– မောင်အံ့(မဟာဝိဇ္ဇာ-ဘုံဘေ)
ဗုဒ္ဓဘာသာဝင် လူထုအား မဲဆွယ်တရား ဟောရခြင်းသည် ရဟန်းတော်များအတွက် အခက်အခဲ မရှိ၊ လွယ်ကူလှပေသည် . . .
~~~~~~~~~~~~~~~~~~~~~~~~
ယခင်တစ်ပတ်မှအဆက်
နိုင်ငံပါတီများ အစိပ်စိပ် ကွဲပြားသလောက် သံဃာတော်များလည်း အစိပ်စိပ် ကွဲပြားခဲ့ကြသည်။ ကိုလိုနီခေတ် ကလည်း ဂျီစီဘီအေအဖွဲ့ကြီး ညီညွတ်နေစဉ်က သံဃာ့သာမဂ္ဂီ အဖွဲ့ကြီးကိုလည်း ရာဇာဓိရာဇဂုရု ဘေးမဲ့ ဆရာတော်ကြီး ဦးဆောင်မှုအောက်၌ တညီတညွတ်တည်း ရှိခဲ့ကြသည်။
နောက်ပိုင်းတွင် ဂျီစီဘီအေ အဖွဲ့ကြီးမှ ဂျာမနီပြန် ဦးစိုးသိမ်းနှင့် သမ္မတ ဦးချစ်လှိုင်တို့ နှစ်ဖွဲ့ကွဲသွားပြီး တစ်ဖန် ဆက်လက်၍ ဓားမပါတီ၊ ၀ံသာနုပါတီ၊ ဆင်းရဲသားပါတီ၊ ဂဠုန်ပါတီ စသည်ဖြင့် ကွဲပြားသွားခဲ့ရာ သံဃာ့ အဖွဲ့အစည်း များသည်လည်း အလားတူ ကွဲပြားသွားကြသည်။ ကျေးရွာ တစ်ရွာတည်းမှာပင် တောင် ကျောင်းက ၀ံသာနု၊ မြောက်ကျောင်းက ဓားမပါတီ၊ အရှေ့ကျောင်းက ဆင်းရဲသားပါတီဖြစ်နေကြ၍ ကျေးရွာ ဘုရားပွဲ ကျင်းပသည့်အခါ ““တောင်ကျောင်းပါရင် ငါတို့ မြောက်ကျောင်းက မလိုက်ဘူး”” စသည်ဖြင့် ကျေးရွာ ဘုရားပွဲတစ်ခု ကျင်းပရန်မှာ ဘုန်းကြီးစုံလင်စွာပင့်၍ မရဖြစ်နေခဲ့ကြရသည်။ ထို့ကြောင့် လောကီနိုင်ငံရေး၌ ရဟန်းတော်များ ပါဝင်မှုကို ပရိယတ္တိ၊ ပဋိပတ္တိ ဦးဆောင် ဆရာတော်ကြီးများက တားမြစ်တော်မူ ခဲ့ကြသည်။ ၀ိဝါဒဘေးဆိုးကြီးအဖြစ် အပြစ်မြင်တော်မူ ခဲ့ကြသည်။
ကိုလိုနီခေတ် ၀ံသာနု လှုပ်ရှားမှုများ လွန်စွာ အားကောင်းခဲ့သဖြင့် ၀ံသာနုလှုပ်ရှားမှု၌ ပါဝင်ခြင်း မပြုခဲ့ကြသော စာသင်တိုက်ကြီးများ ဖြစ်သည့် မစိုးရိမ်တိုက်တို့က မပါဝင်သဖြင့် မန္တလေးလူထုက ““မစိုးရိမ်ကျောင်း၊ ဆွမ်း မလောင်းနဲ့””ဟု ကြွေးကြော်ခဲ့ကြသည်။ ထိုအခါ မစိုးရိမ်ကျောင်းတိုက် ဒါယကာကြီးက ““ဘယ်သူမျှ ဆွမ်း မလောင်းချင် နေပါစေ၊ ငါ့ကျောင်းတိုက် သံဃာ ၇၀၀ ကို ငါတစ်ဦးတည်း ဆွမ်းကပ်မည်၊ ဆွမ်းကပ်နိုင်သည်”” ဟု ပြန်လည်ကြုံးဝါးသည်ကို ကြားခဲ့ရဖူးသည်။
