Wednesday, October 8, 2014

အကျဉ်းသား၊ အကျဉ်းသူ ၃၀၀၀ ကျော်တွင် ထောက်လှမ်းရေး အရာရှိဟောင်းများနှင့် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူအချို့ ပါဝင်

သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူ ၃၀၀၀ ကျော်တွင် ထောက်လှမ်းရေး အရာရှိဟောင်းများနှင့် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူအချို့ ပါဝင်
■ ထောင်ဒဏ်ကျခံနေရသော မီဒီယာသမားများနှင့် လယ်သမားများ ပါရှိသည်ဟု သတင်းမရသေး
နိုင်ငံတော်သမ္မတက အောက်တိုဘာ ၇ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူ ၃ဝဝဝ ကျော်တွင် ထောက်လှမ်းရေး အရာရှိဟောင်းများနှင့် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူအချို့ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့အစည်းများထံမှ သိရသည်။
သို့ရာတွင် ထောင်ဒဏ်ကျခံနေရသော မီဒီယာသမားများနှင့် လယ်သမားများ ပါရှိသည်ဟု သတင်းမရသေးပေ။

နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂ဝ၄ ပုဒ်မခွဲ (က) နှင့်အညီ အကျဉ်းထောင်အသီးသီးတွင် ထိုက်သင့်သောပြစ်ဒဏ်များ ကျခံပြီးဖြစ်သည့်အပြင် အကျဉ်းထောင်ကျခံစဉ် ကာလအတွင်း စည်းကမ်းကောင်းမွန်သည့် အကျဉ်းသား၊ အကျဉ်းသူ ၃ဝ၇၃ ဦးတို့အား နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာ ၇ ရက် (မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်) တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းဖော်ပြခဲ့သည်။
ယင်းပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် မြန်မာနိုင်ငံသား အကျဉ်းသား ၃ဝ၁၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၅၈ ဦး ပါဝင်ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။
သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့အစည်းများမှ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူ ၁၃ ဦးဝန်းကျင် လွတ်မြောက်မည်ဟု ခန့်မှန်းထားသော်လည်း မသေချာသေးဟု သမ္မတက ဖွဲ့စည်းပေးထားသည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အဖွဲ့ဝင်ဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က ဆိုသည်။
နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူများအနက် တိုင်းရင်းသား အဖွဲ့အစည်းများ၏ တောင်းဆိုမှုဖြင့် လွတ်မြောက်လာသူ နှစ်ဦးရှိကြောင်း၊ ယင်းနှစ်ဦးမှာ မြောင်းမြထောင်မှ စောမြစော(KNU)နှင့် မြစ်ကြီးနားထောင်မှ မာလ(ခေါ်)လရိန်(KIO)တို့ဖြစ်ကြောင်း သိရပြီး ရန်ကုန်အင်းစိန်ထောင်မှ စောကေသမှူး လွတ်မြောက်မည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
ထို့ပြင် ယခုပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်ဟောင်း ရှစ်ဦးပါဝင်ခဲ့ရာ မြင်းခြံထောင်မှ ဦးသိန်းဆွေ၊ ပခုက္ကူထောင်မှ ဦးအောင်ကျော်မိုး၊ ပုသိမ်ထောင်မှ ဦးမောင်သန်း၊ သာယာဝတီထောင်မှ ဦးမြင့်ဦး၊ မအူပင်ထောင်မှ ဦးမင်းသူ၊ မြိတ်ထောင်မှ ဦးအောင်ဇော်၊ တောင်ငူထောင်မှ ဦးနိုင်ဌေး၊ မော်လမြိုင်ထောင်မှ ဦးဆန်းအောင်တို့ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က ဆိုသည်။
မြင်းခြံထောင်မှ လွတ်မြောက်လာသည့် ဦးသိန်းဆွေ(ဗိုလ်မှူးချုပ်ဟောင်း) က “လွတ်မြောက်လာတဲ့အတွက် ဝမ်းသာပါတယ်။ သမ္မတကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျန်တဲ့သူတွေ မြန်မြန်လွတ်အောင် သမ္မတကြီးက လုပ်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ အန်ကယ့်အနေနဲ့ မိသားစုလုပ်ငန်းလေးတွေလုပ်ပြီး တရားအားထုတ်ဖို့ပဲ ရှိတယ်။ ကျန်တာနိုင်ငံရေးဘာညာ ဘာမှလုပ်စရာ အကြောင်းလည်း မရှိပါဘူး။ စိတ်လည်း မဝင်စားပါဘူး” ဟု ပြောကြားသည်။
ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးလိုဟုလည်း ၎င်းကဆိုသည်။
