ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးပါတဲ့ အချက်တစ်ချက် ဖြစ်သလို မျှတတဲ့ စီးပွားရေးယှဉ်ပြိုင်မှု အခင်းအကျင်းများ ဖန်တီးပေးနိုင်မှု ရှိနေရေးဟာလည်း ဈေးကွက်စီးပွားရေးရဲ့ အဓိကသော့ချက်လို့ ဆိုနိုင်ပါတယ်။ လက်ရှိဈေးကွက်စီးပွားရေးကို ကျင့်သုံးနေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာလည်း ပုဂ္ဂလိက စီးပွားရေးကဏ္ဍ တိုးတက်လာအောင် ဆောင်ရွက်မှုများ ရှိနေသော်လည်း စီးပွားရေးယှဉ်ပြိုင်မှု မျှတမှုအားကောင်းတဲ့ အခြေအနေကိုတော့ ဖန်တီးပေးနိုင်မှု အားနည်းနေဆဲ ဖြစ်ပါတယ်။
အသက်မ၀င်ခဲ့သည့် ဈေးကွက်
အတိတ်ကိုပြန်ကြည့်ရင် ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ အစိုးရက အာဏာသိမ်းပိုက်ခဲ့တဲ့ အချိန်ကစပြီး ဆိုရှယ်လစ်စီးပွားရေးစနစ် ကျင့်သုံးခဲ့တဲ့ တလျှောက်လုံး ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်လုပ်ငန်းများအဖြစ် သိမ်းဆည်းပြောင်းလဲခဲ့ပြီး ၁၉၈၈ ခုနှစ် အာဏာသိမ်းအစိုးရ လက်ထက်ကျမှ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့တယ်လို့ ဆိုနိုင်ပေမယ့် စံမီတဲ့ ဈေးကွက်စီးပွားရေးကို မတည်ဆောက်နိုင်ခဲ့ပါဘူး။ အဲဒီအချိန်က အာဏာပိုင်များနဲ့ နီးစပ်သူ၊ အပေးအယူ အလျော်အစားရှိသူ လုပ်ငန်းရှင်များသာ ကျိကျိတက် ချမ်းသာသွားစေတဲ့ ခရိုနီစီးပွားရေးကသာ ကြီးထွားခဲ့တာဖြစ်ပြီး ဈေးကွက်စီးပွားရဲ့ အခြေခံအဆောက်အအုံတွေကိုလည်း မတည်ဆောက်နိုင်ခဲ့ပါဘူး။ ၁၉၈၈ ခုနှစ် အာဏာသိမ်းအစိုးရလက်ထက်မှာ ဆိုရှယ်လစ်စီးပွားရေး ကျင့်သုံးစဉ်ကထက် ပုဂ္ဂလိက စီးပွားရေးကဏ္ဍဟာ ပွင့်လန်းလာခဲ့ပေမယ့် အကျိုးအမြတ်များစွာ ရရှိနိုင်မယ့် သေချာတဲ့ လုပ်ငန်းများကို ပြိုင်ဘက်မရှိ လုပ်ကိုင်ခွင့်ရရှိခဲ့သူများကတော့ အာဏာပိုင်များနဲ့ နီးစပ်သူ လုပ်ငန်းရှင်ကြီးများသာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စားအုန်းဆီတင်သွင်းခွင့်ကို ကုမ္ပဏီကြီးတစ်ခုကိုသာ ချထားပေးခဲ့ခြင်း၊ သစ်ခုတ်ခွင့်ကို အာဏာပိုင်ကြီးများနဲ့ နီးစပ်သူများသာ ရရှိခဲ့ခြင်းကဲ့သို့ များစွာသော စီးပွားရေးလုပ်ကိုင်ခွင့်များကို ကုမ္ပဏီအနည်းစုလက်ထဲ ထိုးအပ်ထားခဲ့တာကြောင့် မျှတတဲ့ စီးပွားရေးယှဉ်ပြိုင်မှုရှိမှ အသက်ဝင်ရတဲ့ ဈေးကွက်စီးပွားရေးဟာ အပြည့်အ၀ အသက်မ၀င်ခဲ့ရတာ ဖြစ်ပါတယ်။
ပျမ်းမျှညွှန်းကိန်းအောက်