ခေတ်ရေစီးကြောင်း မလိုက်သည့်အတွက် အပြစ်တင်ခံရသည်ကို ကြံ့ကြံ့ခံနိုင်ဖို့တော့ လိုအပ်ပေသည်။
၁၉၅၃ ခုနှစ်မှစ၍ ရဟန်းတော်များ သာသနာဝင် မှတ်တမ်း ကိုင်ဆောင်ရန် ကိစ္စကို သံဃာတော်အများစုက လက်မခံခဲ့သဖြင့် ဤသာသနာတော် အတွင်း၌ လူဆိုးများ မှီခိုပုန်းအောင်းစရာ ဌာနတစ်ခု ဖြစ်လာတော့သည်။ နိုင်ငံရေးသမားများကလည်း အစိုးရဥပဒေ ပြစ်ဒဏ် ရှောင်တိမ်းနိုင်ရန် ဤသာသနာတော်ကို မှီခိုခဲ့ကြသည်။ ၁၉၄၈ ခုနှစ် အလံနီပါတီ တောခိုရန် အစီအစဉ် လုပ်စဉ်က အလံနီပါတီ ခေါင်းဆောင် သခင်စိုးကြီးသည် ရွှေတိဂုံ ကုန်းတော်ပေါ်၌ ရဲတပ်ဖွဲ့က ၀န်းရံပိတ်ဆို့ထားခဲ့ရာ သီလရှင် အယောင်ဆောင်ပြီး ရွှေတိဂုံ ကုန်းတော်မှ ဆင်းသွားပြီဖြစ်ကြောင်း (ဗမာ့ခေတ်)သတင်းစာ၌ ဖော်ပြခဲ့သည်။
၁၉၅၈ ခုနှစ်တွင်လည်း ဗကပ အလံဖြူ ကွန်မြူနစ်ခေါင်းဆောင် သခင်သန်းထွန်းသည် ဦးကေသရ ဘွဲ့အမည်ခံ ဘုန်းကြီး အယောင်ဆောင်ပြီး မသုံးလုံး နယ်မြေမှ ပေါင်းတလည် ပေါက်ခေါင်း၌(အာဏာနီစနစ်) တည်ထောင် နိုင်ရန် ဧရာဝတီမြစ်ကြောင်းမှ စုန်ဆင်းသွားခဲ့ကြောင်း တစ်ဆင့်စကား ကြားရဖူးသည်။
ရဟန်းတော်များ သာသနာဝင်မှတ်တမ်း မကိုင်ဆောင်ခဲ့မှုကြောင့် သာသနာတော်၏ ဆန့်ကျင်ဘက်ပုဂ္ဂိုလ် များသည် သာသနာ့အရိပ်ကို ခိုလှုံခွင့်ရခဲ့ကြသည်။
၁၉၅၈ ခုနှစ် ဖဆပလအဖွဲ့ကြီး ပြိုကွဲရာ၌ တည်မြဲဖဆပလ- သန့်ရှင်းဖဆပလ (ပြည်ထောင်စုပါတီ)ဟူ၍ ကွဲပြား လာသည့်အခါ ရဟန်းပျိုအဖွဲ့နှင့် ဒုတိယကျောင်းထိုင် ဆရာတော်များအဖွဲ့က တည်မြဲ (ဖဆပလ)ကို ထောက်ခံ အားပေးခဲ့သည်။ နောက်ဆုံးတွင် အထက်မြန်မာပြည် စည်းရုံးရေးတာဝန်ကို မန္တလေးတောင် ဦးကုသလ ကိုယ်တိုင် ပါဝင်တာဝန်ယူ ဆောင်ရွက်လာသည်။
သန့်ရှင်းဖဆပလအဖွဲ့ (ပြည်ထောင်စုပါတီ)ကို ကျောင်းထိုင် ဆရာတော်ကြီးများအဖွဲ့က အားပေးခဲ့ကြစဉ် ဆရာတော်ကြီးများ၏ အားပေးမှုကြောင့် အထက်မြန်မာပြည်တွင် (ရွှေဝါရောင်သံဃာအဖွဲ့) အောက်မြန်မာပြည် တွင် (ပြည်ထောင်စုသံဃာအဖွဲ့)များ ဖွဲ့စည်း၍ ရွာစဉ် လှည့်လည်ကာ မဲဆွယ် တရားဟောခဲ့ကြသည်။
