Tuesday, December 9, 2014

အချစ်များစွာဖြင့်သာ (အယ်ဒီတာ့ အာဘော်)


ဓနုရာသီ၊ မိုးတိမ်ဆီဝယ်၊ မိဂသီလျှင်၊ ရောင်မြူးရွှင်သော်၊ သဇင်ပွင့်ခိုင်၊ တောလုံးကြိုင်မျှ၊ ဂနိုင်ထိုထို၊ မြို့လုံးစိုက...။

စာဆိုရှင် ကဗျာ့အကျော်ပဂေး နဝဒေးကြီး စပ်ဆိုခဲ့သော ဆောင်းဖွဲ့ ကဗျာတစ်ပုဒ်ဖြစ်သည်။ ထိုကဗျာကိုဖတ်ပြီး ကြည်လင်အေးချမ်းသွားသလို ခံစားလိုက်ရသည်။ ဆောင်းဆိုသောအသိက စိတ်ကို ပကတိ လန်းဆန်းစေသည်။


ဆောင်းအဝင်က ကောင်း ကင်ပြင်သည် ပြာလဲ့ကြည်စင်နေသည်။ ညနေရီ၌ ဆောင်းခိုငှက်တချို့ အုပ်စုဖွဲ့ ပျံသန်းသွားသည်ကို ပန်းချီကားတစ်ချပ်လို ငေးကြည့်နေမိသည်။

ရန်ကုန်ဆောင်းသည် ငယ်ငယ်တုန်းကလို မီးလှုံနေရလောက်အောင် မချမ်းတော့သော်လည်း ဖေးဖေးမမဖြင့် အေးအေးမြမြအရသာလေးတော့ ကျန် နေသေးသည်။ မြို့ပြတွင် နေထိုင်သူ တော်တော်များ များ ဒီဇင်ဘာလဆိုလျှင် ခရီးထွက်ဖို့ ပြင်ဆင်တတ် ကြသည်။

တချို့က ဘုရားဖူး၊ တချို့က အလည်အပတ်၊ တချို့က အနားယူ။ ဒါတွင်မကသေး ကျွန်တော်တို့ တိုင်းပြည်ဆီသို့လည်း တခြားနိုင်ငံကသူများ အလည် အပတ်လာကြသည်။

နဝဒေးဖွဲ့ဆိုထားသော ကဗျာထဲ ကလို အလှသွေးကြွယ်၍ နေချင်စဖွယ်ဖြစ်သော ကျွန်တော် တို့မြန်မာပြည်သည် သူဝင်ငါထွက်နှင့် ဧည့်သည်များ ၏ စားကျက်လည်းဖြစ်နေသေးသည်။

အိမ်နီးချင်း တရုတ်နိုင်ငံကိုရောက်စဉ် သတိထားမိသည်မှာ သူတို့ဆီကိုလာသော နိုင်ငံခြား ဧည့်သည်က ကျွန်တော်တို့လောက်မများ၊ တရုတ် နိုင်ငံသည် ကျွန်တော်တို့ထက် ခေတ်မီ၊ ကျွန်တော် တို့ထက် တိုးတက်သော်လည်း ထိုတိုးတက်မှု၏ ဘေး ထွက်ဆိုးကျိုးကို မရှုမလှ ခံနေရသည်။ တရုတ်နိုင်ငံ ၏ မြို့တော်ဘေကျင်းသည် ကားများနှင့် စက်ရုံများ က ထွက်သော မီးခိုးများဖြင့် မှုန်မှိုင်းနေသည်။ လေ ထုက မသန့်စင်တော့။ ထိုအဆိပ်သင့် လေကိုသာ မြို့တော်သူ မြို့တော်သားများ ရှူရှိုက်နေရသည်။

မွန်းတည့် ၁၂ နာရီတွင်ပင် နေကိုကောင်း ကောင်းမမြင်ရ၊ အထပ်ထပ်အလွှာလွှာ ကာထားသော မြူခိုးများ၏ နောက်တွင် နေကို ပျပျလေးသာ မြင်ရ သည်။ ကျွန်တော်တို့ဆီမှာ ညအခါ မိုးတိမ်များနောက် တွင် မြင်ရသည့်'လ'ပမာ။

ဆိုတော့ တရုတ်နိုင်ငံကို နိုင်ငံခြားဧည့် သည်တွေ မျက်စိမကျတာ မဆန်းဟု ပြောရမည်။ ဒါကြောင့်လည်း ကျွန်တော်တို့မြေ၊ ကျွန်တော်တို့ရေ၊ ကျွန်တော်တို့ သယံဇာတတွေကို တခြားတစ်ပါးသော တိုင်းသားတွေက မျက်စိကျတာပဲ ဖြစ်မည်။

နည်းအ မျိုးမျိုး၊ ပရိယာယ်အမျိုးမျိုးဖြင့် ရယူရန်လည်း ကြိုး စားနေကြသည်သာ။ ချစ်စရာများဖြင့် ပြည့်နှက်နေ သော ကိုယ့်နိုင်ငံ ကိုယ့်ရေမြေကို ပြည်သူတွေကချစ် သည်။ မြတ်နိုးသည်။ တောချစ်၊ တောင်ချစ်စိတ် ရှိ သည်။ ဧရာဝတီကို ချစ်သည်။ လက်ပံတောင်း၊ စံပယ် အစရှိသော တောင်စဉ်တောင်တန်းတွေကို ချစ်သည်။ မန္တလေးကို ချစ်သည်။ မူဆယ်ကို ချစ်သည်။ ဖြစ်နိုင် လျှင် ကြက်သားအုပ်မကြီးက သူ့သား၊ သူ့သမီးတွေကို ရင်ဘတ်ထဲထည့် တောင်ပံနှစ်ဖက်ယှက်ကာ အုပ်ကာ ထားသလိုမျိုး မြန်မာ့ရေမြေ တောတောင်သယံဇာတ တွေကို အုပ်ထား၊ ကာထားချင်ပါသည်။

ဘယ်သူ့ကို မှ ဖဲ့မပေး လှည့်မပေးချင်။ ဒီမြေမှာ နေ၍ ဒီရေကို သောက်နေသူ အားလုံး ဒီလို တိုင်းချစ်ပြည်ချစ်စိတ်မျိုး မွေးစေချင် ပါသည်။

ဒီလို တစ်ယောက်မကျန် အားလုံးကချစ် လျှင် တိုင်းပြည်ကလည်း ပြန်ချစ်ပါလိမ့်မည်။ ရေ၊ မြေ၊ တောတောင် သဘာဝ သယံဇာတတွေကို မြတ် နိုးစိတ်ဖြင့် ထိန်းသိမ်း စောင့်ရှောက်လျှင် တိုင်းပြည် ကလည်း ပြည်သူတွေကို တဖန်ပြန်၍ မြတ်နိုးစောင့် ရှောက်ပါလိမ့်မည်။

ထိုအခါ ယခုထက်ပိုလှသော ဆောင်းသည် နှင်းကတ္တီပါ ခြုံပဝါလွှမ်း၍ ကျွန်တော် တို့ဆီကို တန်းတန်းမတ်မတ် လျှောက်လာ ရောက်လာ လိမ့်မည်မှာ မလွဲ...။

အယ်ဒီတာ

Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၄၈)။

|───────────Yangon Media Group ──────────|

www.facebook.com/YangonMediaGroup
www.yangonmedia.com

|───────────Yangon Media Group ──────────|

No comments:

Post a Comment