လက်ရှိအစိုးရလက်ထက်မှာလည်း ဈေးကွက်စီးပွားရေးစနစ်ကို ဆက်လက်ကျင့်သုံးဖို့ ကြေညာခဲ့ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍ တိုးတက်ဖို့ တွန်းအားပေး ဆောင်ရွက်နေပေမယ့် အခက်အခဲတွေကတော့ရှိနေတာ တွေ့ရဆဲဖြစ်ပါတယ်။ အထူးသဖြင့် ဈေးကွက်စီးပွားရေး ကျင့်သုံးတဲ့နိုင်ငံတွေမှာ အားကောင်းလေ့ရှိတဲ့ ပုဂ္ဂလိက အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်တဲ့ SME များဟာ လက်ရှိရှင်သန်ကြီးထွားဖို့ အခက်အခဲတွေ ရှိနေပါတယ်။ အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနအဖွဲ့မှ ပြုစုထုတ်ဝေတဲ့ အာဆီယံအသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းမူဝါဒ ညွှန်းကိန်းများ ၂၀၁၄ စာတမ်းမှာလည်း အာဆီယံနိုင်ငံများတွင် အကောင်းဆုံးနိုင်ငံရဲ့ ညွှန်းကိန်းရမှတ်မှာ ၅ ဒသမ ၄၊ အာဆီယံပျမ်းမျှညွှန်းကိန်း ရမှတ်မှာ ၃ ဒသမ ၇ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ညွှန်းကိန်းရမှတ်မှာ ၂ ဒသမ ၉ ဖြစ်နေတာကြောင့် ပျမ်းမျှညွှန်းကိန်းအောက် ရောက်ရှိနေတာဖြစ်ပါတယ်။ SME များဟာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံသားတွေရဲ့ အလုပ်အကိုင် ဖန်တီးမှုအတွက် အရေးပါတဲ့ လုပ်ငန်းများဖြစ်တာကြောင့် ဈေးကွက်စီးပွားရေး ကျင့်သုံးတဲ့နိုင်ငံတွေမှာ SME များအတွက် ခိုင်မာအားကောင်းတဲ့ မူဝါဒများ၊ ပံ့ပိုးမှုများ ချမှတ်ဆောင်ရွက်ပေးလေ့ ရှိကြပါတယ်။ SME များ ရှင်သန်ကြီးထွားဖို့အတွက်ကော မူဝါဒများ၊ အခြေခံအဆောက်အအုံများအပြင် ငွေအရင်းအနှီးရရှိဖို့ အရေးကြီးသလို မျှတတဲ့ စီးပွားရေးယှဉ်ပြိုင်မှုဝန်းကျင် ရှိဖို့ကလည်း အရေးကြီးလှပါတယ်။ လုပ်ငန်းများစွာ ပိုင်ဆိုင်တဲ့ လုပ်ငန်းကုမ္ပဏီကြီးများကသာ စီးပွားရေးလုပ်ငန်း အမျိုးအစားမျိုးစုံမှာ ၀င်ရောက်ကြီးစိုး လုပ်ကိုင်နေခြင်းများက SME များ ရှင်သန်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်စေပါတယ်။
အကန့်အသတ်များ
လက်ရှိအချိန်မှာ SME များအတွက် ငွေထုတ်ချေးမယ့် အစီအစဉ်ကို မြန်မာ့စီးပွားရေးဘဏ်မှ ဆောင်ရွက်လျက်ရှိသော်လည်း ငွေချေးပေးနိုင်တဲ့ ပမာဏ အကန့်အသတ် ရှိနေတာကြောင့် ငွေချေးယူလိုသူများအတွက် လိုအပ်တဲ့အရင်းအနှီးကို အပြည့်အ၀ ပံ့ပိုးပေးနိုင်ခြင်း မရှိပါဘူး။ SME များအတွက် ချေးငွေအကန့်အသတ်များ ဖြစ်ပေါ်နေပေမယ့် စီးပွားရေးစီမံကိန်းကြီးများ ဆောင်ရွက်မယ့် ကုမ္ပဏီကြီးများကတော့ အစိုးရဘဏ်များက ချေးငွေတွေ လွယ်လွယ်ရရှိနေတာတွေကို ဝေဖန်သူတွေက မေးခွန်းထုတ်လေ့ ရှိကြပါတယ်။ လုပ်ငန်းငယ်တွေအတွက် ငွေအရင်းအနှီး အကန့်အသတ် ဖြစ်ပေါ်နေပြီး ယခင်အစိုးရ လက်ထက်ကတည်းက ရှိနေခဲ့တဲ့ ကုမ္ပဏီကြီးတွေကတော့ လုပ်ငန်းမျိုးစုံကို နည်းအမျိုးမျိုးနဲ့ ငွေချေးခွင့်၊ လုပ်ကိုင်ခွင့်တွေ ရရှိနေပြီး တဖြည်းဖြည်း ဧရာမကုမ္ပဏီကြီးတွေ ဖြစ်လာနေမှုတွေဟာ စီးပွားရေးဈေးကွက်မှာ မျှတတဲ့ စီးပွားရေးဝန်းကျင် ဖော်ဆောင်ရာမှာ အကျိုးသက်ရောက်မှု ရှိစေတာဖြစ်ပါတယ်။ ကုမ္ပဏီကြီးတွေရဲ့ ကြီးထွားလာမှုနဲ့ ဈေးကွက်ဖြန့်ကြက်မှု များလာတာနဲ့အမျှ အသေးစားအလတ်စား လုပ်ငန်းများတွင်ပါ ကုမ္ပဏီကြီးတွေက