(ဆောင်းပါးရှင် - ကိုသိန်း (ကျောက်ကြီး))
လူရယ်လို့
ဖြစ်လာကြတဲ့အခါ ဘ၀မှာ အဓိပ္ပာယ်ရှိတဲ့ ဘ၀တွေနဲ့အတူ
ရှင်သန်ဖြတ်သန်းသွားချင်ကြမှာပါ။ ဒါ့ကြောင့်လည်း လူတိုင်းလူတိုင်း
လှုပ်ရှားရုန်းကန် ကြိုးစားနေကြခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း
လူချင်းတူပေမယ့် ရှင်သန်ကြီးပြင်းလာချင်းတော့ မတူကြပါဘူး။
ဘယ်လိုအသိုင်းအ၀ိုင်းက ရှင်သန်ကြီးပြင်းလာသူတွေဖြစ်စေ လူ့လောက၊
လူ့ပတ်ဝန်းကျင်အတွက် အကျိုးပြုမယ့်သူတွေ ဖြစ်ဖို့လိုပြီး ကိုယ့်မိသားစု၊
ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံအတွက်
တစ်ဖက်ဖက်က တတ်စွမ်းသမျှ အကျိုးပြုနိုင်တဲ့အဖြစ် ဘ၀မှာ ရှင်သန်ကြဖို့တော့
လိုပါတယ်။ ဒီနေ့ဒီအချိန်အခါမှာ ဘာရည်ရွယ်ချက်မှမရှိဘဲ ဖြစ်သလိုနေ၊
ဖြစ်သလိုစား၊ ဖြစ်သလို ရှင်သန်နေကြမယ်ဆိုရင်
လူဖြစ်လာပေမယ့် နိုင်ငံနဲ့
လူမျိုးအတွက် ဘာမှအကျိုးမပြုတဲ့သူပဲ ဖြစ်နေပါလိမ့်မယ်။
ရည်ရွယ်ချက်မဲ့နေတဲ့ ဘ၀တွေနဲ့အတူ မိဘလုပ်စာ၊ မိန်းမလုပ်စာ၊
ညီအစ်ကိုမောင်နှမလုပ်စာ ထိုင်စားပြီး ဘယ်သူ့ကိုမှ အကျိုးမပြုဘဲ အချိန်တွေ
ထိုင်ဖြုန်းနေမယ် ဆိုရင်တော့ ရှင်သန်နေရတဲ့ ဘ၀တွေက
အဓိပ္ပာယ်မဲ့နေကြပါလိမ့်မယ်။ လူသားတစ်ဦး ဖြစ်လာပြီဆိုရင်တော့
မိမိတတ်နိုင်သမျှ တစ်ထောင့်တစ်နေရာကနေ နယ်ပယ်အသီးသီးရဲ့
အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ကူညီ ပံ့ပိုးပြီး တာဝန်ကျေပွန်ကြဖို့လည်း
လိုပါတယ်။ အသိဉာဏ်ရှိတဲ့ လူသားတစ်ဦးဖြစ်ပြီး ကိုယ့်မိသားစု၊
ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံမှာ ဘယ်ထောင့်၊ ဘယ်နေရာ၊ ဘယ်သူ့အတွက်မှ
အကျိုးမပြုဘူးဆိုရင် ငါဟာ အသိဉာဏ်ရှိတဲ့ လူသားတစ်ဦး ဖြစ်ထိုက်ရဲ့လား၊
ရှင်သန်နေတဲ့ ငါ့ဘ၀က အဓိပ္ပာယ်ရှိရဲ့လားလို့ မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ်
မေးခွန်းထုတ်ဖို့ လိုကြပါလိမ့်မယ်။
စာရေးသူကတော့ လောကကြီးမှာ
လူရယ်လို့ဖြစ်လာရင် မထင်မရှားနဲ့ ပျောက်ကွယ်သွားတဲ့သူတွေ မဖြစ်စေချင်ပါဘူး။
ရှင်သန်နေတဲ့ လူမှုဘ၀တွေမှာ အဓိပ္ပာယ်တွေ ရှိစေချင်ပါတယ်။ လူရယ်လို့
ဖြစ်လာရင် ဘ၀မှာ ကောင်းသောနာမည်တစ်လုံးနဲ့ လူသားတစ်ဦးအဖြစ်
ကျန်ရစ်ခဲ့ဖို့ဆိုတာ ဘ၀ရဲ့ အဓိကကျတဲ့အချက်ပဲ ဖြစ်ပါတယ်။ ငါဟာ အသိဉာဏ်ရှိတဲ့
