(ဆောင်းပါးရှင် - မောင်တင်ဦး (မြောင်းမြ))
ချစ်သူ့နဖူးပြင်
ချစ်ခင်ကြည်နူးနေကြတဲ့ လူငယ်စုံတွဲကိုကြည့်ပြီး စိတ်ချမ်းသာမိပါတယ်။ ကောင်လေးက ကောင်မလေးရဲ့ နဖူးမှ ၀ဲကျနေတဲ့ ဆံနွယ်လေးကို သာသာယာယာ မ,တင်ပေးလိုက်ပြီး ကောင်မလေးရဲ့မျက်နှာကို မြတ်မြတ်နိုးနိုး ကြည့်နေတာ။ ကောင်မလေးက ရှက်စနိုးနဲ့ မျက်နှာကို ခပ်လွှဲလွှဲလုပ်၊ မျက်စေ့လေးမှိတ်ထား။ ကြည့်ရတာ အသည်းယားစရာ။ ကောင်လေးက သူ့ကျောပိုးအိတ်ထဲမှ တစ်ရှူးထုပ်ကိုယူပြီး တစ်ရှူးတစ်ရွက် ထုတ်လိုက်တာ။ ပြီးတော့ ကောင်မလေးရဲ့ နဖူးစမှ ချွေးစချွေးနတွေကို တယုတယ သုတ်ပေးပြန်ပါတယ်။ ဘိုင်စကုတ်
ကြည့်နေရသလိုပဲ။ ကောင်မလေးက အအေးဘူးကို ပိုက်ကစုပ်သောက်မပျက် ငြိမ်နေပါတယ်။ မြင်ကွင်းက လှပကြည်နူးစရာမို့ ကြည့်လက်စနဲ့ ကြည့်နေမိပါတယ်။ ရုတ်တရက်မြင်ကွင်းက အရုပ်ဆိုးသွားပါတယ်။ ကောင်မလေးက သောက်လို့ကုန်သွားတဲ့ အအေးဘူးကို ဘတ်စ်ကားပြတင်းပေါက်မှ လမ်းပေါ်ကို ပစ်ချလိုက်ပါတယ်။ ကောင်လေးကလည်း လက်ထဲမှ တစ်ရှူးစတွေကို ပစ်ချလိုက်ပါတယ်။ ပြီး ကောင်လေးက ကောင်မလေးလက်မောင်းကို ဖက်လိုက်ရင်း ဘာကိုသဘောကျနေကြလဲ မသိဘူး။ အားရပါးရ ရယ်မောနေကြပါတယ်။ လမ်းပေါ်မှာ ဒလိမ့်ခေါက်ကွေး လွင့်ကျန်ရစ်တဲ့ အအေးဘူးနဲ့ တစ်ရှူးတွေကို မျက်လုံးက ရောက်သွားပါတယ်။ လူငယ်စုံတွဲက ချစ်စရာကောင်းသလောက် အအေးဘူးနဲ့ တစ်ရှူးတွေက ရုပ်ဆိုးအကျည်းတန်သွားပါတယ်။ တစ်ရှူးတွေဟာ လိုအပ်နေတုန်းက ချစ်သူ့နဖူးပေါ်မှာ၊ ချစ်သူ့ပါးပေါ်မှာ၊ အအေးဘူးက ချစ်သူရင်ထဲ အေးမြဖို့ အမောပြေဖို့ ချစ်သူနှုတ်ဖျားထဲမှာ။ ခုတော့ သူတို့က စွန့်ပစ်ပစ္စည်း၊ အမှိုက်ဖြစ်သွားပြီပေါ့။ မလိုအပ်တော့ဘူးပေါ့။ မလိုအပ်တော့ရင် ဒီလိုပဲ စွန့်ပစ်မှာလား။ ချစ်သူကို ယုယသလို မဖြစ်နိုင်ပေမယ့် ချစ်သူအတွက် အသုံးခံခဲ့တဲ့ ကျေးဇူးတွေတော့ ထောက်ထားပြီး ကြုံရာမှာ ပစ်မထားပဲ ရှိသင့်တဲ့နေရာ အမှိုက်ပုံးထဲကို နည်းနည်းလေး အပင်ပန်းခံပြီး သွားထည့်ပေးလိုက်ပါလား။ ဒါဆို ချစ်သူတွေရဲ့ အချစ်ကြောင့် လောကကြီးလှပစေသလို အမှိုက်ကြောင့် ကမ္ဘာမြေပြင်လည်း ရုပ်မဆိုးတော့ဘူးပေါ့။
