(ဆောင်းပါးရှင် - ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်))
စာရေးသူရေးသားမယ့် ဆောင်းပါးက အများသိရှိထားကြတဲ့ အရေး၊ အဖတ်၊ အတွက် ဆိုတဲ့
‘အ’ သုံးလုံးကျေဖို့ မဟုတ်ပါ။ အရှိ၊ အသိနဲ့ အလုပ်ခေါ်တဲ့ ‘အ’ သုံးလုံးပါ။
စာလုံးဝမတတ်သူတွေကို ဟိုယခင်က ရေးတတ်၊ ဖတ်တတ်၊ တွက်တတ်အောင် သင်ကြားပေးတဲ့
‘အ’ သုံးလုံးဖြစ်ပါတယ်။ အခု ‘အ’ သုံးလုံးကတော့ တိုးတက်လာတဲ့ခေတ်နဲ့အညီ
မိမိနိုင်ငံ တိုးတက်စေဖို့ လိုအပ်တဲ့ ‘အ’ သုံးလုံး ဖြစ်ပါတယ်။
စာရေးသူတို့နိုင်ငံမှာ အကြောက်တရားတွေနဲ့ အုပ်ချုပ်ခဲ့ကြ၊
မိမိနိုင်ငံသားတွေကို ဆင်းရဲတွင်းနက်အောင် လုပ်ဆောင်ခဲ့ကြ၊ ဘွဲ့ရပေမယ့်
ပညာမတတ်သူတွေဖြစ်အောင်၊ ကျောင်းနေချင်ပေမယ့် ဆင်းရဲနေကြတော့
ပညာမသင်ရှာနိုင်ဘဲ ရရာကြုံရာအလုပ်ကို လုပ်ကြရရင်း မိမိဘ၀ ၀မ်းကျောင်းရသူတွေ
များလာတယ်။
မိမိနိုင်ငံက အလုပ်မပေးနိုင်တော့ နိုင်ငံတကာထွက်ပြီး
အိုးတိုက်ပန်းကန်ဆေး အလုပ်တွေကအစ လုပ်နေကြရတယ်။ အမျိုးသမီးတွေဆိုရင်
အိမ်ဖော်လို့ခေါ်တဲ့ အိမ်တစ်အိမ်ရဲ့ အောက်ခြေသိမ်းအလုပ်တွေလုပ်ပြီး
ဘ၀၀မ်းကျောင်းနေကြရတယ်။ ဒီလိုအခြေအနေတွေကို ပြန်လည်အဖတ်ဆယ်နိုင်ဖို့အတွက်
နိုင်ငံတော်ကနေ မိမိနိုင်ငံနဲ့ မိမိနိုင်ငံသားတွေ အကျိုးအတွက် စာရေးသူရဲ့
‘အ’ သုံးလုံးနဲ့ ရုပ်လုံးဖော်ပေးနိုင်ကြစေဖို့ပါ။
(၁) အရှိ
‘အရှိ’ မှာ လူတစ်ဦးချင်းအနေဖြင့် လူ့ဘ၀အတွင်း ရောက်ရှိလာချိန်မှစ၍
ရှိကြရမည့် ‘အရှိ’ ပညာများရှိအောင် လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။
လောကီရေးရာအရှိကို ပထမရှိအောင်လုပ်ရာတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊
တက္ကသိုလ်နဲ့ ဘွဲ့လွန်ပညာတွေကို အမှန်တကယ်ရှိအောင် သင်ယူမှုဖြစ်ပါတယ်။
ကျောင်းနေအရွယ်မှာ ရှိသင့်ရှိထိုက်ရှိအပ်တဲ့ အရှိပညာတွေ ရှိအောင်သင်ယူကြရတာ
ဖြစ်တယ်။ စာရေးသူတို့နိုင်ငံမှာ ရာစုနှစ်တစ်ဝက်ကျော် ပညာရေးမှာ
