မနေ့က မြို့ပတ်ရထားနဲ့ တိုးကြောင်ကလေး ဘူတာဘက်ကို သွားခဲ့ပါတယ်။ သင်္ကန်းကျွန်းဘူတာ လွန်ကတည်းက သတိထားလာမိတဲ့ အချက်ကတော့ အမှိုက်နဲ့ ကျူးကျော်တဲတွေ ဖြစ်ပါတယ်။ ရထားလမ်းဘေး တစ်လျှောက်ဟာ အမှိုက်ပစ်စရာ နေရာလို့ သတ်မှတ်ထားသလား ထင်ရလောက်အောင် အမှိုက်ပုံကြီးတွေဟာ မြင်မကောင်းလောက်အောင် ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်နံတစ်လျား ခရီးသွားနေတဲ့ နိုင်ငံခြားသားတွေ မပြောနဲ့ ခေတ္တလောက် ခရီးသွားတဲ့ ကိုယ့်နိုင်ငံသားတွေတောင် အမှိုက်တွေကို တွေ့မြင်လိုက်ရတာဟာ စိတ်ထဲမှာ မသတီစရာ ဖြစ်ခဲ့ရပါတယ်။
လူနေရပ်ကွက်တွေက ရထားလမ်းဘေး တစ်လျှောက်မှာ ရှိနေပါတယ်။ လူနေရပ်ကွက်မှာ အမှိုက်စွန့်ပစ်နိုင်တဲ့ နေရာတွေ နည်းပါးလာတာရယ်၊ လူတွေ ကိုယ်တိုင်က စည်းကမ်း မရှိတာရယ်ကြောင့် အမှိုက်တွေဟာ လူမနေတဲ့ ရထားလမ်းဘေးကို ရောက်လာရပါတယ်။
မြန်မာ့မီးရထားဟာ အသွင်ပြောင်းလဲမှုတွေ များစွာနဲ့ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်နေတာ တွေ့ရလို့ ဝမ်းသာမိပါတယ်။ ရန်ကုန်မြို့ကြီးရဲ ပိတ်ဆို့နေတဲ့ ယာဉ်ကြောပြဿနာကို မီးရထား ဌာနကပဲ ဖြေရှင်းနိုင်တယ်ဆိုတာ ပြည်သူတွေ အများကြီးသိအောင် ပညာပေးတာတွေ လုပ်ရပါလိမ့်မယ်။ ကားပိတ်လို့ အကြောင်းပြသူတွေကို ရထားစီးပေါ့ ဆိုပြီး ဖြေရှင်းနည်း ပြောနိုင်အောင် မီးရထားဘက်ကလည်း စင်းရေတိုးချဲ့၊ အချိန်မှန်၊ ရထားမပျောက်အောင် လုပ်ပေးဖို့တွေ အများကြီး လိုပါလိမ့်ဦးမယ်။ ခုတစ်ခါ ထပ်ပြီး လိုအပ်လာတာက ရထားလမ်းတစ်လျှောက် အမှိုက်ကင်းစင်ရေးဆိုတဲ့ အလုပ်တစ်ခုလည်း ထပ်ပြီး ပိုလာပါတယ်။ ဒီတာဝန်ကတော့ မီးရထားဌာန တာဝန်လား၊ စည်ပင်ရဲ့ တာဝန်လား ဆိုတာကို ခွဲခြားပြီး ဆောင်ရွက်ဖို့ လိုမယ်ထင်ပါတယ်။
ဘူတာတွေ သန့်ရှင်း၊ ရထားတွေ သန့်ရှင်းအောင် လုပ်ဆောင်လာပြီးမှ ရထားလမ်းတစ်လျှောက် ညစ်ပတ်နေတာတွေကို ပညာပေး စည်းရုံးမှုတွေနဲ့ လုပ်ဆောင်ဖို့ လိုဦးမယ် ထင်ပါတယ်။
နောက်တစ်ချက်က ရထားလမ်းဘေးတစ်လျှောက် အုတ်နံရံတွေနဲ့ ကပ်ပြီး ပေါ်လာတဲ့ ကျူးကျော်တဲတွေ ကိစ္စပါ။ ရန်ကုန်မြို့ကြီးဟာ မြို့ပြလူနေ ထူထပ်လာတာကြောင့် နေရေး အလွန်ခက်ခဲတဲ့ မြို့ကြီးတစ်မြို့ ဖြစ်လာပါတယ်။ နေစရာရှားပါး၊ လူတွေက ရန်ကုန်ကို စုပြုံတိုးဝင်ကြတော့ နေရေးပြဿနာကို ဖြစ်သလို အကဲစမ်းရင်းနဲ့ တိုးချဲ့ကျူးကျော်လာကြတာ တွေ့ရပါတယ်။ အဲဒီအထဲမှာ ရထားလမ်းဘေး အုတ်တံတိုင်းကို ကပ်ပြီး တဲသေးသေးလေးတွေနဲ့ လူနေမှုတွေကို နေရာအနှံ့အပြားမှာ တွေ့လာရတာ ဖြစ်ပါတယ်။
အမှိုက်ကစ ပြာသာဒ်မီးလောင် ဆိုတဲ့ စကားရှိပါတယ်။ ကျူးကျော်တွေက အစပိုင်းတုန်းကတော့ ဖျာလေးတစ်ချပ်၊ နောက်တော့ ကွပ်ပျစ်လေးတစ်ခု၊ နောက်တော့ အဖီလေးတစ်ဆောင်၊ နောက်ပိုင်း အိမ်ကလေးတစ်လုံး တစ်စတစ်စ တိုးရင်းက ရပ်ကွက်လေး တစ်ခုလို ဖြစ်သွားတတ်ပါတယ်။ အဲဒီအချိန်ကျမှ သွားပြီးဖယ်ခိုင်းရင် အခွင့်အရေးတွေ တောင်းဆို၊ သပိတ်တွေမှောက်ပြီး အစိုးရလည်း အကျပ်တွေ့နိုင်ပါတယ်။