စင်စစ် အမှိုက်မဖြစ်မီက အလွန်မှ အသုံးတည့် အသုံးဝင်တဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းပါ။ ဘုန်းတော်ကြီး သင်္ကန်းကို ထုပ်ပိုးထားတဲ့ ပလတ်စတစ်စ၊ စက္ကူဘူးတွေဟာ သင်္ကန်းကို တန်ဖိုးရှိအောင်၊ လုံခြုံအောင်၊ သန့်ရှင်းအောင် ကာကွယ်ပေးထားတဲ့ အရေးတကြီး ပစ္စည်းတွေပါ။ သင်္ကန်းကို လူတကာလက်နဲ့ကိုင်လို့ ညစ်ပေမှာ၊ ဖုန်တွေ၊ အညစ်အကြေးတွေ ကပ်ညိမှာ သဒ္ဓါတရား ပိုမိုထက်သန်အောင် သရုပ်ဖော်နိုင်ဖို့ ရေးချယ်ထားတာ၊ ဒါတွေဟာ အမှိုက်မဖြစ်မီက ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့တာပါ။
ချစ်သူ့မျက်နှာဆိုတာ ကမ္ဘာပေါ်မှာ အလှဆုံးပါ။ ချစ်သူမျက်နှာညှိုးရင် မနေတတ်ကြပါဘူး။ လန်းနေတဲ့ မျက်နှာလေးကို တွေတွေငေးငေးကြည့်နေရတာ ရင်ခုန်စရာ ကောင်းပါတယ်။ ငေးငေးစိုက်စိုက်ကြည့်လိုက်မိလို့ ချွေးစဖုန်တစ်မှုန့်တွေ့လိုက်ရင် အလှမျက်နှာမှာ စိုးတတ်ပါတယ်။
ကမ္ဘာ့မျက်နှာပြင်
မြေကမ္ဘာရဲ့ မျက်နှာပေါ်မှာ ချစ်သူနဖူးပေါ်က ချွေးသုတ်ပြီးသား တစ်ရှူးစကို ပစ်ချလိုက်တာ မြေကမ္ဘာရဲ့ မျက်နှာမှာ အရုပ်ဆိုးသွားမှာ အကျည်းတန်သွားမှာ မစိုးရိမ်ဘူးလား။ ကမ္ဘာမြေရဲ့မျက်နှာဟာ ချစ်သူ့မျက်နှာလောက် အရေးမကြီးပေမယ့် ချစ်သူကို ထမ်းပိုးထားတဲ့ ကျေးဇူး၊ ချစ်သူအတွက် လိုသမျှ ရေ၊ အစားအစား၊ သီးနှံသစ်ပင်တွေ ဖူးပွင့်ဝေဆာပေးဆပ်နေတဲ့ ကျေးဇူး၊ တောတောင်ရေမြေ လူသားအားလုံးကို နေထိုင်ခွင့်ပြုထားတဲ့ ကျေးဇူး ကျေးဇူးတွေက မနည်းမနောပါပဲ။ စင်စစ် မြေကမ္ဘာက ချစ်သူတွေကို နေခွင့်ပေးရုံသာမက ရှင်သန်ခွင့်၊ အောင်မြင်ခွင့် စတဲ့ အခွင့်အရေးပေါင်းများစွာ ပေးထားတဲ့အပြင် သေဆုံးခွင့်ပါ ပေးနေတာပါ။ လူသားတွေ မနှစ်မြို့လို့ စွန့်ပစ်လိုက်တဲ့ အပုပ်ကောင်ကိုလည်း မြေကမ္ဘာက ကြည်ကြည်ဖြူဖြူ မြှုပ်နှံသင်္ဂြိုဟ် ထွေးပွေ့ထားပါတယ်။ ဆိုတော့ မြေကမ္ဘာကို ချစ်ကြရပါမယ်။ မြေကမ္ဘာရဲ့ မျက်နှာပြင်ကို ချစ်သူ့ရဲ့မျက်နှာလို သဘောထားသင့်ပါတယ်။ ချစ်သူမျက်နှာပေါ်က ဖုန်မှုန့်တွေ သန့်စင်ပေးသလို မြေကမ္ဘာရဲ့မျက်နှာကို ရှင်းသန့်ပေးရပါမယ်။ ချစ်သူ့မျက်နှာ ညှိုးမှာစိုးသလို မြေကမ္ဘာမျက်နှာပြင် အရုပ်ဆိုးမှာ စိုးရပါမယ်။
ဒါဆို မြေကမ္ဘာပေါ်မှာ စိမ်းလန်းစိုပြည်နေတဲ့ သစ်တောတွေ၊ ပန်းမန်တွေ၊ သယံဇာတတွေ၊ တောတောင်ရေမြေ မြစ်ချောင်းအင်းအိုင်တို့ကိုလည်း ထာဝရရှင်သန်အောင် ပြုစုပျိုးထောင် ရှင်းသန့်ပေးရပါမယ်။ သနပ်ခါးလိမ်းထားတဲ့ ချစ်သူ့ပါးကို ရှိုက်နမ်းရတဲ့ အရသာဟာ ဘယ်အရာနဲ့မှ မလဲနိုင်သလို ခဏခဏလည်း နမ်းချင်နေမှာပါ။ ဒီလိုပါပဲ မြေကမ္ဘာပေါ်မှာ သဲကန္တာရတွေ တင်းကျမ်းပြည့်နေမယ့်အစား စိမ်းလန်းစိုပြည် မြေမျက်နှာပြင်တွေသာ နေရာတိုင်းမှာ ပြည့်နေရမှာပေါ့။ ဒါမှ မြေကမ္ဘာကို မြတ်နိုးရာကျမှာပေါ့။
ဒီလိုမဟုတ်ဘဲ ချစ်သူပါးကိုတော့ သ,နေပြီး မြေကမ္ဘာကို အမှိုက်ချနေတာဟာ လူသားတစ်ယောက်အနေနဲ့ တာဝန်မဲ့လွန်းပါတယ်။ ချစ်သူကို ချစ်သလို၊ အမေကို မြတ်နိုးသလို မြေကမ္ဘာကို ချစ်ခင်မြတ်နိုးရပါမယ်။ တကယ်ဆို မြေကမ္ဘာဟာ မိမိချစ်သူရဲ့ ချစ်ခင်မှုကို ပေးနေသလို၊ အမေတစ်ယောက်လို သည်းခံခွင့်လွှတ် နားလည်ပေးနေလို့ ဖြစ်ပါတယ်။ လူသားတစ်ယောက်အနေနဲ့ မွေးရာမှ သေသည်ထိ ဘ၀တစ်လျှောက်လုံး မှီတင်းနေထိုင် အားကိုးနေရတဲ့ မြေကမ္ဘာပြင်ရဲ့ မျက်နှာကို အိုးမဲသုတ်သလို မလုပ်မိဖို့၊ အမှိုက်ကို မြေကမ္ဘာပေါ်မှ ပစ်ချချင်တိုင်း မပစ်ချစေလိုပါဘူး။