အောက်တန်းကျခဲ့တာကြောင့် အမှန်တကယ်ရှိရမယ့် အရှိပညာတွေ မရှိနိုင်ကြတော့ဘဲ
ဘွဲ့ရပညာမတတ်တွေ များလာခဲ့တယ်။
နောက်အရှိကတော့ လောကုတ္တရာ
အရှိတရားတွေရှိအောင် လုပ်ကြဖို့ဖြစ်ပါတယ်။ လောကုတ္တရာ အရှိတရားရဲ့
ကျင့်ကြံပွားများမှု အခြေခံက လေ၀င်လေထွက်ကို စိတ်နဲ့စူးစမ်းပြီး
အသက်ရှူလိုက်လို့ နှာသီးအတွင်း လေ၀င်ရောက်မှုကို ၀င်တယ်ဆိုတဲ့ အသိမှတ်ရတာ
ဖြစ်တယ်။ တစ်ခါလေကို ပြန်ထုတ်လိုက်လို့ လေထွက်သွားရင် ထွက်တယ်ဆိုတာကို
အာရုံစိုက်မှတ်သားတာ ဖြစ်တယ်။ ၀ိပဿ နာအစက သမထဖြစ်တယ်။ အချို့ကတော့
သမထအာရုံကနေ မတက်နိုင်သောကြောင့် သမထနဲ့ စိတ်တည်ငြိမ်မှု အကျိုးဆက်ကိုသာ
ရရှိစေတာဖြစ်တယ်။ ခန္ဓာကိုယ်ရဲ့ နာကျင်ကိုက်ခဲမှု ဖြစ်ပျက်သဘောတရားတွေကို
ထင်လာမြင်လာအောင် အမှတ်တရားနဲ့ ရှုမြင်ရာကနေ အဆင့်ဆင့်သော ၀ိပဿနာတရားတွေကို
ကိုယ်တိုင်ကိုယ်ကျ သိလာမြင်လာစေတာဖြစ်တယ်။ ၀ိပဿနာကျင့်ကြံ
အားထုတ်ပွားများမှုက လောကီလောကုတ်နှစ်ဖြာ ပြီးပြည့်စုံစေတယ်လို့ ဆိုတယ်။
အရှိဆိုရာမှာ လူ့ဘ၀မှာ အေးချမ်းသာယာစွာ ရပ်တည်နိုင်စေဖို့ စားရေး၊ ၀တ်ရေး၊
နေရေးဆိုတဲ့ အရေးသုံးပါးကို ဖြည့်ဆည်းကြရတယ်။ အဲဒီမှာလည်း
မှန်ကန်စွာရှိအောင် လုပ်ဆောင်တတ်ဖို့ လိုအပ်တယ်။ သဘောက ဘ၀ရပ်တည်မှုအတွက်
အလုပ်လုပ်ရာမှာ သမ္မာအာဇီဝလို့ခေါ်တဲ့ ကောင်းမွန်မှန်ကန်တဲ့
အသက်မွေးဝမ်းကျောင်းမှုလည်း လုပ်ဆောင်ဖို့လိုအပ်တယ်။ သမ္မာအာဇီဝနဲ့
အလုပ်လုပ်ပြီးရလာတဲ့ ငွေကြေးဥစ္စာဓနနဲ့ ဘ၀ အရည်အသွေးမြင့်မားအောင်
လုပ်ဆောင်တတ်ကြရမှာ ဖြစ်တယ်။ မတော်မတရား၊ သမ္မာအာဇီဝမဟုတ်တဲ့
ကိုယ်ကျင့်သိက္ခာပျက်ယွင်းစွာ မတရားရယူပိုင်ဆိုင်မှုက မိမိသေသွားရင်
မိမိနောက်ကို မလိုက်နိုင်တဲ့အရာတွေ၊ မိမိနောက် မပါနိုင်တဲ့ အရှိတွေဆိုတာ
သိဖို့လိုအပ်တယ်။ ဒါကို အသိနဲ့ထိန်းကြရမှာဖြစ်တယ်။
(၂) အသိ
‘အသိ’ ဆိုတဲ့ တရားတွေကလည်း လူတစ်ဦးချင်းမှာရှိဖို့က ရှေ့မှာဆိုခဲ့တဲ့
ရှိသင့်တဲ့ ပညာတွေကို မှန်ကန်စွာရှိစေပါမှ အရှိကနေ အသိကို ဖြစ်ပေါ်စေမှာ
