Sunday, October 5, 2014

ဗြိတိန်စုံတွဲကို သတ်သည့်တရားခံဟု စွပ်စွဲခံရသူ မြန်မာလုပ်သားသုံးဦးနှင့် သံရုံးကိုယ်စားလှယ်အဖွဲ့ ယနေ့တွေ့မည်

ရန်ကုန်၊ အောက်တိုဘာ ၎
ထိုင်းအစိုးရ အဖွဲ့ကပါ အမှုမှန် ပေါ်ပေါက်ရေး ဖိအားပေးမှုများ ရှိနေသော ထိုင်းနိုင်ငံတွင် ဗြိတိန်စုံတွဲ အသတ်ခံရမှု၌ တရားခံများဟု စွပ်စွဲထိန်းသိမ်းခံထားရသူ မြန်မာလုပ်သားသုံးဦးနှင့် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ ကောင်စစ်အရာရှိ ဦးထွန်းအေး ဦးဆောင်သည့် အဖွဲ့ဝင်ကိုးဦးပါ သံရုံးကိုယ်စားလှယ် အဖွဲ့တို့ ယနေ့ (အောက်တိုဘာ ၅ ရက်) တွေ့ဆုံမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံရသူ လုပ်သားနှစ်ဦးနှင့် သံရုံးအရာရှိ၊ ရွှေ့ပြောင်းလုပ်သားများ ကူညီရေးဆိုင်ရာ အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် ထိုင်းရှေ့နေ သုံးဦးပါ မြန်မာကိုယ်စားလှယ် အဖွဲ့တို့ အောက်တိုဘာလ ၄ ရက် (စနေနေ့) တွင် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးထားသူ မြန်မာသုံးဦးကို နေရာပြောင်းရွှေ့ ထိန်းသိမ်းခဲ့သဖြင့် ယင်းသို့ တစ်ရက် နောက်ဆုတ်ခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျန်တဲ့ အပိုင်းကတော့ ကိုယ်စားလှယ်အဖွဲ့နဲ့ အဖမ်းခံထားရသူတွေ တွေ့ပြီးမှ သိရမယ်” ဟု ၎င်းကဆိုသည်။
စက်တင်ဘာလ ၁၄ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်းသို့ လာရောက်လည်ပတ်သော ဗြိတိန်စုံတွဲကို အဓမ္မပြုကျင့် သတ်ဖြတ်မှုအတွက် မြန်မာနှစ်ဦးက ဝန်ခံထားပြီး ဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောဆိုသော်လည်း မြန်မာသံအရာရှိ အပါအဝင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများ အကူအညီပေးရေး လုပ်ကိုင်နေသူ အများစုက ယုံကြည်ခြင်း မရှိပေ။
မြန်မာရွှေ့ပြောင်း လုပ်သားများမှာ အထောက်အထားမရှိဘဲ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်နေခြင်း ဖြစ်၍ ယင်းဒေသရှိ ထိုင်းမာဖီးယားများက အကျပ်ကိုင် လူစားထိုး ဝန်ခံခိုင်းခြင်း ဖြစ်နိုင်ပြီး အဆိုပါအမှုမှာ သံသယဖြစ်ဖွယ် အနေအထား များစွာ တွေ့နေရကြောင်း အွန်လိုင်းစာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေခြင်းလည်း ဖြစ်သည်။
အဆိုပါ အမှုအခင်းနှင့် ပတ်သက်၍ တရားမျှတမှု အပြည့်အဝ ရှိစေရန် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ထိုင်းရောက် မြန်မာအလုပ်သမား အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်နေကြောင်း အထက်ပါသမ္မတရုံး တာဝန်ရှိသူက ရှင်းလင်း ပြောဆိုထားသည်။

Credit - The Voice Weekly

No comments:

Post a Comment