#emg_opinions
Written by : ဒေါက်တာရန်မျိုးသိမ်း
အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲတို့နှင့် ဆက်စပ်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ရှေ့မတိုး၊ နောက်မဆုတ်ဖြစ်နိုင်ခြေ၊ ရပ်တန့်နိုင်ခြေ မြင့်မားနေသော အခါသမယတွင် ငြိမ်းချမ်းရေးအလှူရှင်ကြီး
တစ်ဦးဖြစ်သော ဥရောပသမဂ္ဂအနေဖြင့် စိုးရိမ်ပူပန်မှုဒီရေမြင့် တက်လျက်ရှိသည်ဟု
သုံးသပ်နိုင်သည်။ စိုးရိမ်စိတ် မြင့်မားနေသောဥရောပသမဂ္ဂသည် အစိုးရနှင့်
ပုလင်းတူဘူးဆို့ အခင်းအကျင်းကို ရှောင်ရှားလျက် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဗျူ ဟာမြောက် ချဉ်းကပ်ကြားဝင်ပေးနိုင်ရေးကို မျက်မှောက်ပြုသင့်သည်။
လွတ်လပ်ပြီးခေတ် မြန်မာ့နိုင်ငံရေးသမိုင်း၏ အမျိုးသားညီညွတ်ရေးနှင့်
ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အစိုးရအဆက်ဆက်သည်
ဩဇာကြီးမားသောကြားနေသူ သို့မဟုတ် ကြားဝင်သူများ၏ အခန်းကဏ္ဍကို
ရည်ရွယ်ချက်ရှိရှိ ပစ်ပယ်ခဲ့သည်ချည်းသာ ဖြစ်သည်။
ဆရာကြီး
သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း၊ ဗိုလ်မှူးချုပ်ဟောင်း
ကျော်ဇောအပါအဝင် နိုင်ငံရေးအစဉ်အလာနှင့် ဩဇာကြီးသူများ ကမကထပြုသည့်
ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုများကိုလည်း မျက်ကွယ်ပြုခဲ့ကြသည်ချည်း ဖြစ်သည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ပြည်တွင်းငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်မှုများကိုလည်း
မသိမသာ သို့မဟုတ် သိသိသာသာ ကန့်လန့်ကာချခဲ့၊ မသိကျိုးကျွန်ပြုခဲ့၊
ဘေးဖယ်ခဲ့သည်ချည်း ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေးခေတ်လွန်
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်စကာလမှ မျက်မှောက်ခေတ်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အထိ ကြားဝင်ဆောင်ရွက်မှုအပိုင်းသည် အားနည်းဆဲဖြစ်သည်မှာ မတိမ်းမစောင်း သုံးသပ်နိုင်သည်။
မျက်မှောက်မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင်
ကြားနေသူမရှိ၊ ကြားနေသယောင်နှင့် ဘက်လိုက်သူများ၊ ကြားဝင်သူမရှိ၊
ကြားဝင်သယောင် နှင့်အစိုးရဘက် ပင်းနေသူများသာရှိနေသည့် အခင်းအကျင်းသည်
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်
လားလားမျှ မအပ်စပ်ဟု သုံးသပ်နိုင်သည်။ ကြားနေသူ သို့မဟုတ်
ကြားဝင်ဆောင်ရွက်သူသည် အလယ်ကလူ စစ်စစ်ဖြစ်ပြီး နှစ်ဖက်အပေါ်
ဩဇာရှိရမည်ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့်
အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် ကြားဝင်သူစစ်စစ် ကွက်လပ်ဖြစ်နေသည့် အနေအထား၌ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဗျူဟာမြောက် ကြားဝင်ညှိနှိုင်းဆောင်ရွက်နိုင်ရေးကို ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စု နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အနေဖြင့်
စဉ်းစားသုံးသပ်သင့်သည်။ လေ့လာသူအနေအထားမှ ဗျူဟာမြောက်
ကြားဝင်ညှိနှိုင်းသူအဖြစ် ပြောင်းလဲပါဝင်နိုင်ရေးကို
မျက်ခြည်မပြတ်သင့်ကြောင်း၊ ကြားဝင်ဆောင်ရွက်နိုင်ခဲ့မည်ဆိုလျှင် အစိုးရဘက်သာသာ ထိုးထိုးရပ်သည့်သူများ မဖြစ်ရေးကိုလည်း သတိကြီးကြီးထား ဆင်ခြင်သင့်ကြောင်း အကြံပြုတိုက်တွန်း လိုပါသည်။
သောင်မတင် ရေမကျ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံတကာအခန်းကဏ္ဍ၌ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံပြီးလျှင် ဥရောပသမဂ္ဂသည် ဩဇာအကြီးမားဆုံး ဖြစ်သည်။ ဥရောပသမဂ္ဂသည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ယူရို သန်းကိုးဆယ်ကျော် ထောက်ပံ့ထားသဖြင့် ဘဏ္ဍာရေးအရ ဩဇာတည်ဆောက်ထားပြီးဖြစ်သည့်အပြင် ၂ဝ၁၃ ခုနှစ် ဧပြီလတွင် စစ်လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းမှလွဲ၍ ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းခဲ့ပြီးဖြစ်သဖြင့်
နိုင်ငံရေးအရလည်း အတိုင်းအတာတစ်ခုအထိ ဩဇာညောင်းဖွယ်ဟု သုံးသပ်နိုင်သည်။
အဆိုပါအခင်းအကျင်းတွင် ဥရောပသမဂ္ဂအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ နိုင်ငံတကာအနေဖြင့် ကြားဝင်ဆောင်ရွက်နိုင်မည့် စီမံချက်တစ်ခုကို ပုံကြမ်းထုတ်နိုင်မည်ဆိုလျှင် ပိုမိုအားကောင်းမောင်းသန်နိုင်သည်ဟု ကောက်ချက်ပြုနိုင်သည်။
၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် ဥရောပသမဂ္ဂသံအမတ်ကြီး ရိုလန်ကိုဘီရာ (Roland Kobia) နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအင်န်အက်ဖ်စီ)အဖွဲ့ဝင်များနှင့်
တွေ့ဆုံဆွေးနွေးပြီးနောက် အောက်တိုဘာ ၂ ရက်တွင် သဘောထားကြေညာချက်ကို
ထုတ်ပြန်ခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်
တွေ့ဆုံလျက် ပွင့်ပွင့်လင်းလင်း ဆွေးနွေး အမြင်ဖလှယ်သည့် နည်းတူ အစိုးရ၊
တပ်မတော်တို့နှင့် တွေ့ဆုံလျက် ပွင့်လင်းမြင်သာစွာ
ဆွေးနွေးညှိနှိုင်းနိုင်မည်ဆိုလျှင် ပိုမိုလျော်ကန်သင့်မြတ်နိုင်ကြောင်း စိတ်ကူးပေါ်မိသည်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အမြန်ဆုံးအပြီးသတ်ချုပ်ဆိုပြီး
ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရည်ရွယ်ကာ အားလုံးပါဝင်သော