မြို့နယ်တိုင်း၌ ကျေးရွာများသို့ လှည့်လည်ပြီး မဲဆွယ်တရားဟောရန် ရဟန်းငါးပါး အလှည့်ကျ စုစည်းပြီး တစ်နေ့ ဆွမ်းစရိတ် တစ်ပါး (၅ိ) ငါးပါးအတွက် (၂၅ိ)၊ အသံချဲ့စက် တစ်လုံးနှင့် ဂျစ်ကားတစ်စီး ငှားပေးကြ သည်။
ဗုဒ္ဓဘာသာဝင် လူထုအား မဲဆွယ် တရားဟောရခြင်းသည် ရဟန်းတော်များအတွက် အခက်အခဲမရှိ၊ လွယ်ကူ လှပေသည်။
နိုင်ငံပါတီများ၏ မြှောက်ထိုးပင့်ကော် လုပ်ပေးမှုကြောင့် (နိုင်ငံရေးဓူရ)ကို အားကြိုးမာန်တက် ဆောင်ရွက် ခဲ့ကြသည်။
နောက်ပိုင်းတွင် ရွေးကောက်ပွဲကြီးအပြီးတွင် သန့်ရှင်းဖဆပလ (ပြည်ထောင်စု) ပါတီက ပြည်လုံးကျွတ် အနိုင်ရရှိ သွားခဲ့သည်။ နောင်ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို မသိသဖြင့် ရဟန်းရှင်လူအများ ကြည်နူး ၀မ်းသာ၍မဆုံး တပြုံးပြုံး ဖြစ်နေကြသည်။
အနိုင်ရပြီးနောက် မကြာမီ ပြည်ထောင်စုပါတီကြီးသည် အက်သံပေါ်လာသည်။ ဦးအုပ်စု၊ ဗိုလ်အုပ်စု၊ သခင်အုပ်စု ဟူ၍ အက်ကွဲလာသည်။
ခေါင်းဆောင်ကြီး ဦးနုသည် ကြွေးကြော်သံနဲ့အညီ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းနိုင်ရန် ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို တတိယ ပြင်ဆင်ချက်အဖြစ် ပြင်ဆင်ခဲ့သည်။
မကြာမီပင် ပြည်ထောင်စုပါတီ အတွင်းရှိ ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူဘာသာဝင်တို့၏ နားပူနားဆာလုပ်မှု ကြောင့် ၀န်ကြီးချုပ်ဦးနုသည် ၁၉၄၇ အခြေခံဥပဒေကို စတုတ္ထပြင်ဆင်ချက်အဖြစ် ပြင်ဆင်ခဲ့ရပြန်သည်။ ခရစ်ယာန်ဘာသာ၊ မွတ်ဆလင်ဘာသာ၊ ဟိန္ဒူဘာသာတို့ကိုလည်း နိုင်ငံတော်က ကိုးကွယ်ဆည်းကပ်၍ နိုင်ငံတော်က ထောက်ပံ့ လှူဒါန်းရမည်ဟု စတုတ္ထပြင်ဆင်ချက် ပြုလုပ်ပေးလိုက်သည်။
ထိုအခါ သံဃာတော်များက ““ဦးနု- လူလိမ်””ဟု ခေါ်ကြသည်။ စတုတ္ထပြင်ဆင်ချက် ကန့်ကွက်ပွဲကို မြို့ကြီး များ၌ ကျင်းပခဲ့ကြသည်။