ငွေကြေးများစွာနဲ့ ၀င်ရောက်ချုပ်ကိုင် လုပ်ကိုင်လာမှုများဟာ သာမာန်စီးပွားရေး လုပ်ငန်းငယ်များအတွက် ကုမ္ပဏီကြီးများနဲ့ ယှဉ်ပြိုင်နိုင်စွမ်းမရှိတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် SME လုပ်ငန်းများမှာ အကျုံးဝင်နိုင်တဲ့လုပ်ငန်းလို့ ဆိုနိုင်တဲ့ နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင်များကို ပုဂ္ဂလိကသို့ ပြောင်းလွှဲလုပ်ကိုင်ခွင့်ပြုရာမှာ ဆိုင်အများစုကို ကုမ္ပဏီကြီးများကသာ လွှဲပြောင်းလုပ်ကိုင်ခွင့် ရသွားခြင်းကဲ့သို့ ဖြစ်ရပ်များကြောင့် ကုမ္ပဏီကြီးများကို လုပ်ငန်းငယ်များက မယှဉ်နိုင်ကြတာ ဖြစ်ပါတယ်။
လက်သင့်ရာ တင်ဒါများ
မျှတတဲ့ စီးပွားရေးယှဉ်ပြိုင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုရှိနေတဲ့ အခြားအကြောင်း အရာတစ်ခုကတော့ စီးပွားရေးလုပ်ငန်း တင်ဒါခေါ်ယူမှုများ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အစိုးရအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများက ခေါ်ယူတဲ့ တင်ဒါခေါ်ယူမှုများတွင် စနစ်ကျတဲ့ တင်ဒါခေါ်ယူမှုများ ရှိနေသလို မျှတမှုမရှိတဲ့ တင်ဒါခေါ်ယူမှုများ ရှိနေဆဲဖြစ်တယ်လို့ မီဒီယာများမှာ ဝေဖန်မှုများ ရှိနေပါတယ်။ တင်ဒါခေါ်ယူရာမှာ လက်သင့်ရာ စားတော်ခေါ်မှုကြောင့် လုပ်ပိုင်ခွင့်ရသူများနဲ့ နီးစပ်တဲ့ ကုမ္ပဏီကြီးများသာ တင်ဒါအောင်သွားလေ့ရှိပြီး စနစ်တကျ တင်ဒါတင်သွင်းသူ လုပ်ငန်းငယ်များက လုပ်ကိုင်ခွင့်မရရှိတဲ့ ဖြစ်ရပ်တွေဟာ မျှတတဲ့စီးပွားရေးယှဉ်ပြိုင်မှုဝန်းကျင် ဖော်ဆောင်ရေးအတွက် စိန်ခေါ်နေတဲ့ ဖြစ်ရပ်များလို့ ဝေဖန်သူများက ဆိုကြပါတယ်။ ဒါကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကလည်း စိုးရိမ်မှုများရှိနေပြီး မျှတတဲ့ စီးပွားရေးယှဉ်ပြိုင်မှုဆိုင်ရာ မူဝါဒများ၊ ဥပဒေများ မြန်မာနိုင်ငံမှာ အဆင်သင့်ရှိ၊ မရှိကို စောင့်ကြည်မှုတွေ ရှိနေပြီး အချို့စီးပွားရေး စီမံကိန်းများတွင် ပြည်တွင်းက ကုမ္ပဏီကြီးတွေကသာ တင်ဒါများ ရရှိနေကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ယှဉ်ပြိုင်မှု ဥပဒေကြမ်း
လက်ရှိမှာတော့ စီးပွားရေးလုပ်ငန်းများမှာ အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မှ လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်းမျိုး မရှိစေဖို့ ရည်ရွယ်ရေးဆွဲထားတဲ့ ယှဉ်ပြိုင်မှု ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့ပြီးဖြစ်ကာ ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြဖို့ ရှိပါတယ်။ မီဒီယာတွေမှာ ဖော်ပြချက်အရ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အပါအ၀င် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၊ ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် စီးပွား/ကူးသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးလျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါဥပဒေ ပြဌာန်းပြီးပါက လက်ရှိဖြစ်ပေါ်နေတဲ့ လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ကိုင်မှုတွေကို ယခုထက် တားဆီးနိုင်မယ့် အခြေအနေ ရှိသော်လည်း ဥပဒေများ အသက်ဝင်လာရေးဟာလည်း အရေးပါတဲ့အချက် ဖြစ်ပါတယ်။ အထူးသဖြင့် နှစ်ရှည်လများ လက်ဝါးကြီးအုပ်ထားသူများအတွက် ကန့်သတ်မှုတွေ ရှိလာနိုင်မှာဖြစ်တာကြောင့် ဆက်လက်လက်ဝါးကြီးအုပ်ခွင့်ရရေး နည်းမျိုးစုံ ကြိုးပမ်းမှုတွေကို ဥပဒေနဲ့ ထိရောက်စွာ တားဆီးကာကွယ်နိုင်ခြင်းဖြင့် နိုင်ငံစီးပွားရေးအတွက် အရေးကြီးသော မျှတတဲ့ စီးပွားရေးဝန်းကျင်ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
အခုအချိန်ဟာ စီးပွားရေးတံခါးဖွင့်ဖို့ ကြိုးပမ်းနေတဲ့အချိန်ဖြစ်လို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက မြန်မာနိုင်ငံရဲ့ စီးပွားရေးပေါ်လစီ စီမံခန့်ခွဲမှုများကို မျှော်ကြည့်နေကြတဲ့ကာလ ဖြစ်ပါတယ်။ လက်ရှိမှာ ကိုးရီးယားနဲ့ ဂျပန်နိုင်ငံက လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိက အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများမှာ ပူးပေါင်းရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိနေပြီး လာရောက်ဆွေးနွေးမှုများလည်း ရှိနေပါတယ်။ ဒီလိုဆွေးနွေးမှုတွေ ရှိနေပေမယ့် ကမ္ဘာ့ဘဏ်က ထုတ်ဝေတဲ့ DoingBusiness 2014 အစီရင်ခံစာ အပါအ၀င် အာရှဖွံ့ဖြိုးရေးဘဏ်က မကြာမီက ထုတ်ခဲ့တဲ့ အစီရင်ခံစာ တစ်စောင်မှာလည်း မြန်မာနိုင်ငံမှာ SME များ ရပ်တည်ရှင်သန် ပေါ်ထွက်လာဖို့ အခက်အခဲများ ရှိနေဆဲဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ တကယ်တော့ ဈေးကွက်စီးပွားရေးစနစ်မှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ ကြီးထွားရှင်သန်ဖို့ လိုအပ်ပြီး တရားမျှတစွာ ယှဉ်ပြိုင်ကြခြင်းက ဈေးကွက်ကို စနစ်တကျ ထိန်းကျောင်းနိုင်တဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်။ လက်ဝါးကြီးအုပ်ခြင်းကတော့ မျှတခြင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ဈေးကွက်ကို တစ်စုတစ်ဖွဲ့က ချုပ်ကိုင်ခြယ်လှယ်ခြင်းဖြစ်လို့ ဈေးကွက်ကို ကမောက်ကမဖြစ်စေပြီး မှန်ကန်တဲ့စီးပွားရေးဖွံ့ဖြိုးမှုကို မဖြစ်ပေါ်စေပါဘူး။ ဒီအတွက် စီးပွားရေးမှာ လက်ဝါးကြီးအုပ် လုပ်ကိုင်နေသူများကို ကန့်သတ်ပြီး ပုဂ္ဂလိက စီးပွားရေးကဏ္ဍမှာ မျှတတဲ့ စီးပွားရေးဝန်းကျင် ဖော်ဆောင်ပေးဖို့ အရေးတကြီး လိုအပ်လှပါတယ်။
Credit - Eleven Media Group
No comments:
Post a Comment