မြေပြင်ပေါ်ပစ်ချလိုက်တဲ့ တစ်ရှူးစလေးအမှိုက်ဟာ လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလေးကပဲ ချစ်သူနဖူးပြင်ပေါ်မှာ ရှိနေတာကို မေ့မပစ်လိုက်ပါနဲ့။ အမှိုက်ဖြစ်သွားလို့ လွှင့်ပစ်ရမှာ မှန်ပေမယ့် အမှိုက်နေရာ အမှိုက်ထားရမှာပါ။ ချစ်သူနဖူးပြင်ပေါ်ကို ချစ်သူနဖူးပြင်နဲ့ ထိုက်တန်တဲ့ပစ္စည်းနဲ့သာ ထိတွေ့ရပါမယ်။ ထို့အတူ အမှိုက်ကိုလည်း အမှိုက်နဲ့ တန်တဲ့နေရာမှာ ထားရပါမယ်။ ကမ္ဘာမြေပြင်ဟာ အမှိုက်ပုံး မဟုတ်ပါဘူး။ ကမ္ဘာမြေပြင်ဟာ သင်နဲ့သင့်ချစ်သူတို့ ပျော်ရွှင်စွာနေထိုင်ရမယ့် ဗိမာန်ကြီးပါ။ ဒီဗိမာန်ကြီးကို ညစ်ပတ်ပေရေအောင် မလုပ်သင့်ပါဘူး။ အမှိုက်ကြောင့် အရုပ်ဆိုး အကျည်းတန်အောင် မလုပ်ထိုက်ပါဘူး။
အမှိုက်ကို စနစ်တကျ စွန့်ပစ်တာဟာ ချစ်သူကို တန်ဖိုးထားချစ်တာနဲ့ တူပါတယ်။ ကြုံတဲ့နေရာမှာ အမှိုက်ပစ်တတ်တာဟာ ကြုံတဲ့နေရာမှာ ချစ်သူထားတတ်တာနဲ့ တူပါတယ်။ မျက်နှာများတဲ့ချစ်သူ မဖြစ်ချင်ရင် တွေ့ကရာ အမှိုက်ပစ်သူမဖြစ်ဖို့ လိုအပ်ပါတယ်။ အမှိုက်ဟာ စနစ်တကျ စွန့်ပစ်တတ်ရင် မြေကမ္ဘာကို အကျိုးပြုနိုင်ပါတယ်။ မြေဆီသြဇာ ခန်းခြောက်သွားတဲ့ မြေပေါ်မှာ ထိုမြေပေါ်ပေါက်သစ်ပင်မှ သစ်ရွက်ခြောက်တို့က မြေသြဇာပြန်ဖြစ်စေပါတယ်။
မြေကမ္ဘာဟာ အမေနဲ့တူသလို၊ ချစ်သူနဲ့လည်း တူပါတယ်။ အမေ့ထံမှ နို့ချိုရတယ်။ ခြင်မှက်မကိုက်အောင် စောင့်ရှောက်မှုတွေ ရတယ်။ ၀ါးဖတ်တော်က ဆီဓာတ်ပြည့်နေတဲ့ ထမင်းကို ၀ါးကျွေးတယ်။ ရေမိုးချိုး သနပ်ခါး ခြေဆုံးခေါင်းဆုံးလိမ်း လှပမွှေးပျံ့နေအောင် ခြယ်မှုန်းပေးတယ်။ လူ့ဘ၀ထဲမှာ လူတစ်ယောက်အနေနဲ့ လူရာဝင်လာအောင် အမေက အစစ ပြင်ဆင်ပေးတယ်။ ထို့အတူ မြေကမ္ဘာကလည်း လယ်ယာမြေမှ ဆန်စပါး၊ ကောက်ပဲသီးနှံ၊ သောက်ရေချို၊ ဆောက်လုပ်စရာ သစ်ဝါး၊ ဓနိ လူသားတွေ လိုသမျှပေးနေတာ မဟုတ်လား။ အမေကို လူမှန်းမသိခင်က အမေ့ပါးကို ရိုက်ခဲ့တာ၊ အမေ့နို့ကို လိမ်ဆွဲခဲ့တာ၊ အမေတစ်ခါမျှ မငြိုငြင်ခဲ့သလို၊ မြေကမ္ဘာကို လူသားတွေ ရေနံလိုချင်လို့၊ ရွှေလိုချင်၊ ကြေးလိုချင်လို့ ဓာတ်ငွေ့လိုချင်လို့ တူးဆွပေမယ့် အမေမြေကမ္ဘာက ဘာမှပြန်မတုံ့ပြန်ခဲ့ပါဘူး။
