Friday, December 12, 2014

ဘူဒိုဇာစီမံခန့်ခွဲမှုနှင့် စောင့်မျှော်နေကြသူများ (ဆောင်းပါး)

 (ဆောင်းပါးရှင် - သစ်ထွဋ်)

၂၀၁၄ ခုနှစ် နှစ်စပိုင်းက တရားမ၀င် ကျူးကျော်နေထိုင်မှုများနဲ့ ပတ်သက်ပြီး အစိုးရရဲ့ စီမံဆောင်ရွက်မယ့် လုပ်ငန်းစဉ်အချို့ကို နိုင်ငံတော်သမ္မတက သူရဲ့ ရေဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပေမယ့် ယနေ့အချိန်အထိ အကောင်အထည်ဖော်လာခြင်း မရှိသေးတဲ့ အချိန်မှာ မကြာခင်က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းနှင့် ကမ်းနားလမ်းတစ်လျှောက်ရှိ တဲများကို ဘူဒိုဇာများ အသုံးပြု ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်ဟာ အရုပ်ဆိုးလှတဲ့ အုပ်ချုပ်ရေး စီမံခန့်ခွဲမှု လုပ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

သမ္မတပြောခဲ့တဲ့ မိန့်ခွန်း

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော်သမ္မတက အများပြည်သူများသို့ ရေဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့စဉ်တုန်းက တရားမ၀င် ကျူးကျော်ဝင်ရောက် အခြေချနေထိုင်မှုများနဲ့ ပတ်သက်ပြီး အစိုးရရဲ့ စီမံဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်အချို့ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သမ္မတက ပြောကြားရာမှာတော့ ကြုံတွေ့နေရတဲ့ မြေယာကိစ္စနဲ့ ကျူးကျော်ဝင်ရောက် အခြေချမှု ပြဿနာများနဲ့ ပတ်သတ်ပြီး ဆန္ဒဖော်ထုတ်မှုတွေနဲ့ အငြင်းပွားမှုတွေ ရှိနေတာကို တွေ့ရပြီး မြေယာကိစ္စဟာ ပြုပြင်ပြောင်းလဲရေးကို ကျော်ဖြတ်ရတဲ့ နိုင်ငံတိုင်း ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တွေနဲ့ ဆက်နွှယ်နေတဲ့အတွက် အခက်အခဲဆုံးနဲ့ အကျပ်တည်းဆုံး စီမံဆောင်ရွက်ရတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီလို ပြဿနာ များကို ဖြေရှင်းရာတွင် စီမံချက်များ ချမှတ်ပြီး မှန်ကန်ဖို့နဲ့ လက်တွေ့ကျကျ ဖြစ်ဖို့အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိတယ်လို့ သမ္မတက ပြောဆိုခဲ့ပြီး အစိုးရအနေနဲ့ မြေယာမဲ့ အိမ်ထောင်စုများကို စာရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ဖွံ့ဖြိုးမှုစီမံကိန်းနှင့်အညီ နေရာချထားဖို့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများနဲ့ ပူးပေါင်းစီမံ ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့သလို ဥပဒေမဲ့ တရားမ၀င် ကျူးကျော်ဝင်ရောက် အခြေချမှုများကိုလည်း အသေအချာ စိစစ်ကိုင်တွယ်သွားမှာဖြစ်ကြောင်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

