Sunday, October 5, 2014

ဟောင်ကောင်ဆန္ဒပြပွဲနဲ့ပတ်သက်တဲ့ သတင်း နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တာနဲ့ ပတ်သက်
ပြီး ဝေဖန်မှုတွေ ဆူညံနေချိန်မှာ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က အခုလို ရှင်းလင်းထားပါတယ်။ 
သူ့ရဲ့ရှင်းလင်းချက် အပြည့်အစုံကို ဦးရဲထွဋ် ဖေ့စ်ဘုတ်ကနေ ကူယူဖော်ပြပေးလိုက်ပါတယ်။ 

ဒီနေ့ ( အောက်တိုဘာ ၄ ရက်နေ့) ကြေးမုံသတင်းစာမှာ ဟောင်ကောင်အခြေအနေနဲ့ပတ်သက်တဲ့ သတင်း တစ်ပုဒ်ကို ဖော်ပြထားပါတယ်။ 

ဒီသတင်းခေါင်းတပ်ပုံ၊ အတွင်းရေးသားပုံများနဲ့ပတ်သက်ပြီး ဝေဖန် ထောက်ပြတဲ့ အကြံပြု ချက်တွေကို လည်း ကျွန်တော်လက်ခံရရှိခဲ့ပါတယ်။ အဲဒီထောက်ပြချက်များဟာ မှန်ကန် ပါတယ်။ 


ဟောင်ကောင်မှာဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ပတ် သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံပိုင် သတင်းစာများကို တာဝန်ခံထုတ်ဝေနေတဲ့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းကို ဟောင်ကောင် မှာ ဖြစ်
ပေါ်နေတဲ့ဆန္ဒပြမှုများဟာ တရုတ် ပြည်သူ့သမ္မတနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စသာဖြစ်တယ်။ 

ဒါပေမယ့် ဒီအခြေအနေနဲ့ပတ်သက်ပြီး ပြည်တွင်း က စာဖတ်ပရိသတ်များကလည်း စိတ်ဝင်စားနေတဲ့ အတွက် သတင်းဖော်ပြပေးဖို့ တာဝန်ရှိလာပြီဖြစ် တယ်။ ဒါ့ကြောင့် မြန်မာ့အလင်းနဲ့ ကြေးမုံမှာ သတင်းဖော်ပြပေးပါ။ 

သို့သော် သတင်းဖော်ပြချက်များဟာ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ရာ မကျ
အောင်စောင့်ထိန်းရမယ် ၊ စာနယ်ဇင်းကျင့်ဝတ်အတိုင်းနှစ်ဘက် ဖြစ်ပေါ်နေတဲ့ အခြေအနေများကို လည်း စာဖတ်ပရိသတ်သိနိုင်အောင် ချင့်ချိန်ဖော်ပြပေးရမယ် ဆိုပြီးအောက်တိုဘာလ ၂ ရက်နေ့ မှာ အခြေခံမူ တစ်ခုချပေးခဲ့ပါတယ်။ 

အခု မိတ်ဆွေအချို့ထောက်ပြခဲ့တဲ့ ကြေးမုံသတင်းစာပါ သတင်းဖော်ပြချက်ဟာ အထက်ပါ အခြေခံမူနဲ့ ကိုက်ညီခြင်းမရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ကိုယ်တိုင် သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးနဲ့ ညွှန်ကြားရေးမှူးကို ထောက်ပြဆွေးနွေးပြီးဖြစ်ပါတယ်။ 

 သူတို့ကလည်း ပြင်ဆင် ဆောင် ရွက်မယ့်အကြောင်း ကတိပေးပါတယ်။ 

 နိုင်ငံပိုင်သတင်းစာများကို ပိုမိုသွက်လက်ထက်မြတ်တဲ့အများပြည်သူ ၀န်ဆောင်မှုမီဒီယာတွေဖြစ် လာအောင် ကျွန်တော်တို့အများကြီးကြိုးစားရဦးမယ်လို့ပဲခံယူပါတယ်။ 

အဲဒီလို လုပ်ဆောင်ရာမှာ စာဖတ်သူများရဲ့ ဝေဖန် ထောက်ပြချက်များက အလွန်အရေးကြီးတဲ့အတွက် ဆက်ပြီးဝေဖန်ကြပါဦးလို့လည်း တောင်းဆိုပါတယ်။ 

ဒါ့အပြင် Global New Light of Myanmar ကို သတင်းနဲ့ စာနယ်ဇင်း ၀က်ဘက်ဆိုက်မှာ မတင်တော့ တဲ့ အတွက် ဝေဖန်ထောက်ပြချက်များအရ ဒီနေ့ညနေက စပြီး ပြန်လည် လွှင့်တင်ပေးထားပါကြောင်း တင်ပြ အပ်ပါတယ်။ 

ဦးရဲထွဋ် ( ပြန်ကြားရေး ဝန်ကြီး) ရဲ့ ရှင်းပြချက်တွေကို ဧရာဝတီ ပရိသတ်ဖတ်ရှုပြီးတဲ့ အချိန်မှာ ဘယ်လို သုံးသပ်မိပါသလဲ။ ပြည်သူ့ ဝန်ဆောင်မှု မီဒီယာအဖြစ် အသွင်ပြောင်းမယ့် နိုင်ငံပိုင် သတင်းစာတွေ မှာ ဟောင်ကောင်ဆန္ဒပြမှု သတင်းဖော်ပြဖို့ အောက်တိုဘာလ ၂ ရက်နေ့က ဝန်ကြီးက မူချပေးခဲ့တယ်တဲ့။ 

ဝန်ကြီးရဲ့ အဲဒီစကားရပ်ကို ထောက်ရှုကြည့်မယ်ဆိုရင် နိုင်ငံပိုင် သတင်းစာတွေဟာ အစိုးရ ဝန်ကြီး တဦးက မူချမှတ်ပေးမှု မရှိပဲ ဖော်ပြခွင့် မရှိဘူးဆိုတာပါဘဲ။ 

သက်ဆိုင်ရာ သတင်းစာတိုက်တွေရဲ့ အယ်ဒီတာတွေက နိုင်ငံတကာမှာ ထိပ်တန်းသတင်းအဖြစ် ဖော်ပြနေ တာတွေကို ဖော်ပြချင်တာတောင်မှ အစိုးရ ဝန်ကြီးနဲ့ ဝန်ကြီးဌာနက ခွင့်မပြုရင် ဖော်ပြခွင့် မရဘူးဖြစ်နေ ပါတယ်။ 

ဒါဆိုရင် ပြည်သူ့ ဝန်ဆောင်မှု မီဒီယာဆိုတာ ပြည်သူတွေ သိသင့်သိထိုက်တဲ့သတင်းမှန်သမျှကို အချိန်နဲ့  အမျှ ဖော်ပြရမှာပါ။ 

အခုတော့ ဖော်ပြတာကလည်း အလွန်နောက်ကျပြီးမှ ဖော်ပြပြီး ဖော်ပြပုံကလည်း အလွန်အငြင်းပွားဖွယ် 
ဖြစ်တယ်လို့ သုံးသပ်သူတွေက ထောက်ပြနေတာ ဖြစ်ပါတယ်။ 

Credit - ဧရာဝတီ ဘလော့ဂ် 

 
 

No comments:

Post a Comment