လူသားတစ်ဦး ဖြစ်တဲ့အတွက် လောကကြီးမှာ မထင်မရှားနဲ့ လောကကြီးအတွင်းက
မထွက်ခွာနိုင်ဘူး။ ငါဟာ ငါ့မိသားစု၊ ငါ့ပတ်ဝန်းကျင်၊ ငါ့ဒေသ၊
ငါ့နိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေ တတ်အားသရွေ့ ငါတတ်နိုင်သလို
ပါဝင်ဆောင်ရွက်သွားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မွေးကြဖို့ လိုပါတယ်။
အဲဒီလိုစိတ်မျိုးထားတဲ့ လူတွေ တဖြည်းဖြည်းများလာရင် စာရေးသူတို့ရဲ့
လူမှုပတ်ဝန်းကျင်ဟာ တာဝန်သိမှု၊ တာဝန်ယူမှုတွေနဲ့အတူ အသိဉာဏ်တွေ
မြင့်မားတဲ့ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်တွေကို တည်ဆောက်နိုင်ကြမှာ
ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန်အခါမှာ လူသားမဆန်တဲ့ အဓမ္မ၀ါဒီတွေ
လွှမ်းမိုးနေမှုတွေကြောင့် ယနေ့လူနေမှုပတ်ဝန်းကျင်ဟာ လူသားဆန်တဲ့
ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်နဲ့ အလှမ်းဝေးနေကြခြင်း ဖြစ်ပါတယ်။
လူလူချင်း တန်ဖိုးမထားတာ၊ လူလူချင်း စာနာစိတ်မထားတာ၊
ကိုယ့်အကျိုးပဲကြည့်ပြီး သူတစ်ပါးအကျိုး မကြည့်တာတွေဟာ လူသားဆန်တဲ့
လုပ်ရပ်တွေ မဟုတ်ပါဘူး။ လူရယ်လို့ဖြစ်လာပြီး၊ လူ့အသိစိတ်ဓာတ်တွေရှိရင်
လူသားအချင်းချင်း တန်ဖိုးထားတတ်ကြဖို့ အရေးကြီးလှပါတယ်။
ကမ္ဘာ့ရေးရာတွေမှာလည်း လူသားမျိုးနွယ်ချင်း မတူညီကြပေမယ့် လူသားအချင်းချင်း
တန်ဖိုးထားပြီး ဘေးဒုက္ခအမျိုးမျိုးရောက်နေတဲ့ လူမျိုးပေါင်းစုံကို
လူသားပီသစွာ ကူညီရိုင်းပင်းနေကြတဲ့ လူသားအကျိုးပြု နိုင်ငံတကာ
အဖွဲ့အသီးသီးရဲ့ လုပ်ရပ်တွေဟာ နမူနာယူစရာ ကောင်းလှပါတယ်။
ဒါ့အပြင်
ပြည်သူတွေဟာ စားဝတ်နေရေး၊ ဘ၀ရှင်သန်ရေးအတွက် ခက်ခဲတဲ့ဘ၀တွေကို
ရုန်းကန်နေရမယ် အနိုင်ကျင့်ခံနေရမယ် အဖိနှိပ်ခံနေရမယ် လုပ်ရင်လုပ်သလောက်
အကျိုးအမြတ် မခံစားကြရဘူး။ နိုင်ငံအတွင်းမှာလည်း အလုပ်လက်မဲ့တွေ
ပေါများနေပြီး အစိုးရနဲ့ ပြည်သူတွေဟာ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုတွေ
ပျက်ပြားနေပြီဆိုရင်တော့ အဆိုပါတိုင်းပြည်ရဲ့ အစိုးရနဲ့
နိုင်ငံခေါင်းဆောင်တွေဟာ ရေရှည်မတည်မြဲနိုင်ဆိုတာ ယနေ့သမိုင်း
စာမျက်နှာတွေက သက်သေပြလျက် ရှိနေပါတယ်။
ဒါပေမဲ့လည်း
ယနေ့အချိန်အခါမှာ ပြည်သူပြည်သားတွေ ဘယ်လိုဘ၀တွေနဲ့
ရှင်သန်ရပ်တည်နေကြသလဲဆိုတာ နိုင်ငံတော်အစိုးရအနေနဲ့ အောက်ခြေအထိ