နိုင်ငံရေးဆွေးနွေးပွဲများ စတင်ဆောင်ရွက်ရန် လိုအပ်သည်ဟု
ဥရောပသမဂ္ဂသံအမတ်ကြီး ရိုလန်ကိုဘီရာ က အောက်တိုဘာ ၂ ရက်တွင်
အလေးပေးပြောကြားခဲ့သည်။ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်
တည်ငြိမ်အေးချမ်းရေးက တစ်ဖက်၊ လူမှုစီးပွားတိုးတက်ရေး၊ ဖွံ့ဖြိုးရေးနှင့်
အထူးသဖြင့် ပဋိပက္ခဒေသများအပါအဝင် တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေးက
တစ်ဖက်အကြား တိုက်ရိုက်ဆက်စပ်နေကြောင်းကိုလည်း
ကိုဘီရာက ဖြည့်စွက်ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေး ကျယ်ပြန့်လေ
ဖွံ့ဖြိုးတိုးတက်မှု ကျယ်ပြန့်လေဟူသော ယူဆချက်သည် မငြင်းနိုင်သော်လည်း
ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အစိုးရ၏ တာဝန်ရှိမှုသည် လက်နက်ကိုင်အဖွဲ့များ၏ တာဝန်ရှိမှုထက် ပိုမိုမြင့်မားသည့်အချက်ကို မျက်ခြည်မပြတ်ရေး ထုတ်ဖော်ပြောဆိုရန် ဥရောပသမဂ္ဂအနေဖြင့် တွန့်ဆုတ်မနေသင့်ပါ။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို
အမြန်ဆုံးအပြီးသတ် ချုပ်ဆိုနိုင်ရေး ဥရောပသမဂ္ဂ၏ အဆိုပြုတိုက်တွန်းမှုသည်
ကြောင်းကျိုးဆီလျော်သော်လည်း
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဦးတည်သည့် အားလုံးပါဝင်သော
နိုင်ငံရေးဆွေးနွေးပွဲများ စတင်ဆောင်ရွက်ရန် လိုအပ်သည် ဟု အဆိုပြုမှုတွင်
ဆင်ခြင်သင့်သော အချက်များရှိနေသည်ကို ထောက်ပြလိုသည်။
အပစ်အခတ်ရပ်စဲရေးစာချုပ်ကို
မြန်မြန်ချုပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ မြန်မြန်စရေးဘက် ဦးတည်သော
ဥရောပသမဂ္ဂ၏ အသံသည် မြန်မာအစိုးရ၏ လတ်တလော လေသံများနှင့်
သံတူကြောင်းကွဲဖြစ်နေမည်ကို သုံးသပ်ဆင်ခြင်သင့်သည်။
အထွေထွေရွေးကောက်ပွဲ ကျင်းပရန် တစ်နှစ်စွန်းစွန်းသာ ကျန်ရှိသောကာလတွင် နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ခြင်းသည် ကြောင်းကျိုးဆီလျော်မှုမရှိသည့်အပြင် အထွေထွေရွေးကောက်ပွဲမတိုင်မီနှင့် အလွန်ကာလ ကိုယ်စားလှယ်ရွေးချယ်မှုအပိုင်းတွင်လည်း
ကွဲပြားခြားနားမှုများစွာ ရှိနေနိုင်သည့်အချက်ကို အလေးအနက်စဉ်းစားသင့်သည်။
၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နှင့် အလွန်နိုင်ငံရေး အခင်းအကျင်းသည်
ဇောက်ထိုးမိုးမျှော်ဖြစ်နိုင်ခြေရှိသည့်အလျောက် ရေရှည်ဖော်ဆောင်ရမည့် နိုင်ငံရေးဆွေးနွေးပွဲများကို ရွေးကောက်ပွဲအပြီးမှ စတင်ခြင်းသည် ပိုမိုကြောင်းကျိုးဆီလျော်မည်ဟု သုံးသပ်နိုင်သည်။ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲ မစတင်မီ ကြားကာလသည် ဆွေးနွေးပွဲပြင်ဆင်ရေးကာလသာ ဖြစ်သင့်ကြောင်း ဥရောပသမဂ္ဂအနေဖြင့် ဆွေးနွေးဖက်များကို ညှိနှိုင်းဆွေးနွေးနိုင်မည်ဆိုလျှင် အတိုင်းထက်အလွန်ဟု ဆိုရမည်ဖြစ်သည်။