မီးရထား ဥပဒေမှာ ရထားသံလမ်းနဲ့ ဘယ်လောက်အကွာမှာ လူနေအိမ်တွေ မရှိရဘူးဆိုတဲ့ ဥပဒေရှိကြောင်း သိရပါတယ်။ လူမနေနိုင်အောင် အုတ်တံတိုင်း ခတ်ထားတာတောင်၊ အုတ်တံတိုင်းကို မှီပြီး အိမ်တွေ ဆောက်နေကြတာ မဖယ်ရှားနိုင်ဘူး ဆိုရင်တော့ အမှိုက်ကစပြီး ပြဿဒ်မီးလောင်အောင် လောင်စာကို ပုံထားသလို ဖြစ်နေတယ်လို့ပဲ ယူဆရပါလိမ့်မယ်။
ကျွန်တော် သိသလောက် ရထားလမ်းဘေး ကျူးကျော်အိမ်ဖယ်ရှားရေးကို မကြာခဏ လုပ်ပါတယ်။ လုပ်လိုက်၊ ပျောက်လိုက်၊ ပြန်ပေါ်လိုက် ဖြစ်နေတာဟာ ဥပဒေရဲ့ မသက်ရောက်မှုနဲ့ ဥပဒေကို စိန်ခေါ်သလို ဖြစ်နေတယ်လို့လည်း ထင်မိပါတယ်။
အိန္ဒိယနိုင်ငံမှာ ရထားဟာ လူတန်းစားပေါင်းစုံ အတွက် ရုံးတက်၊ ရုံးဆင်းအပြင် လုပ်ငန်းပေါင်းစုံ မှီခိုနေရတဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်လာပါတယ်။ ရထားကို မဖြစ်မနေစီးပြီး သွားလာကြရလွန်းလို့ ခေါင်မိုးပေါ်တွေတောင် တက်စီးရတဲ့အထိ လူပဒေသာ ရထားကြီး ဖြစ်ရလောက်အောင် ရထားစီးကြတာ တွေ့ရပါတယ်။ ကားတွေ ပိတ်ဆို့ခြင်းရဲ့ အဖြေကို ရထားနဲ့ ရှာနိုင်ပါတယ်။ မြန်မာ့မီးရထား တိုးတက်လာဖို့အတွက် အစစအရာရာ သန့်ရှင်းရေး၊ ကျန်းမာရေး၊ စည်းကမ်းရှိရေး၊ ပတ်ဝန်းကျင် မျက်စိပသာဒ ရှိရေးတွေကိုပါ ဝိုင်းဝန်းလုပ်ဆောင်ကြမယ် ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။
ကျွန်တော်က ရထားကို အမြဲနှစ်သက်သူ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရထားမှာ ကားလို မိုက်ရိုင်းတဲ့ စပယ်ယာတွေ မပါဘူး။ ကိုယ့်တာဝန် ကိုယ်ယူပြီး လက်မှတ်ဝယ်စီးရတယ်။ မဝယ်ရင် ဒဏ်ရိုက်တယ်၊ အရေးယူတယ်။ လူတွေကလည်း ဥပဒေ ဆိုတာတွေ၊ အရေးယူမယ် ဆိုတာတွေလောက်ပဲ ကြောက်တတ်တဲ့ သူမျိုးတွေ ဖြစ်နေတာကြောင့် ရထားနဲ့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ မီးရထားက ထင်သလောက် မတိုးချဲ့နိုင်သေးတာကြောင့် လူတိုင်း မစီးကြသေးတာလည်း ပါမယ်။
မကြာသေးမီက ကမ်းနားလမ်းတစ်လျှောက် သံလမ်းပြေး ရထားလမ်းတွေကို ကားတွေလို စမ်းသပ်ဆွဲတယ် ကြားလိုက်ရလို့ ကြိုဆိုလိုက်ပါတယ်။ ဘတ်စ်ကားတွေ ပိတ်ကျပ်တဲ့အရေးကို တစ်ဖက်တစ်လမ်းက ဖြေရှင်းပေးဖော်ရလို့ ပိုပြီးတော့ ကျေးဇူးတင်မိတယ်။ ရန်ကုန်မြို့တွင်း သံလမ်းပြေး ကားရထားများ ပိုပြီး တိုးမြှင့်ဆွဲနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
တိုးမောင်
--------------------------
မှတ်ချက်။ ။ ဤကဏ္ဍပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်ယူဆချက် အာဘော်များသာ ဖြစ်ပြီး The Voice ၏ အာဘော် မဟုတ်ပါ။
Credit - The Voice Weekly
No comments:
Post a Comment