တစ်ဖန် ဗလီကိစ္စနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးသည် ပဲခူးတိုင်းမိုးညိုမြို့မှ ရဲတပ်ကို ခေါ်ယူ၍ ညဥ့်သန်းခေါင်ကျော်အချိန်တွင် ပစ်ခတ်နှိမ်နင်းဖမ်းခဲ့ရာ ရဟန်းရှင် လူ ၂ထောင်ခန့်ကို အင်းစိန်အကျဉ်း ထောင်၌ ထည့်သွင်းခဲ့သည်။
ရွှေဝါရောင် သံဃာအဖွဲ့နှင့် ပြည်ထောင်စု သံဃာအဖွဲ့မှ ခေါင်းဆောင် ဆရာတော်များသည် ““ဒို့ ပါတီ”” မဲနိုင်ပြီဟု ၀မ်းသာအားရစွာဖြင့် ပြည်ထဲရေးဝန်ကြီး အိမ်သို့ ကြွရောက်တော်မူကြသည်။
ပထမအကြိမ်တွင် ပြည်ထဲရေးဝန်ကြီးက ကိတ်မုန့်၊ ကော်ဖီ တို့ဖြင့် ကောင်းမွန်စွာ ဆက်ကပ် ဧည့်ခံလိုက်သည်။
ဒုတိယအကြိမ် ကြွသွားသော အခါတွင်မူ ကိတ်မုန့်မပါ၊ ကော်ဖီရေကျဲဖြင့် ဆက်ကပ် ဧည့်ခံလိုက်သည်။ တတိယ အကြိမ် ကြွရောက်သောအခါ ပြည်ထဲရေးဝန်ကြီးသည် အတွေ့မခံဘဲ အိမ်ထဲမှာ ရှိနေပါလျက် ပြည်ထဲရေးဝန်ကြီး နယ်ကို ခရီးထွက်သွားပြီဟု အိမ်ရှိလူများက လျှောက်ထားလိုက်သဖြင့် သံဃာ့အဖွဲ့ (၂)ဖွဲ့၏ ခေါင်းဆောင် ဆရာတော်များသည် မျက်နှာ မသာမယာဖြင့် ကျောင်းသို့ပြန်ကြွ သွားကြရသည်။
တော်ပြီကွာ၊ နောင်ဆိုရင် ဒီနိုင်ငံရေးသမားခိုင်းတာ၊ ဘာမှလုပ်မပေးတော့ဘူး၊ မဲမရခင်က တစ်မျိုး၊ မဲနိုင်ပြီး တော့ တစ်မျိုး၊ သင်းတို့နှင့် မပတ်သက်တာ ကောင်းပါတယ်””ဟု ညည်းတွား တော်မူကြသည်။
ထိုအခါ ပြည်ထောင်စု ပါတီကြီးနှင့် ၀န်ကြီးချုပ်ဦးနုအပေါ်၌ သံဃာတော်များနှင့် ပြည်သူအပေါင်းတို့က စိတ်ပျက် လက်ပျက် ဖြစ်လာကြတော့သည်။
ဦး၊ ဗိုလ်၊ သခင် အကွဲအပြဲကို ဦးနုသည် (လတ်တုတ်၍မရ) ထိန်းမနိုင် သိမ်းမရ ဖြစ်နေခဲ့၍ တတိယ ပြင်ဆင်ချက် အပေါ် ဘာသာခြားများက မကျေမနပ်၊ စတုတ္ထ ပြင်ဆင်ချက်ကို ရဟန်းတော်များက မကျေမနပ် ကန့်ကွက်၊ ပြည်ထဲရေးဝန်ကြီး၏ ဗုဒ္ဓဘာသာအပေါ် ဆက်ဆံမှု မကျေမနပ်မှုများ ဖြစ်ပေါ်နေချိန်တွင် ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ပြည်သူ့လွှတ်တော်ကို ခေါ်ယူကျင်းပခဲ့ရာ လွှတ်တော်မှာ မကျေမနပ်သံများ ဆူပွက်လာတော့သည်။