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသို့ ဦးတည်နိုင်ရေးတွင် အုတ်မြစ်ကဲ့သို့ ခိုင်မာသောအပစ်ရပ်သဘောတူစာချုပ်သည် အသက်သွေးပင်ဖြစ်သည်။ ရေရှည်တည်တံ့ဖွယ်မရှိသော အပစ်ရပ်စာချုပ်သည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၏ အစကောင်းမဖြစ်နိုင်ပေ။
အစကောင်းမှ အနှောင်းသေချာသကဲ့သို့၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ရေရှည်တည်တံ့နိုင်မည့်ဘက်တွင် အခြေပြု နိုင်ရေးကိုလည်း မျက်ခြည်မပြတ်သင့်ကြောင်း ဥရောပသမဂ္ဂအနေဖြင့် လမ်းကြောင်းပြသင့်သည်။
ဥရောပသမဂ္ဂအနေဖြင့် လတ်တလောညှိနှိုင်းဆွေးနွေးမှုများ၏ အရေးပါမှုနှင့်ရှုပ်ထွေးမှုကို နားလည်သဘောပေါက်ပြီး ဆွေးနွေးပွဲများ၏ ရလဒ်များသည် ကြီးမားသောတိုးတက်ပြောင်းလဲမှုများဆီ
ဦးတည်နေကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်
လက်မှတ်ရေးထိုးခြင်းအလွန် ဖြစ်ပေါ်လာမည့် တည်ငြိမ်လုံခြုံသောပတ်ဝန်းကျင်သည် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ရင်းနှီးမြှုပ်နှံမှုသစ်များ၊ လုပ်ငန်းသစ်များကို ဖိတ်ခေါ်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါအခြေအနေသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာပြည်သူလူထုအတွက် အားကောင်းသော အညွှန်းကိန်းဖြစ်ကြောင်း၊ ပဋိပက္ခ၊ ဒုက္ခသုက္ခ၊ ဖွံ့ဖြိုးမှုနိမ့်ကျခြင်းတို့ကို အဆုံးသတ်ပြီး၊ တိုင်းပြည်နှင့်မြန်မာပြည်သူလူထုအကျိုးအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သည့် စိတ်ဓာတ်ကိုဖော်ပြရန် ဆွေးနွေးဖက်များအားလုံးကို တိုက်တွန်းကြောင်း ဖော်ပြခဲ့သည်။ ဥရောပသမဂ္ဂသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံရေး နှင့်ဘဏ္ဍာရေးအရ အများဆုံးအထောက်အပံ့ပြုရသဖြင့် ဂုဏ်ယူပါကြောင်းနှင့် ဆွေးနွေးဖက်များ၏ အဆိုပြုချက်အရ နောက်တစ်ဆင့်သို့ အတူလိုက်ပါကူညီရန် ရည်ရွယ်ကြောင်းလည်း အသိပေးခဲ့သည်။
ဥရောပသမဂ္ဂ၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်
ဘဏ္ဍာရေးသာမက နိုင်ငံရေးအရလည်း မြင့်မြင့်မားမား အရေးပါသည့်အလျောက်
ငြိမ်းချမ်းရေးဖြစ်စဉ်၏ အတိုး၊ အဆုတ်များကို စနစ်တကျ ချဉ်းကပ်လေ့လာနိုင်ရန်
လိုအပ်မည်ဖြစ်သည်။
ဘဏ္ဍာရေးအထောက်အပံ့သည် တိုင်းရင်းသားပြည်သူလူထုကို ဦးတည်ပေးအပ်ခြင်းဖြစ်သည့်အလျောက် ဥရောပသမဂ္ဂအနေဖြင့် ငွေကြေးအထောက်အပံ့များ သုံးစွဲမှုကို ပွင့်လင်းမြင်သာမှုရှိရှိ ချဉ်းကပ်စာရင်းစစ်ဆေးနိုင်ရန်
