ရန်ကုန်၊ အော်တိုဘာ ၎
အစိုးရတပ်မတော်နှင့်
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲများ
ဖြစ်ပွားနေသော်လည်း နိုင်ငံရေးပြဿနာကို တွေ့ဆုံညှိနှိုင်းမှုဖြင့်
ဖြေရှင်းမည် ဖြစ်ကြောင်း ရှမ်းနိုင်ငံရေး အင်အားစုများက အောက်တိုဘာလ ၎
ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။
အောက်တိုဘာ ၂ ရက်မှ ၎
ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရှမ်းနိုင်ငံရေးပါတီများ
ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၊
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့နှင့်
ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သော ရှမ်းပြည်ပြန်လည်
ထူထောင်ရေးကောင်စီ RCSS/SSA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊
စိန်ကျော့ဌာနေ ပြည်သူ့စစ် (SSA)
တို့ တွေ့ဆုံ ဆွေးနွေးပြီးနောက်
အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခြင်း ဖြစ်ကြောင်း SNLD ပါတီ၏
ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။
“ရှမ်းပြည်နယ်ရဲ့
အနာဂတ် ကံကြမ္မာနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ အနာဂတ်
ကံကြမ္မာဆိုင်ရာ ကိစ္စရပ်တွေကို အတူလက်တွဲပြီး ညှိနှိုင်း ဆောင်ရွက်သွားမှာပါ”
ဟု ၎င်းကဆိုသည်။
ရှမ်းပြည်နယ်၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု
လုပ်ငန်းနှင့် ပြည်ထောင်စု တစ်ဝန်းလုံး၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု
လုပ်ငန်းများကို ပိုမို ခိုင်မာတိုးတက်ပြီး ရေရှည်တည်တံ့
ခိုင်မြဲစေရန်အတွက် အတူလက်တွဲ ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု
ရှမ်းနိုင်ငံရေး အင်အားစုများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် ရှမ်းပြည်နယ်အတွင်းရှိ တပ်မတော် စစ်ကြောင်းလှုပ်ရှားမှုများကို
ရပ်တန့်ပေးရန်အတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ထံ စာပေးပို့
တောင်းဆိုမည် ဖြစ်ကြောင်း အဆိုပါ ရှမ်းတိုင်းရင်းသား နိုင်ငံရေး
အင်အားစုများထံမှ သိရသည်။
အစိုးရနှင့် SSPP/SSA ကြား အောက်တိုဘာ ၂
ရက်နေ့တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်မတော်က
လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တိုက်ပွဲအရှိန် မြှင့်တင်လာသောကြောင့်
အောက်တိုဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း
လွယ်လင်ခရိုင် ကျေးသီးမြို့နယ် တာဖာဆောင် တံတားအနီးရှိ SSPP/SSA
တပ်စခန်းကို ဆုတ်ခွာပေးလိုက်ရကြောင်း SSPP/SSA ထံမှ သိရသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရနှင့်
ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ရေးထိုးထားသည်။
Credit - The Voice Weekly
No comments:
Post a Comment