ချစ်သူကဘ၀ရဲ့ လက်တွဲဖော်ဖြစ်သလို မြေကမ္ဘာကလည်း လူသားကိုမွေးရာမှ သေဆုံးသည်အထိ ထာဝရထွေးပွေ့ လက်တွဲနေတာပါ။ ချစ်သူက စိတ်ကောက်လို့ မခေါ်မပြောနေနိုင်ပေမယ့် မြေကမ္ဘာက လူသားကို ဘယ်တုန်းက စိတ်ကောက်ခဲ့ဖူးလို့လဲ။ ချစ်သူကိုလွမ်းလို့ တမ်းတစိတ်နဲ့ မိုးကောင်းကင်ကို ငေးကြည့်နေခိုက်မှာ မြေကမ္ဘာဟာ အလိုက်တသိ ဖိုးလမင်းဆွဲဆောင်ခေါ်ယူပြီး ချစ်သူကို အလွမ်းပြေ စိတ်သက်သာစေပါတယ်။ ချစ်သူပန်ဖို့ မြေကမ္ဘာဟာ စံပယ်တွေကို ဖူးပွင့်မွှေးပျံ့စေသလို ချစ်သူ့လည်မှာဆွဲဖို့ ခရေပန်းတွေကိုလည်း မြေကမ္ဘာက ကြဲဖြန့်ပေးခဲ့တာပဲ မဟုတ်လား။ ဒီလို လူသားတွေလိုသမျှ မြေကမ္ဘာကို ဘယ်အခါများ ငြိုငြင်ခဲ့ဖူးသလဲ။ ထို့အတူ လူသားတွေ စွန့်ပစ်သမျှ အညစ်အကြေးအားလုံးကို မြေသားက သိမ်းထားသိုဝှက်ပေးခဲ့တယ် မဟုတ်လား။ သက်မဲ့သတ္တ၀ါမှန်သမျှကို မြေသားက မြှုပ်နှံသင်္ဂြိုဟ်ခွင့်ပြုခဲ့ပြီး လူသားတွေပတ်ဝန်းကျင်ကို သန့်ရှင်းအောင် စွမ်းဆောင်ပေးနေဆဲဆိုတာ လူသားတွေ မျက်မြင်ပါပဲ။ တကယ်ဆို ချစ်တဲ့သူသေသွားလို့များ ဘယ်သူက ပုပ်ပွနံစော်လာတဲ့ ရုပ်အလောင်းကို မရွံမရှာ ထွေးပိုက်ထားကြဘူးလို့လဲ။ နာရေးကူညီမှုအသင်းရဲ့ အကူအညီနဲ့ ရေခဲတိုက်ကို နာရီပိုင်းအတွင်း အိမ်ပေါ်မှစွန့်ပစ်လိုက်ကြတာ မဟုတ်လား။ မြေကမ္ဘာက လူသားတွေစွန့်ပစ်တဲ့ အပုပ်ကောင်တွေကို သူ့မြေကြီးထဲမှာ သိမ်းဆည်းပေးကာ လောကရဲ့ မသတီစရာတွေကို တစ်ခါမျှ ရွံရှာဟန် မပြခဲ့ပါဘူး။
သည်မျှ သဘောထားပြည့်ဝတဲ့ မြေကမ္ဘာကို လူတွေက သူ့နှယ်သဘောထား မရှိကြတာလဲ။ အပြစ်ကင်းစင်ပြီး လူသားတွေကို ချစ်ခြင်းအစဉ်ထားတဲ့ မြေကမ္ဘာကို ချစ်သူမျက်နှာလို တန်ဖိုးထားတတ်ကြရင် မြေကမ္ဘာကို သန့်ရှင်းအောင် ၀ိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရပါလိမ့်မယ်။ အမှိုက်ကို စနစ်တကျစွန့်ပစ်ခြင်းဖြင့် မြေကမ္ဘာရဲ့အချစ်ကို တုံ့ပြန်ကြပါစို့။
Credit - Eleven Media Group
No comments:
Post a Comment