လိုအပ်သည့်အပြင် ငွေစာရင်းရှင်းတမ်းကို တိုင်းရင်းသားပြည်သူလူထု
သိရှိနိုင်အောင် ထုတ်ပြန်ပေးနိုင်ရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာ
ဥရောပသမဂ္ဂ၏ ကူညီထောက်ပံ့မှုအပေါ် တိုင်းရင်းသားပြည်သူလူထုအနေဖြင့် အပြည့်အဝယုံကြည်နိုင်ပြီး အစိုးရနှင့်ပင်းနေသည်ဟူသော ကောက်ချက်များကို ယိုင်နဲ့စေနိုင်မည်ဖြစ်သည်။ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်
ဥရောပသမဂ္ဂအနေဖြင့် အစိုးရ၊ အစိုးရအလိုတော်ရိ၊ အစိုးရဘက်သားများနှင့်
ထိတွေ့ဆက်ဆံမှုများ၊ ပလူးပလဲလုပ်မှုများကို ဆင် ခြင်နိုင်ရန်လိုအပ်သည်။
အစိုးရ၊ အစိုးရအလိုတော်ရိများ၊ ဘက်တော်သားများနှင့် လိုသည်ထက်ပိုသော
ပလူးပလဲအပြုအမူများကို အကြောင်းပြုလျက် တိုင်းရင်းသားပြည်သူလူထုအနေဖြင့်
ဥရောပသမဂ္ဂကို အစိုးရနှင့် ပုလင်းတူဘူးဆို့ဟု အလွယ်တကူသတ်မှတ်နိုင်ခြေ
ရှိသည်။ ထို့အပြင် ဥရောပသမဂ္ဂသည် အစိုးရကိုယ်စား၊ အစိုးရ၏အသံများကို
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံအသိပေးသည့် သဘော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိအားပေး ဘေးကျပ်နံကျပ်ဖြစ်စေမည့်သဘော၊ ဖွံ့ဖြိုးတိုးတက်ရေးမက်လုံးနှင့် သွယ်ဝိုက်စကားသွင်းသည့် သဘောမဖြစ်ရေးအတွက် ဆင်ခြင်သုံးသပ် ချဉ်းကပ်နိုင်ရန် အရေးကြီးသည်။
အချုပ်အားဖြင့်ဆိုသော် ဥရောပသမဂ္ဂသည် နိုင်ငံရေးအရ အစိုးရ နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား
ကြားနေရပ်တည်နိုင်ရန် ပဓာနကျသည်။ သမာသမတ်ရှိရှိ ဘက်မလိုက်ရပ်တည်လျက်
နိုင်ငံရေးနှင့် ဘဏ္ဍာရေးအထောက်အပံ့များကို ကျောထောက်နောက်ခံပြုပြီး၊
ငြိမ်းချမ်းရေးအလယ်လူ သို့မဟုတ် ကြားဝင်ညှိနှိုင်းသူစစ်စစ်ပုံစံ ရပ်တည်နိုင်မည်ဆိုလျှင် မြန်မာ့ငြိမ်းချမ်းရေးအနာဂတ်သည် ပိုမိုထွန်းလင်းမည်ဟု သုံးသပ်နိုင်သည်။ ဥရောပသမဂ္ဂအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးမက်လုံးများဘက်ကို အာသာငမ်းငမ်းဖြစ်လျက် အာဏာရအစိုးရ၊ အလိုတော်ရိများနှင့် အလိုတော်ရိအဖွဲ့အစည်းများဘက်
မသိမသာ ရပ်တည်မည်ဆိုလျှင် တိုင်းရင်းသားပြည်သူလူထု၏
ဆန့်ကျင်တုံ့ပြန်ခြင်းကို ခံရနိုင်သည့်အပြင် နိုင်ငံရေးအရလည်း
ဂုဏ်သိက္ခာပွန်းပဲ့နိုင်ခြေရှိပြီး အစိုးရနှင့်ပုလင်းတူဘူးဆို့ဟု သတင်းကြီးနိုင်သည်ကို မျက်ခြည်မပြတ်သင့်ကြောင်း မီးမောင်းထိုးဆော်ဩလိုက်ရပါသည်
Credit - Eleven Media Group
(ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် NCCT ၊ UNCC အဖွဲ့ဝင် ကိုယ်စားလှယ်များအား တွေ့ရစဉ် )
No comments:
Post a Comment