ပခုက္ကူထောင်မှ လွတ်မြောက်လာသော ဦးအောင်ကျော်မိုး(ဗိုလ်မှူးကြီးဟောင်း)က “ကျွန်တော်က ၂ဝဝ၅ ခုနှစ်မှာ ၁၆၁ နှစ်စကျတယ်။ အမှုကတော့ နစကမောင်တောမှာဖြစ်တဲ့ ကိစ္စကြောင့်ဖြစ်တယ်။ ထောင်ကျပြီးတဲ့နောက် လေးပုံတစ်ပုံ လျှော့ရက်တွေရတယ်။ အခု ဆယ်နှစ်လောက်တော့ ပြစ်ဒဏ်ကျန်သေးတယ်။ ပုဒ်မ ၄ဝ၁ နဲ့ပဲ လက်မှတ်ထိုးပြီး လွတ်မြောက်လာတာပါ။ နေရပ်က ပြည်မြို့ကပါ။ မိသားစုရှိတဲ့ဆီကို ပြန်ရမှာဖြစ်တဲ့အတွက် ပျော်ပါတယ်” ဟု ပြောပြသည်။
ကချင်ပြည်နယ် အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနောင်လင်းက “အားလုံး ၁၂၁ ဦးပါ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄ဝ၁၊ အပိုဒ်ခွဲ(၁) အရ လုပ်တာပါ။ နောက်ထပ် ပြစ်မှုမကျူးလွန်ပါဘူးဆိုတဲ့ ခံဝန်ချက်နဲ့ လွှတ်တာပါ” ဟု ပြောကြားသည်။
အကျဉ်းသားများအား လွှတ်ပေးသည့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄ဝ၁၊ အပိုဒ်ခွဲ ၁ အရ လွှတ်ပေးခြင်းမှာ ခံဝန်ကတိဖြင့် လွှတ်ပေးခြင်းဖြစ်ပြီး ပြစ်မှုပြန်လည် ကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ပါဝင်သည့် ကျန်ရှိနေသည့် ပြစ်ဒဏ်များကို ပြန်လည်ကျခံရမည်ဖြစ်ကြောင်း သိရသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သော အကျဉ်းသားများတွင် တပ်မတော်သားဟောင်း တစ်ဦးနှင့် အသက် ၇၅ နှစ်အထက် အကျဉ်းကျခံပြီးသော ကာလလေးပုံသုံးပုံ ရှိပြီးဖြစ်သော အကျဉ်းသား ၁၅ ဦး၊ နေသားကာလ တစ်နှစ်နှင့်အထက်ရှိပြီး ကျခံရန်ကျန်နေသည့် ကာလခြောက်လအောက်ရှိသော နိုင်ငံသားအကျဉ်းသား ၂၉၈၉ ဦး ပါဝင်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအကျဉ်းထောင်မှ လွတ်မြောက်လာသူ ၇၂ ဦးရှိရာ ယင်းသို့ လွတ်မြောက်လာသူများနှင့် ပတ်သက်၍ ကလေးခရိုင် ရဲမှူးကြီးက “ပြစ်ဒဏ်လွတ်ရက် နီးတဲ့သူတွေ သက်ကြီးရွယ်အိုတွေ ပါဝင်ပါတယ်။ လဝကဥပဒေနဲ့ ထောင်ကျလာတဲ့ နိုင်ငံခြားသား ခုနစ်ယောက်လည်း ပါဝင်ပါတယ်” ဟု ပြောကြားသည်။
ဦးရဲအောင်က “ဒီလိုလွှတ်ပေးတဲ့အပေါ် ကျွန်တော်တို့က ကြိုဆိုပါတယ်။ လူမှုရေးအရ ကောင်းတဲ့အချက်ပါ။ ဒီလွှတ်ပေးတဲ့အပေါ်မှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါလဲဆိုတာ အရေးကြီးပါတယ်။ နိုင်ငံရေးအကျဉ်းသား ပြဿနာဟာ ပြည်တွင်းငြိမ်းချမ်းရေးလိုပဲ အရေးကြီးတဲ့ ပြဿနာတစ်ခု ဖြစ်တယ်။ နိုင်ငံရေးပြောင်းလဲမှု စစ်မှန်တဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်ဖို့ကတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ကတော့ အရမ်းအရေးကြီးတဲ့ ပြဿနာပါ။ နိုင်ငံရေးအရ ကောင်းဖို့ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့ လိုအပ်တယ်လို့ မြင်တယ်” ဟုဆိုသည်။
လက်ရှိတွင် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှ နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ထားသူ တစ်ဦးမျှမရှိသော်လည်း နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူ ၇၅ ဦးရှိကြောင်း သိရသည်။
“နိုင်/စစ်ကော်မတီက လောလောဆယ်မှာ နိုင်/ကျဉ်းလို့ ယူဆထားတာ တစ်ယောက်မှမရှိဘူး ဖြစ်နေပါတယ်။ နိုင်/စစ်ကော်မတီမှာ လက်ကျန်နိုင်ငံရေး အကျဉ်းသား ၂၉ ဦးနဲ့ ပတ်သက်ပြီးတော့ ဝိဝါဒ ကွဲပြားနေပါတယ်။ ကßွန်တော်တို့လို အဖွဲ့အစည်းတွေ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပြီးတော့ အစိုးရဘက်အခြမ်းက သူတွေက နိုင်ငံရေးအကျဉ်းသားလို့ မသတ်မှတ်ထားပါဘူး” ဟု ဦးရဲအောင်က ပြောကြားသည်။
သမ္မတဦးသိန်းစိန်၏ အစိုးရသစ် သက်တမ်းအတွင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည့် အကျဉ်းသားပေါင်း နှစ်သောင်းကျော်ရှိရာ နိုင်ငံရေးအကျဉ်းသား ၁၅ဝဝ ကျော် ပါဝင်ခဲ့သည်ဟု ဦးရဲအောင်က ပြောကြားသည်။

Credit - Eleven Media Group

No comments:

Post a Comment