ထဲထဲဝင်ဝင်သိဖို့ လိုအပ်နေပါတယ်။ အဓိက,ကတော့ အနာဂတ်နိုင်ငံတော်ရဲ့
မျိုးဆက်သစ်လူငယ်တွေရဲ့ အခန်းကဏ္ဍကို ပိုပြီးအလေးအနက်ထားပေးကြဖို့ လိုပါတယ်။
ဘွဲ့ရပြီး အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလို့ မျှော်လင့်ချက်မဲ့နေတဲ့
လူငယ်တွေ၊ အလုပ်အကိုင်မရှိလို့ စိတ်လေပြီး မူးယစ်ဆေးဝါးရဲ့
သားကောင်ဖြစ်သွားကြတဲ့ လူငယ်တွေ၊ မိမိတို့ရဲ့ အရည်အချင်းနဲ့
ပြည်တွင်းမှာရနိုင်တဲ့ အလုပ်အကိုင် အခြေအနေဟာ ကျေနပ်လောက်စရာမရှိလို့
ပြည်ပကို ထွက်ခွာသွားကြတဲ့ ပညာတတ်လူငယ်တွေ၊ မိသားစု စားဝတ်နေရေး
ဖြေရှင်းဖို့အတွက် ရရာအလုပ်ကိုလုပ်ဖို့ ပြည်ပကို တရားဝင်သော် လည်းကောင်း၊
တရားမ၀င်သော် လည်းကောင်း ထွက်ခွာနေတဲ့ လူငယ်တွေအဖြစ်ကို လျစ်လျူရှု
မထားသင့်ကြပါဘူး။ ယနေ့အချိန်အခါမှာ နိုင်ငံရဲ့ အဓိကကျတဲ့ လိုအပ်ချက်ဟာ
အလုပ်အကိုင် အခွင့်အလမ်းတွေပဲ ဖြစ်ပါတယ်။ အလုပ်အကိုင်တွေ
ကိုယ်စီရှိကြမှလည်း လူငယ်တွေ ယုံကြည်မှုတွေ ရှိကြမှာပါ။ နိုင်ငံအတွင်း
အလုပ်လက်မဲ့တွေ များလာတာနဲ့အမျှ လူမှုရေးပြဿနာတွေ ပေါ်ပေါက်လာနိုင်တာဟာ
အရှိတရားတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း နိုင်ငံရဲ့ အရေးကြီးလှတဲ့
အလုပ်လက်မဲ့ပြဿနာကို နိုင်ငံတော်အစိုးရအနေနဲ့ အတတ်နိုင်ဆုံး
ဖြေရှင်းဆောင်ရွက်ပေးသွားမှသာ လူမှုရေးပြဿနာကတစ်ဆင့် ပေါ်ပေါက်လာနိုင်တဲ့
ဥပဒေမဲ့လုပ်ရပ်တွေ၊ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အနေအထားတွေ လျော့ပါးသွားမှာ
ဖြစ်ပါတယ်။
ထို့အတူပါပဲ ဒီနေ့ဒီအချိန်အခါမှာ
နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူတွေ ရပ်တည်ရှင်သန်နေရတဲ့ လက်တွေ့ဘ၀တွေကို
မျက်ကွယ်ပြုမထားသင့်တော့သလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့လည်း
ပြည်သူတွေ လက်ရှိခံစားနေရတဲ့ လူမှုဒုက္ခတွေနဲ့ လက်တွေ့ဘ၀တွေကို
ယခင်ကထက်ပိုမိုပြီး လွှတ်တော်အတွင်း တင်ပြဆွေးနွေးသွားကြဖို့ လိုအပ်လှပါတယ်။
နိုင်ငံနဲ့ လူမျိုးအကျိုးမရှိတဲ့ အဆိုမှန်သမျှ ပြည်သူတွေကိုယ်စား
ဆန့်ကျင်ကန့်ကွက်သွားကြပြီး ပြည်သူတွေ ယုံကြည်လက်ခံလာအောင် ပြည်သူ့ကိုယ်စား
ဆောင်ရွက်ပေးကြဖို့ လိုနေကြပါသေးတယ်။ ပြည်သူတွေ ယုံကြည်ကိုးစားလောက်တဲ့
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာအောင် အလုပ်နဲ့ သက်သေပြကြပြီး