ဖြစ်တယ်။ မှန်ကန်တဲ့ အရှိတရားမရှိပါဘဲ မှန်ကန်တဲ့အသိတရား မရှိနိုင်ပါ။
ဒီနေရာမှာ အရှိနဲ့အသိကို နိုင်ငံတကာ စံသတ်မှတ်ချက်နဲ့ စာရေးသူတို့ရဲ့
ကျေးဇူးတော်ရှင် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်ကြီး မြွက်ကြားတဲ့
ဓမ္မစကားကို ယှဉ်တွဲဖော်ပြလိုက်ပါတယ်။ ပညာရှင်တွေက
လူတစ်ဦးချင်းပိုင်ဆိုင်ရမယ့် အညွှန်းကိန်းတွေ သတ်မှတ်ခဲ့ကြရာမှာ-
(က) ဉာဏ်ရည်စွမ်းအား အညွှန်းကိန်း (Intelligence Quotient) (IQ)
(ခ) စိတ်စွမ်းအားအညွှန်းကိန်း (Emotional Quotient) (EQ)
(ဂ) ‘က’ နဲ့ ‘ခ’ ပေါင်းစည်းထားတဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်စွမ်းအား (Emotional Intelligence) (EI)
ဒီသုံးခုကို ဆရာတော်ကြီးက သတိပဋ္ဌာန်ဝိပဿနာ စွမ်းအား (Satipahtan Quotient)
(SQ) လို့ ညွှန်းဆိုထားပါတယ်။ သတိပဋ္ဌာန် ၀ိပဿနာ ဉာဏ်ရည်စွမ်းအား ကောင်းလာရင်
လောဘ၊ ဒေါသ၊ မောဟတွေကင်းစင်လာပြီး အမှားနဲ့အမှန်ကို
ဝေဖန်ပိုင်းခြားတတ်လာစေတာ ဖြစ်တယ်။ ဒါကလည်း အမှန်တကယ် ကျင့်ကြံပွားများ
အားထုတ်ပါမှ ဖြစ်လာနိုင်တယ်။ ဟန်ပြ၊ ရုပ်ပြလုပ်ဆောင်မှု၊ ကျင့်ကြံမှုနဲ့
မရရှိနိုင်ပါ။ အရှိနဲ့အသိကို အမှန်တကယ်ရှိအောင်သိအောင် လုပ်ဆောင်နိုင်ရင်
အခုဆက်ပြီးရေးသားမယ့် အလုပ်ကောင်းလာစေမှာ ဖြစ်ပါတယ်။
(၃) အလုပ်
စာရေးသူတို့ ဗုဒ္ဓဘာသာမှာ အလုပ်ကောင်းရင် ကံကောင်းမယ်ဆိုတာက
ကံ-ကံ၏အကျိုးကို ညွှန်းတာဖြစ်ပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်၊
မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတာ ဖြစ်တယ်။ လူတစ်ဦးချင်းမှာ
အတိတ်ကံ၊ ပစ္စပ္ပုန်ကံနဲ့ နောင်တမလွန် အနာဂတ်ကံဆိုတာတွေ ရှိတယ်။
ဗုဒ္ဓဘာသာဝင်တိုင်း ကံကိုယုံကြည်ကြတယ်။ အတိတ်က ကံကောင်းခဲ့လို့
အခုဘ၀ကောင်းတာဖြစ်တယ်။ အခုဘ၀ ကောင်းတာလုပ်ပါမှ နောင်တမလွန်
အနာဂတ်ဘ၀ကောင်းမှာ ဖြစ်တယ်။ မှန်ကန်တဲ့အမြင်နဲ့ ရှိသင့်တာတွေ