စိတ်ပျက်စရာ

ဒီလို သမ္မတက မြေမဲ့၊ ယာမဲ့များအတွက် အစီအစဉ်များ၊ ကျူးကျော်နေထိုင်မှုများက ဖြေရှင်းမယ့် နည်းလမ်းများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ အများပြည်သူကို ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ အတိအလင်း ပြောကြားခဲ့ပေမယ့် ယနေ့အချိန်အထိ ဖြေရှင်းဆောင်ရွက်နိုင်မှုများကိုတော့ ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရသေးဘဲ မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အင်အားသုံး ဖယ်ရှားခြင်း နည်းလမ်းများကိုသာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ သမ္မတက အစိုးရအနေနဲ့ မြေယာမဲ့ အိမ်ထောင်စုများကို စာရင်းပြုစုပြီး သက်ဆိုင်ရာ မြို့နယ်ဖွံ့ဖြိုးမှု စီမံကိန်းနှင့်အညီ နေရာချထားဖို့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပေမယ့် နေရာချထားပေးဖို့ မဆိုထားနဲ့ နေအိမ်တွေကိုပါ ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးခဲ့တဲ့ မန္တလေးက အုပ်ချုပ်ရေးတာဝန်ရှိသူတွေရဲ့ လုပ်ရပ်ဟာ ကြားရမြင်ရသူ အပေါင်းအတွက် စိတ်ပျက်စရာ ဖြစ်ရပါတယ်။ ဒီလို မန္တလေးမှာ ဘူဒိုဇာလို မြေထိုးစက်ကြီးတွေ အသုံးပြု ဖျက်ဆီးခဲ့ခြင်းဟာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာရှိတဲ့ သမီးကလေးကျေးရွာကို တပ်ပိုင်မြေအတွင်း ကျူးကျော်နေထိုင်တယ်ဆိုကာ နေအိမ်တွေကို ဘူဒိုဇာတွေ အသုံးပြုဖျက်ဆီးခဲ့တဲ့ လုပ်ရပ်များကိုလည်း ပြန်လည်အမှတ်ရစရာ ဖြစ်ပါတယ်။ သမ္မတကိုယ်တိုင် နေရာချထားရေး ဆောင်ရွက်ဖို့ ပြောကြားထားခဲ့ပေမယ့် ဘာကြောင့်များ ဘူဒိုဇာတွေကိုသာ အသုံးချပြီး ဖြေရှင်းနေရသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ရပါတယ်။

မြေမဲ့၊ ယာမဲ့စာရင်း

တကယ်တော့ ကျူးကျော်ပြဿနာဟာ ရန်ကုန်မြို့ အပါအ၀င် မန္တလေးမြို့ကဲ့သို့ စီးပွားရေးအခွင့်အလမ်းရှိတဲ့ မြို့တွေမှာ ကြုံတွေ့နေရတာ ကြာပြီဖြစ်ပါတယ်။ နယ်ဒေသတွေမှာ လယ်ယာလုပ်ငန်းတွေ အခက်အခဲတွေနဲ့ ကြုံတွေ့ရသူတွေဟာ အလုပ်အကိုင် ရရှိဖို့အတွက် မြို့ကြီးတွေကို မိသားစုလိုက် တက်လာကြပါတယ်။ နေရေးစရိတ် မြင့်မားတဲ့ မြို့ကြီးတွေမှာ အိမ်ငှားရမ်းခတွေ တိုးလာခြင်းဟာ အခြားဒေသက ပြောင်းရွှေ့လာတဲ့ လက်လုပ်လက်စား အများစုအတွက် ကျူးကျော်နေထိုင်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ ရန်ကုန်မြို့မှာဆိုရင် ဆင်ခြေဖုံးဒေသများမှာ အုံလိုက်ကျင်းလိုက် ကျူးကျော်မှုများ အများအပြား ရှိခဲ့ပြီး လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း အပါအ၀င် ဆင်ခြေဖုံးမြို့နယ်များ လူနေထိုင်ခြင်းမရှိတဲ့ မြေကွက်လပ်တွေမှာ ကျူးကျော်ဝင်ရောက် နေထိုင်မှုများဟာ အချိန်တိုအတွင်း တိုးပွားလာခဲ့တာ ဖြစ်ပါတယ်။ ကျူးကျော်နေထိုင်သူများထဲက အချို့ဟာ အစိုးရက လျော်ကြေး သို့မဟုတ် နေစရာတစ်နေရာ ပေးလိမ့်မယ်လို့ မျှော်လင့်ကာ နေထိုင်သူများဖြစ်ကြပေမယ့် အများစုကတော့ နေစရာအတွက် ၀ယ်စရာ၊ ငှားစရာကို မရှိလို့ တဲဆောက်ဖို့ ၀ါး၊ ဓနိကိုပင် အတိုးနဲ့ငွေချေးကာ တဲထိုးနေကြရသူတွေ ဖြစ်ပါတယ်။ ကျူးကျော်တွေသာ တိုးပွားလာပေမယ့် ဒီနေ့အထိတော့ ကျူးကျော်များအတွက် သင့်တော်တဲ့ အစီအမံတွေကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသလို သမ္မတပြောခဲ့တဲ့ ကောက်ယူနေတဲ့ မြေမဲ့၊ ယာမဲ့စာရင်း ကောက်ယူတဲ့ အစီအစဉ်ဟာလည်း လက်ရှိမှာ ဘယ်အခြေစိုက်နေသလဲဆိုတာ မသိရပါဘူး။

