၊ ငွေများမှ တရားနိုင်၊ ငွေမရှိရင် ခြိမ်းခြောက် သောင်းကျန်းချင်တိုင်း ငုံ့ခံနေကြရသည့် ပြည်သူတွေ အမှန်တကယ် ခံစားနေကြရသော တကယ့်ဘဝများကို ပြည်သူ့ ကိုယ်စားလှယ်ကြီးတွေ သိထားစေချင်သဖြင့် ဤစာကို ရေးပါသည်။
(ရပ်ကွက်နေပြည်သူတစ်ဦး)
Credit - The Voice Weekly

No comments:
Post a Comment