အမှန်တကယ်ရှိအောင် လုပ်သင့်တာတွေ အမှန်တကယ်သိအောင် လုပ်နိုင်ပါမှ
မိမိလုပ်ဆောင်ချက် အလုပ်တွေကကောင်းပြီး အများရဲ့ယုံကြည်ကိုးစားမှု ခံရသလို
မိမိ၏ နောင်အနာဂတ်ဘ၀လည်း ဖြောင့်ဖြူးစေမှာ ဖြစ်ပါတယ်။
စာရေးသူတို့
ဖတ်နေတွေ့နေတဲ့ ပညာရှင်တွေရဲ့ စကားညွှန်းတွေနဲ့ အခြားဘာသာရေး ကျမ်းစာတွေမှာ
တွေ့မြင်ဖတ်မှု သိရှိနေတဲ့ အဆိုအမိန့်တွေ စကားညွှန်းတွေက
မြတ်ဗုဒ္ဓဟောကြားခဲ့တာနဲ့ တစ်ထပ်တည်းဆိုတာ တွေ့ရလို့ဖြစ်ပါတယ်။ ဒါကြောင့်
စာရေးသူရေးပြလိုတဲ့ အလုပ်ကောင်းစေမယ့် လူလေးမျိုးမှာ
မိမိဘယ်လိုလူအမျိုးအစားမှာ ပါရမှာလဲဆိုတာ ဝေဖန်ပိုင်းခြားကြဖို့ပါ။
လူလေးမျိုး
(၁) ရှိသင့်ရှိထိုက်တဲ့ ပညာတွေတော့ ရှိတယ်၊ သို့ပေမဲ့ အသိမရှိသူ၊ (၂)
ရှိသင့်ရှိထိုက်တဲ့ ပညာမရှိပေမယ့် အသိတရားရှိသူ၊ (၃) ရှိသင့်ရှိထိုက်တဲ့
ပညာလည်းမရှိ၊ သိသင့်သိထိုက်တဲ့ အသိလည်းမရှိသူ၊ (၄) ရှိသင့်ရှိထိုက်တဲ့
ပညာလည်းရှိ၊ သိသင့်သိထိုက်တဲ့ အသိလည်းရှိသူ။
ဆိုခဲ့တဲ့
လူလေးမျိုးမှာ ရှိသင့်ရှိထိုက်တဲ့ ပညာမရှိပေမယ့် သိသင့်သိထိုက်တဲ့
အသိရှိသူက နံပါတ် (၁) ပညာရှိပြီး အသိမရှိသူ၊ နံပါတ် (၃) ပညာလည်းမရှိ၊
အသိလည်းမရှိသူနဲ့ နှိုင်းစာမယ်ဆိုရင် လူ့ဘ၀အတွင်း လူဖြစ်ရကျိုးနပ်မှာ
မဟုတ်ပါ။ အဆိုးဆုံးကတော့ ရှိသင့်ရှိထိုက်တဲ့ပညာလည်း မရှိ၊ သိသင့်သိထိုက်တဲ့
အသိလည်း မရှိသူကတော့ နောင်တမလွန်ဘ၀အတွက် မကောင်းနိုင်ပါ။ ပညာလည်းမရှိ၊
အသိလည်းမရှိတာကြောင့် အတ္တတွေလွန်ကဲ၊ ကိုယ်ကျိုးရှာမှုတွေသာ
လုပ်ဆောင်ခဲ့သူမို့ လားရာသုဂတိ မကောင်းနိုင်စေတော့ပါ။
လူ့ဘ၀ဆိုတာက
လှေကားထစ်သုံးထစ်မှာ အလယ်လှေကားထစ်မှာ ရောက်နေတာမို့ ကောင်းတာတွေလုပ်ရင်
အထက်ကို တက်လှမ်းနိုင်သလို မကောင်းတာတွေလုပ်ရင်တော့ အောက်ကိုဆင်းရမှာမို့
မိမိကိုယ်တိုင် တစ်ဦးချင်းက ‘အ’ သုံးလုံးကျေကြဖို့ လိုအပ်တယ်လို့
ဆိုချင်ကြောင်းပါ။
Credit - Eleven Media Group
No comments:
Post a Comment