ရှုံးနိမ့်ခဲ့ရတဲ့ အဆို

ဒီလို နေစရိတ်ကြီးမြင့်မှုကြောင့် ကျူးကျော်နေထိုင်မှုများ ရှိနေသလို အခုနောက်ပိုင်း ဒေသဆိုင်ရာ အာဏာပိုင်များရဲ့ စီမံမှုနဲ့ ဆောင်ရွက်လာတဲ့ နေရေးအခက်အခဲကို ဖြေရှင်းပေမယ့် တန်ဖိုးနည်း တိုက်ခန်းအိမ်ရာ စီမံကိန်းများဟာလည်း ဈေးနှုန်းမြင့်မားမှုကြောင့် လက်တွေ့အခြေအနေနဲ့ ဆီလျော်မှုမရှိတာ တွေ့ရပါတယ်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းလို့ ဆိုသော်လည်း တိုက်ခန်းဈေးနှုန်းများဟာ ကျပ်သိန်းရာချီ ရှိနေတာကြောင့် ၀င်ငွေနည်း အခြေခံလူတန်းစားပြည်သူများ လက်လှမ်းမမီတဲ့ ဈေးနှုန်းများ ဖြစ်နေခဲ့ပါတယ်။ ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ယူရောင်းချနေတဲ့ တန်ဖိုးနည်းအိမ်ရာများရဲ့ ဈေးနှုန်းများဟာ အခြေခံလူတန်းစား ပြည်သူများ လက်လှမ်းမမီတဲ့ ဈေးနှုန်းများ ဖြစ်နေသဖြင့် ပြည်တွင်းဘဏ်များ (သို့မဟုတ်) နိုင်ငံတကာဘဏ်များနှင့် ချိတ်ဆက်ပြီး နှစ် ၂၀ အထိ ချေးငွေစနစ်ဖြင့် ၀ယ်ယူခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာညိုညိုသင်းက တင်သွင်းခဲ့ပေမယ့် အဆိုရှုံးနိမ့်ခဲ့ရပါတယ်။ အဲဒီအဆိုနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောမတူခဲ့တာဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်မရှိတဲ့ ကိစ္စဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။ ဒီအတွက် ဒေါက်တာညိုညိုသင်းက လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုခဲ့ပြီး မဲခွဲဆုံးဖြတ်တဲ့အခါ အတိုက်အခံ ပါတီကိုယ်စားလှယ် အများစုက ထောက်ခံခဲ့ပေမယ့် ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်များက သဘောမတူသဖြင့် အဆိုရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ အရင်ကလည်း အများပြည်သူတွေကို အိမ်ရာတိုက်ခန်းများ ငှားရမ်းပေးမယ့် အစီအစဉ်တွေဟာလည်း မအောင်မြင်ခဲ့တာကြောင့် ၀င်ငွေနည်းတဲ့ အများပြည်သူတွေ အတွက်တော့ နေရေးအခက်အခဲတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒီနေရာမှာ ၎င်းရဲ့ အဆိုရှုံးနိမ့်အပြီး ဒေါက်တာဒေါ်ညိုညိုသင်းက မီဒီယာများကို ပြောကြားခဲ့ရာမှာတော့ တိုက်ခန်းတွေကို နှစ်ရှည်ချေးငွေနဲ့ ၀ယ်ယူနိုင်ဖို့ ကမ္ဘာ့ဘဏ်၊ IMF အစရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အတိုးမဲ့ချေးငွေနဲ့ မဖြစ်ဖြစ်အောင်လုပ်ရင် ဖြစ်နိုင်ပေမယ့် လုပ်ချင်စိတ် မရှိတော့တဲ့အတွက် သက်တမ်းက တစ်နှစ်ပဲ ကျန်တော့တာကြောင့် ခက်ခက်ခဲခဲတွေ မလုပ်ချင်တော့တဲ့အတွက် အခုလို အဆိုရှုံးနိမ့်ခဲ့တာလို့ ယူဆကြောင်း လက်ရှိအုပ်ချုပ်ရေး တာဝန်ရှိသူတွေရဲ့ လုပ်ရပ်ကို ရည်ညွှန်းပြောဆိုခဲ့တာဟာလည်း စဉ်းစားစရာ ကောင်းပါတယ်။ ဒေါက်တာဒေါ်ညိုညိုသင်းပြောသလို အုပ်ချုပ်ရေးပိုင်းက သက်တမ်းတစ်နှစ်လောက်ပဲ ကျန်တော့တဲ့အချိန်မို့ ခက်ခဲပြီး ရေရှည်လုပ်ရမယ့် အစီအစဉ်တွေကိုလုပ်ဖို့ ဆန္ဒမရှိတော့တာလားဆိုတဲ့ အမြင်က မြေမဲ့၊ ယာမဲ့ စာရင်းကောက်ယူ နေရာချထားရေး အစီအစဉ်တွေ အကောင်အထည် ပေါ်မလာဘဲ ရပ်တန့်နေတဲ့ ဖြစ်စဉ်များနဲ့ ဆက်စပ်နေသလားဆိုတာ စဉ်းစားစရာ ဖြစ်ရတာပါ။ တကယ်ပဲ အများဝေဖန်နေကြသလို အပြောင်းအလဲတွေဟာ ရပ်တန့်သွားပြီလား ဆိုတာကလည်း နောင်အစိုးရသစ် တက်လာဖို့ တစ်နှစ်လောက် ကျန်နေချိန်မှာ အများက သိချင်နေကြတဲ့အရာ ဖြစ်ပါတယ်။

အပြောင်းအလဲတွေ ရပ်တန့်ခြင်း၊ ဆက်လက်လုပ်ဆောင်နေခြင်းကဲ့သို့ အကြောင်းကိစ္စများ မည်သို့ပင် ရှိနေစေပေမယ့် ဧရာဝတီ မြစ်ကမ်းနံဘေးရှိ ဆင်းရဲသားရပ်ကွက်ကို ရှင်းလင်းကာ ဆင်းရဲသား မိသားစုများကို အတင်းအဓမ္မ ဖယ်ရှားခဲ့တဲ့ လုပ်ရပ်အတွက် နော်ဝေနိုင်ငံခြားရေး ၀န်ကြီးဌာနက သက်ဆိုင်ရာ မြန်မာအာဏာပိုင်များထံ ပေးပို့ခဲ့တဲ့ တိုင်စာဟာ ယနေ့အချိန်အထိ ပြဿနာများကို ဘူဒိုဇာနဲ့ စီမံခန့်ခွဲမှု ပြုနေကြသူများ အတွက်တော့ သတိပြုစရာတစ်ခု ဖြစ်မှာပါ။ နေရေးထိုင်ရေး ခက်ခဲနေသူ မြေယာမဲ့ အိမ်ထောင်စုများကတော့ အစိုးရရဲ့ မြို့နယ်ဖွံ့ဖြိုးမှု စီမံကိန်းနဲ့အညီ ပြန်လည်နေရာချထားရေး အစီအစဉ်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် သမ္မတ ပြောကြားခဲ့စဉ်ကတည်းက စောင့်မျှော်နေကြတာဖြစ်ပြီး ယနေ့ထက်ထိလည်း စောင့်မျှော်နေကြမှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Credit - Eleven Media Group

No comments:

Post a Comment