Sunday, October 5, 2014

ငြိမ်းချမ်းရေးအတွက် KUPC နှင့် ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း ဆောင်ရွက်မည်

တောင်ငူ၊ အောက်တိုဘာ ၎

ကရင်တစ်မျိုးသားလုံး စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး အထောက်အကူ ဖြစ်စေရေးအတွက် ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) နှင့် ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကရင်အမျိုးသား အဖွဲ့အစည်း နှစ်ခုနှင့် နိုင်ငံရေးပါတီ အသီးသီးမှ ကရင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များ အောက်တိုဘာလ ၄ ရက်နေ့က တောင်ငူမြို့နယ် ဂလိုဘယ်ဂရေ့ဟိုတယ်တွင် တွေ့ဆုံအပြီး ထုတ်ပြန်ချက်များအရ သိရသည်။


ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် လက်ရှိ ဖြစ်ပွားနေသည့် တပ်မတော်နှင့် ကရင်လက်နက်ကိုင် အချို့ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ KUPC နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကရင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် KNU ဗဟိုမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ပြီးနောက် ယင်းသဘောတူညီချက် သုံးချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု KUPC ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနော်ရီဘက်ခါထင်က ပြောကြားသည်။

“ဒီဆွေးနွေးပွဲမှာ KNU အစည်းအရုံး ဗဟိုက ဖဒိုမန်းငြိမ်းမောင် အပါအဝင် တာဝန်ရှိသူအချို့ ဆွေးနွေးကြပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ရော လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြောင်း ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် ညှိနှိုင်း သဘောတူညီချက်များကို လွတ်တော်အတွင်း အဆိုတင်သွင်းခြင်း၊ တင်ပြဆွေးနွေးခြင်းများကို ကော်မတီနှင့် တစ်ညီတစ်ညွတ်တည်း ပူးပေါင်း အကောင်အထည် ဖော်ဆောင်မည် ဖြစ်ကြောင်း ဖလုံစဝေါ ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စောအောင်ကျော်နိုင်က ပြောကြားသည်။

ယင်းထုတ်ပြန်ချက်တွင် KUPC နှင့် ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားမည်၊ နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိနိုင်ရေးအတွက် စိတ်ရှည်သည်းခံမှုဖြင့် နှစ်ဖက်စလုံးက ကြိုးပမ်းဆောင်ရွက်ပေးရန် အလေးအနက် တိုက်တွန်းသည်နှင့် ကရင်တိုင်းရင်းသားများ၏ အခြေခံအခွင့်အရေး ရရှိစေရန်နှင့် ကရင်လူငယ်များ၏ အနာဂတ်လှပရေးကို ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင်း ကြိုးပမ်း ဆောင်ရွက်ပေးရန် အလေးအနက် တိုက်တွန်းသည်ဟု ဖော်ပြထားသည်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တကယ်ကို ယုံကြည်လို့ KNU ဗဟိုက ပါဝင် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ဒီလို တွေ့ဆုံ ဆွေးနွေးပွဲတွေကသာ ငြိမ်းချမ်းရေးအတွက် အဖြေတစ်ခု ထွက်မယ်လို့ ယုံကြည်ထားပါတယ်” ဟု ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာနေခြင်းကို ကရင်လူထုက အားမရ ဖြစ်နေကြောင်း၊ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင်း ကြိုးပမ်းဆောင်ရွက်နေသလို ကရင်လူထုကလည်း လွှတ်တော်ပြင်ပကနေ ပူးပေါင်း ပါဝင်စေချင်ကြောင်း ကရင်ပြည်နယ် အမှတ် (၇) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စောတော်ပုလဲက ပြောဆိုသည်။

“လက်နက်ကိုင် တိုက်ပွဲတွေက အောက်ခြေမှာ ဖြစ်နေကြတာပါ။ အပေါ်ပိုင်းမှာ ဘာပြဿနာမှ မရှိဘူး။ ဖြစ်နေတဲ့ ပြဿနာတွေကိုလည်း မှန်မှန်ကန်ကန် မျှမျှတတ သုံးသပ် အဖြေရှာမယ်ဆိုရင် ပြေလည်သွားမှာပါ” ဟု KNU ဗဟိုကော်မတီဝင် ဖဒိုစောလှထွန်းက သုံးသပ် ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကရင်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီအဖွဲ့ (KUPC) တာဝန်ရှိသူများ၊ KNU ဗဟိုမှ တာဝန်ရှိသူများ စုစုပေါင်း ၇၀ နီးပါးက လတ်တလော လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ကရင်လက်နက်ကိုင်အဖွဲ့ တချို့နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ကိစ္စများကို ဆွေးနွေးညှိနှိုင်းပြီးနောက် ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Credit - The Voice Weekly



 

No comments:

Post a Comment