ပညာရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၅ ရက်နေ့က ပြုလုပ်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတစ်ဝန်းမှ လူမှုထူးချွန် ဆရာဆု ၃ ခုနှင့် ဂုဏ်ထူးဆောင် ဆရာဆု ၇ ခု ချီးမြှင့်ပေးရာ ကျောင်းအုပ် ဦးသန်းလှိုင်မှာ လူမှုထူးချွန်ဆရာဆု ရရှိခဲ့ကြောင်း အဆိုပါပွဲ တက်ရောက်သူ ပညာရေး ဝန်ထမ်းတစ်ဦးက The Voice သို့ ပြောကြားသည်။
နေပြည်တော်ရှိ MICC ခန်းမတွင် အဆိုပါပွဲကို ကျင်းပခဲ့ပြီး နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ခဲ့ကြောင်း ၎င်းကဆိုသည်။
ဂုဏ်ထူးဆောင် ဆရာဆုတွင် အငြိမ်းစား ပါမောက္ခချုပ် နှစ်ဦး၊ ပါမောက္ခဌာနမှူး တစ်ဦး၊ အမှတ် (၁) အခြေခံပညာဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် တစ်ဦးနှင့် အငြိမ်းစား ကျောင်းအုပ်ဆရာ တစ်ဦး၊ ဆရာမကြီးတစ်ဦး၊ အငြိမ်းစား ပြည်နယ်ပညာရေးမှူး တစ်ဦးတို့ ပါဝင်ကြောင်း၊ ၎င်းတို့ကို ဂုဏ်ထူးဆောင် အမှတ်တံဆိပ်နှင့် ကျပ် ငါးသိန်းစီ ချီးမြှင့်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။
အလားတူ လူမှုထူးချွန် ဆရာဆုတွင် ယခင်နှစ်များက ဆုနှစ်ခုသာ ချီးမြှင့်ခဲ့သော်လည်း ယခုနှစ်တွင် လူမှုကွန်ရက် စာမျက်နှာများတွင် နာမည်ကျော်ကြားနေသော ချောင်းဦးမြို့နယ်မှ မူလတန်း ကျောင်းအုပ် ဦးသန်းလှိုင် အပါအဝင် ထူးချွန်ဆု ၃ ဆု ပေးအပ်ခဲ့ကြောင်း ပညာရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။
“အငြိမ်းစားကြီးတွေ အနေနဲ့ကတော့ အားတက်သွားတာပေါ့ကွာ။ လိုအပ်တာလေးတွေ ထောက်ပြတာလည်း လက်ခံတဲ့သဘော ဆိုတော့ ဝမ်းသာပါတယ်” ဟု ဂုဏ်ထူးဆောင်ဆရာဆု ရရှိခဲ့သူ ဒေါက်တာခင်ဇော်က The Voice သို့ ပြောကြားသည်။
ယခင်က အောက်တိုဘာလ ၅ ရက်နေ့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် ဂုဏ်ထူးဆောင်ဆရာဆု ၂ ခုနှင့် လူမှုထူးချွန် ဆရာဆု ၂ ဆုသာ ချီးမြှင့်ခဲ့ရာမှ ၂၀၁၄ ခုနှစ် အခမ်းအနားတွင် ပြင်ဆင် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
Credit - The Voice Weekly
No comments:
Post a Comment