ပြည်သူတစ်ရပ်လုံး ယုံကြည်ကိုးစားလောက်တဲ့ ပြည်သူ့လွှတ်တော်ကြီးအသွင်
ရောက်ရှိလာအောင်လည်း ဆောင်ကြဉ်းသွားကြဖို့ လိုနေပါတယ်။ ပြည်သူ့အသံ၊
လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ ဆိုပေမယ့် ပြည်သူတွေရဲ့ဆန္ဒနဲ့
တစ်သားတည်း မဖြစ်သေးတာဟာလည်း ပြည်သူတွေရဲ့အသံတွေ ပြည်သူတွေရဲ့ ခံစားမှုတွေဟာ
လွှတ်တော်ထဲရောက်ရှိလောက်အောင် ဆောင်ကြဉ်းပေးဖို့ လိုအပ်နေသေးတယ်ဆိုတာကို
ဖော်ပြရာရောက်နေစေပါတယ်။ ဒါကြောင့်လည်း ဒုက္ခများစွာနဲ့ ရှင်သန်နေကြရတဲ့
အခြေခံလူတန်းစား ပြည်သူအများစုရဲ့ အခက်အခဲနဲ့ ဘ၀လိုအပ်ချက်တွေကို
အပြောနဲ့မဟုတ်ဘဲ လက်တွေ့ဖြည့်ဆည်းပေးကြရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း
ယနေ့နိုင်ငံနဲ့ လူမျိုးအတွက် အဓိကကျတဲ့၊ အရေးကြီးတဲ့
နိုင်ငံရေးအခင်းအကျင်းတစ်ရပ်ကိုေ၀၀ါးနေအောင် ဖန်တီးထားမယ့်၊ ပြည်သူတွေ
လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးဆိုတဲ့ အရေးသုံးပါးကို
လျစ်လျူရှုထားကြမယ်ဆိုရင် နိုင်ငံရဲ့ ဒီမိုကရေစီခရီးလမ်း ရှေ့ဆက်ဖို့ဆိုတာ
အလှမ်းဝေးနေဦးမှာပါ။ နိုင်ငံနဲ့ ပြည်သူတွေအပေါ် အမှန်တကယ်
စေတနာထားတယ်ဆိုရင်တော့ ပြည်သူတစ်ရပ်လုံး လက်ခံယုံကြည်လောက်တဲ့
နိုင်ငံရေးအခင်းအကျင်းတစ်ရပ်ကို ၂၀၁၅ ခုနှစ်မတိုင်မီ ဖန်တီးပေးသွားဖို့
လိုပါတယ်။ မသေချာမရေရာတဲ့ နိုင်ငံရေးဖြစ်စဉ်တွေနဲ့အတူ ပြည်တွင်းစစ်နွံနဲ့
စားဝတ်နေရေးနွံတွင်း (ဆင်းရဲတွင်း) ကနေ ရုန်းထွက်လာအောင်
မဆောင်ကြဉ်းပေးသမျှ ပြုပြင်ပြောင်းလဲရေးလို့ အသံကောင်းဟစ်နေပေမယ့်
လက်တွေ့ဖြစ်လာဖို့ဆိုတာ ခက်ခဲနေကြဦးမယ် ထင်ပါတယ်။ သို့ဖြစ်၍လည်း ‘ကျုပ်ဟာ
သူတစ်ပါးအတွက် အသက်ရှင်နေရမယ်၊ ကိုယ့်အတွက် သက်သက် ရှင်သန်မနေရဘူး။ ဒါဟာ
လူလတ်တန်းစားရဲ့ အကျင့်သီလပါပဲ’ ဆိုတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်
ဂျော့ဘားနဒ်ရှောရဲ့ အဆိုအမိန့်ကို အလေးအနက်ထားပြီး မိမိတို့ရှင်သန်နေတဲ့
ဘ၀မှာ ပြည်သူတစ်ရပ်လုံး ဂုဏ်ပြုလောက်တဲ့ နိုင်ငံနှင့်
လူမျိုးတစ်ရပ်လုံးအတွက် ဂုဏ်ယူထိုက်တဲ့သူတွေဖြစ်အောင်
ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးကြဖို့
လိုအပ်ပါကြောင်း ရေးသားလိုက်ရပါတယ်။
Credit - Eleven Media Group
No comments:
Post a Comment