ပုသိမ်၊ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်
ငရုတ်ကောင်းမြို့နယ်ခွဲ ကွင်းဘက်ကျေးရွာ အုပ်စုရှိ တောတွင်းတွင်
တောဆင်ရိုင်းများကို ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်နေသော အဖွဲ့ကို
တပ်မတော်စစ်ကြောင်းက ဖမ်းဆီးရမိခဲ့ကြောင်း ငရုတ်ကောင်းတောင်ရွာမှ
ဒေသခံများက ပြောကြားသည်။
“ဆင်သတ်အဖွဲ့က ခုနစ်ဦးနဲ့
သက်သေခံပစ္စည်းတွေကို ရွာက အုပ်ချုပ်ရေးမှူးရုံးမှာ ခဏထားပြီး
မော်တော်ကားနဲ့ ငပုတောကို ပို့လိုက်တယ်။ ဆင်စွယ်တွေ၊ ဆင်အရေခွံ
ခြောက်တွေလည်း ပါတယ်လို့ ပြောတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံ
ရွာသားတစ်ဦးက ဆိုသည်။
အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းက
ကွင်းဘက်ကျေးရွာအုပ်စု ဘောကြိုးတောင်ကြော ဂတုံစမ်းဝတွင် အမှတ် (၃၈)
ခြေလျင်တပ်ရင်းက စစ်ကြောင်းထွက်စဉ် တောဆင်ရိုင်းများ သတ်ဖြတ်နေသည့်
ငပုတောမြို့နယ် သမ္မာန်လေးရွာနေ မျိုးအောင်ပါ ခုနစ်ဦးက သေနတ်ဒဏ်ရာဖြင့်
သေဆုံးနေသော တောဆင်ရိုင်း အထီးတစ်ကောင်ကို အစွယ်ထုတ်ယူခြင်း၊ အရေခွံ
အခြောက်လှမ်းခြင်းများ ပြုလုပ်နေစဉ် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
လုံးပတ် တစ်လက်မခန့်၊ အလျား ကိုးလက်မခန့်ရှိ ဆင်စွယ်သုံးချောင်း၊ လုံးပတ်
တစ်လက်မခန့် အလျား ခြောက်လက်မခန့်ရှိ ဆင်စွယ်တစ်ချောင်း၊
ဆင်သားရေခြောက်များ ထည့်ထားသော အလေးချိန် ပိဿာ ၆၀ ခန့်ရှိ
ပီနံအိတ်ခုနစ်လုံး၊ ချိန်ခွင်တစ်ခု၊ အရိုးအသွား ၁၉ လက်မခန့်ရှိ ဆင်ဦးစီး
ဓားတစ်ချောင်း၊ ဒူးလေးနှစ်လက်၊ မြားတံ ၁၉ ချောင်း၊ သံဘောစေ့အကြီး
ခြောက်လုံး၊ အသေး ၃၀ လုံး၊ ဖုန်းအမှတ်- ၀၉၄၉၇၁၆၆၄၀ ဆင်းမ်ကတ်ပါ DLAN
အမျိုးအစား လက်ကိုင်ဖုန်း အဖြူရောင်တစ်လုံး၊ အဝတ်အစားများ ထည့်ထားသော
ပီနံအိတ်တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
“မြို့နယ်ဦးစီးနဲ့ လူကြီးတွေ ဆင်သတ်အဖွဲ့ ကိစ္စနှင့်
ပတ်သက်ပြီး တောကို သွားတာကြောင့် အမှုဖွင့်လှစ် တရားစွဲဆိုမှု အခြေအနေကို
ပြောပြလို့ မရသေးဘူး” ဟု ငပုတောမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ကျ
ဝန်ထမ်းတစ်ဦးက ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရခိုင်ရိုးမနှင့်
ထိစပ်လျက်ရှိပြီး တောဆင်ရိုင်းများ နေထိုင်ကျက်စားရာ ဒေသများဖြစ်သော
ပုသိမ်၊ ငပုတော၊ သာပေါင်းမြို့နယ်တို့တွင် တောဆင်ရိုင်းများကို ပစ်ခတ်
ဖမ်းဆီးသတ်ဖြတ်မှုများ ဖြစ်ပေါ်နေသော်လည်း ဖမ်းဆီးရမိသည့် အချိန်တွင်
ဆင်သတ်ပေးရသည့် ဒေသခံများသာ ဖြစ်နေကြောင်း၊ ဂိုဏ်းဖွဲ့၍ ဖမ်းဆီးသတ်ဖြတ်
သယ်ဆောင်ရန် အဓိက ဆောင်ရွက်နေသူများမှာ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း၊ ယခင်က
ဆင်စွယ်ရရှိရန်သာ ဆင်ကို သတ်ဖြတ်နေကြသော်လည်း ယခုအခါ အရေခွံနှင့်
အသားများအတွက်ပါ သတ်ဖြတ်နေကြောင်း ဒေသခံများက ပြောကြားသည်။
Credit - The Voice Weekly
No comments:
Post a Comment