ပြည်ထောင်စုပါတီဥက္ကဋ္ဌကြီး ရွေးချယ်ထားသော မြို့သစ်မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ““ဦးထွန်းမြင့်ကြူ”” က မြန်မာမွတ်ဆလင်များမှာ အနော်ရထာမင်း လက်ထက်မှစ၍ ရွှေဖျဉ်းကြီး၊ ရွှေဖျင်းငယ် မှစ၍ နိုင်ငံတော်၏ အမှုတော်ကို ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြပါကြောင်း၊ အင်္ဂလိပ်ကိုလိုနီစနစ် တော်လှန်ရေး၊ ဂျပန်ဖက်ဆစ်စနစ် တော်လှန်ရေးတို့၌လည်း ကိုယ်တိုင် ပါဝင်ဆင်နွှဲ၍ လွတ်လပ်ရေး အတွက် အသက်ပေးခဲ့ကြ ရပါကြောင်း၊ မွန်ပြည်နယ်နှင့် ချင်းပြည်နယ်များ ရရှိခဲ့ကြသော်လည်း “မွတ်ဆလင်ပြည်နယ်”ဟူ၍ လက်ညှိုး ထိုးပြစရာ မရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရေဦး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ ပျဉ်းမနား အပါအ၀င် ပြည်နယ် သတ်မှတ်၍ မွတ်ဆလင် ပြည်နယ် သတ်မှတ် ပေးစေလိုပါကြောင်း”” အဆိုတစ်ရပ် တင်သွင်း လေတော့သည်။
ထိုအဆိုကို ကြားသိရသော ရဟန်းရှင်လူ ပြည်သူအပေါင်းတို့သည် ဒေါသမီးဟုန်းဟုန်း တောက်တောက် ကာ ခေါင်းဆောင်ကြီးဦးနုအား ၀ိုင်းဝန်းမေတ္တာ ပို့သကြလေတော့သည်။ ပြည်နယ်များကလည်း ဖက်ဒရယ်မူ တောင်းခံနေကြသည်။ ပြည်နယ်တစ်ခုကမူ ပုန်ကန်ခွဲထွက်နိုင်ရန် စီစဉ်နေသည်ကို (ဗမာ့ခေတ်)သတင်းစာက ““ခက်ဖွယ်ရယ်ကြုံ၊ လက်နက်ကယ် စုံညီညာနဲ့”” ဟူ၍ဖော်ပြခဲ့သည်။ ဤအခြေအနေဆိုးများကို အကြောင်းပြ၍ တပ်မတော်သည် မတ်လ ၂ ရက်တွင် တိုင်းပြည်၏ အာဏာကို လွှဲပြောင်းရယူလိုက်ရာ ရဟန်းရှင်လူ ပြည်သူ အများစုတို့က အပြောင်းအလဲ အလိုရှိနေချိန် ဖြစ်သည်။ ကယ်တင်ရှင်ဟု ထင်မြင်ယူဆလျက် ၀မ်းမြောက် ၀မ်းသာ ရှိကြလေတော့သတည်း။
ပြည်သူ့အချစ်တော် ဖြစ်ခဲ့သော ၀န်ကြီးဦးနုသည် ပြည်သူ့ချဉ်ဖတ် ဖြစ်လာသည်ကို နောင်ဆက်ခံ သည့် မြန်မာနိုင်ငံ ခေါင်းဆောင်များ သင်ခန်းစာယူနိုင်ရန် (သံဝေဂယူတတ်ရန်) တင်ပြလိုက်ပါသည်။
ဆက်ရန်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment