Sunday, December 7, 2014

မျှော်လင့်စိုက်ခင်းများ (ဆောင်းပါး)

 Written by - ရွှေဒါးမောင်လေးရည်

လူငယ်တို့၌ ခွန်အားရှိ၏။ အလှရှိ၏။

ထိုခွန်အားနှင့် အလှကို တိုင်းပြည်အတွက် သူ့နေရာနှင့်သူ အချိုးကျစွာ အသုံးချနိုင်မည်ဆိုပါက တိုင်းပြည်၏ အနာဂတ်ပုံရိပ်များ ရွှန်းပဝင်းမြနေမည်သာ။

ကျွန်တော်တို့ ဝန်းကျင်တစ်လွှား၌ အမနာပသတင်းများနှင့် မကြာခဏဆိုသလို တိုးတိုက်ပွန်းရှမှုများဖြင့် ပွတ်တိုက်ရင်ဆိုင် နေကြရပေသည်။ အင်းလျားကန်ပေါင်ပေါ်ရှိ စည်ပင်သာယာပိုင်ပစ္စည်းများ၊ အလှစိုက် ထားသည့် ပန်းပင် ပန်းအိုးများကို အကျိုးမဲ့ ဖျက်ဆီးမှုများစသဖြင့် ကျွန်တော်တို့၏ နား များ၊ မျက်စိများကို အနိဋ္ဌာရုံဖြစ်ရပ်များ၊ မြင်ကွင်းများဆီ အဓမ္မနှိပ်စက် ကလူပြုခြင်း ခံကြရသည်။ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်များ ပင်မဟုတ်ပါလား။

ဒီသို့သော ဖြစ်ရပ်များ၏ ရင်းမြစ်ကို ဖွေရှာကြည့်မည်ဆိုလျှင် ကျောင်းဝင်စ “ဝ” လုံးတန်းအရွယ်မှ စတင်ရမည် ထင်ပါသည်။ ဒီလိုလေသံနှင့် စလိုက်သည်မို့ အပြစ်ဖို့လို စိတ်တစ်ခုဖြင့် ပုတ်သင်ဥတူးတော့မည်ဟု မယူမတွေးစေလိုပါ။ အဖြေရှာကြည့်ခြင်းမျှသာ ဖြစ်ပါကြောင်း ဦးစွာရှင်းလိုပါသည်။ ကျွန်တော်တို့ ငယ်စဉ်ကာလဆီက စာသင်ကျောင်းရင်ခွင်သို့ ခိုဝင်ပြီဆိုသည်နှင့် ပြည်သူ့နီတိဟူသော ဘာသာရပ်တစ်ခုကို ဦးစွာလေ့ကျင့် သင်ကြားကြရပါသည်။

ပြည်သူ့နီတိဆိုသည်မှာ ပြည်သူပြည်သားများ၏ အကျိုးကို တိုးပွားအောင် ဆောင်ရွက်ခြင်းမည်သောကြောင့် နိုင်ငံသားအားလုံး၏ ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ယဉ်ကျေးမှု၊ တာဝန်ကျေပွန်၍ နိုင်ငံသား ကောင်းဖြစ်ရေးစသည်တို့အတွက် ဆောင်ရွက်ခြင်းဖြစ်ပေသည်ဟူ၍ အဓိပ္ပာယ်သက်ရောက်ပါသည်။

အသက်ရှည်စွာ အနာမဲ့ကြောင်း ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍ ကျမ်းစာသိမြင် တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကျိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်းဆိုသည့် ကန်တော်မင်း ကျောင်းဆရာတော်၏ လောကသာရ အစရှိသဖြင့် လိမ္မာရာယဉ်ကျေးစေရာ ပျို့ကဗျာများနှင့်လည်း ယဉ်ပါးခဲ့ကြရပေသည်။ ထိုနည်းတူပင် ဗုဒ္ဓဘာသာဝင်တို့ ပြုကျင့်လုပ်ဆောင်နေကျ၊ ပန်းရေချမ်းဆွမ်း ဆီမီးကပ်လှူပုံ အစ၊ ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ကျောင်း၌ ယဉ်ကျေးခြင်း၊ လမ်း၌ယဉ်ကျေးခြင်းအလယ် လိုက်နာကျင့်ကြံဖွယ် အသွယ်သွယ်တို့ကို မူလတန်းကျောင်းသား အရွယ်၌ပင် နှုတ်တက်ရွရွ အာဂုံဆောင်ခဲ့ကြ ရသည်များကို ပြန်လည်သတိရမိ ကြမည်ဖြစ်ပါသည်။ ကျွန်တော်တို့ငယ်စဉ် မူလတန်းစာသင်သားဘဝက ပုံရိပ်များဖြစ်ပါသည်။

ဒီကနေ့ ကျွန်တော်တို့၏ သားအရွယ် သမီးအရွယ်၊ တူအရွယ် တူမများအရွယ်တို့၏ ဘဝစာမျက်နှာသစ် ဖွင့်လှစ်ချိန်၌ စောစောက ကျွန်တော်တို့ ရွတ်ဆိုကျွမ်းဝင်ခဲ့ကြသည့် ပြည်သူ့နီတိတို့ ယဉ်ကျေးလိမ္မာ စာ ကဗျာတို့ သူတို့၏ဝန်းကျင်ဆီ ဝေ့လည်၍မျှပင် ချဉ်းကပ်ရောက်ရှိမလာခဲ့ကြတော့။ ဒီမှာပင် ဘိုးဘွားများနှင့် မည်သို့ခေါ် ပြောဆက်ဆံကြပြီး ရဟန်းသံဃာထေရ်ဆရာတို့နှင့် မည်သို့မည်ပုံ နှုတ်ငုံဆောင်လျက် အဘယ် သို့ နှုတ်ခွန်းဆက်သရမည်ကိုပင် သူတို့အဘိ ဓာန်၌ ထိုစာမျက်နှာ ပျောက်ရှနေမှတော့ အဆန်းမဟုတ် နိုင်တော့သည့် သူတို့အဖြစ်။ ဒီအချက်တစ်ချက်ကြောင့်လည်း လူငယ်တချို့၏ မနှစ်မြို့ဖွယ် အကျင့်စရိုက်ဖြင့် ဝန်းကျင်တစ်လွှား လှုပ်ရှားပျံသန်းနေပုံများက ဤသို့ဤနှယ်။

ခုကာလ၌ မိသားစုအများအပြားကိုယ်၌က သားသမီးနှင့် မိဘဖြစ်ပေမယ့် ထိုမိဘနှင့် သားသမီးတို့၏ ရင်းနှီးကျွမ်းဝင်စွာ ခေါ်ပြောဆက်ဆံရချိန်များက ဝေးလံဆွံ့ရှားလာ ကြသည်။ သူ့မိသားစု၊ ကိုယ့်မိသားစု ဒီနည်းနှင်နှင်ချည်းဟု ဆိုရမည် ထင်ပါသည်။ ကျွန်တော်တို့ အမေအဖေများ ပြောသကဲ့သို့ သူတို့ခေတ် အချိန်အခါနှင့် ကျွန်တော်တို့၏ ခေတ်ကာလ အနေအထားက များစွာဝေးလှမ်းသွားပြီ ဖြစ်သောကြောင့်ပါ။ ကျွန်တော်တို့၏ မိဘများ၊ အိမ်ထောင်သားမွေး ပြုခဲ့စဉ်ကာလဆီက အိမ်ထောင်ဦးစီး တစ်ယောက်၏ လုပ်စာကို မိသားတစ်စုလုံး မှီခိုထားနိုင်လောက်အောင်ပင် စရိတ်စက ပြည့်စုံလောက်ငခဲ့သည်လည်း အပါအဝင် ဖြစ်သောကြောင့်ပါ။

ကျွန်တော်တို့၏ ပစ္စက္ခအနေအထားမှာ ဟိုစဉ်ကာလများသို့ အိမ်ထောင်ဦးစီး တစ်ယောက်တည်း၏ ဝင်ငွေရိက္ခာဖြင့် နေထိုင်စားသောက်ကြရမည့်အရေး အတွေးထဲ၌ပင် ထည့်သွင်းစဉ်းစားခွင့် မပေးနိုင်ကြတော့ လောက်အောင်ပင်။ ကုန်ဈေးနှုန်းဆိုသည့် ဧရာမဝန်ထုပ်ကြီးက ကျွန်တော်တို့အား ရုန်းကြွခြင်းငှာ မတတ်သာအောင် ဖိချထားခဲ့ပြီး မဟုတ်ပါလား။ ဒီတော့ရှိသမျှသော မိသားစုဝင်တို့၏အင်အားများဖြင့် ထိုအနှီကုန်ဈေးနှုန်း ဆိုတာကြီးနှင့် လုံးထွေးသတ်ပုတ်နေရသမျှ မိဘနှင့် သားသမီးတို့၊ တစ်ဦးနှင့်တစ်ဦး၊ ကယုကယင် ကြင်နာချစ်ခင်ကြလျက် သားလေးသမီးလေးရယ်လို့ အကြင်နာချိုခွန်းလေးတွေ မပေးနိုင်တော့သမျှ သားနှင့် အမိ၊ သမီးနှင့် အဖတို့၏ကြင်နာမှုသမုဒယ ပန်းခင်းများ၊ ရေဝေးကြာပမာ၊ နွမ်းသွေ့ညှိုးခြောက်ခဲ့ကြရတာ ဘယ်မှာဆန်းပြားတော့မလဲ။

ဒီတော့ သားသမီးနှင့် မိဘတို့ တစ်နေ့ တစ်နေ့ ဝေးလှမ်း၍လာခဲ့ကြရသည်ပေါ့။ အရင်းစစ် အမြစ်မြေက ဆိုသကဲ့သို့ စီးပွား ရေး၊ စားဝတ်နေထိုင်ရေး၊ မပြေလည်နိုင်သမျှ ဝါးအစည်းပြေသည့် ကြမ်းခင်းများပမာ။ ဟိုတကွဲဒီတစ်စ။ အရွယ်မရောက်ခင်ကစ၍ စားဝတ်နေရေးနောက် ကောက်ကောက်ပါအောင် အပြေးအလွှား။ စာသင်ခန်းနှင့် သံယောဇဉ်ဖြတ်ခဲ့ရ။ အခြေအနေမပေးသမျှ တချို့သောကလေးငယ်များ လမ်းဘေးရောက်ကြရ။ ဒီမှာတင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်စားပွဲထိုး ဝင်ရောက်လုပ်ကိုင်ကြရ။ ကစဥ့်ကလျား အပိုင်းအစဘဝများ။

လမ်းဘေးရောက် ကလေးများ၏ဘဝ အပေါင်းအသင်းစုံကြ၊ စရိုက်စုံကြ။ သည် ကစ၍ ပေါ်ပင်ရောဂါများနှင့် လုံးထွေးသတ် ပုတ်ကြ။ ဆေးလိပ်သောက်ကြ။ ဆေးလိပ်မှစ၍ မူးယစ်ဆေးဝါးသို့တိုင် တက်လှမ်းကြ။ အဆိုးသံသရာထဲ တဝဲလည်လည်ဖြစ်ကြ။ ပြစ်မှုပြစ်ဒဏ်များ ကျူးလွန်ကြ။ မီးခိုးမဆုံး မိုးမဆုံးအဖြစ်များနှင့် လူငယ်တို့၏ဘဝများစွာ ပန်းကောင်းအညွန့်ကျိုးရုံမျှမကဘဲ အကိုင်း ရော အခက်အလက်များပါ ကြေမွပျက်စီးခြင်း သို့တိုင်ကာ နိုင်ငံ၏ကြယ်တာရာများ မြောင်း ထဲရောက်သွားပြီး သူကလေးတို့၏အိပ်မက် များ တွန့်လိမ်ကောက် ကွေးခဲ့ကြရ။ နိုင်ငံတော်၏ပုံရိပ်များလည်း မတွေးဝံ့လောက် အောင်ကြောက်လန့်ဖွယ် ချောက်ကမ်းပါးအတွင်း သက်ဆင်းရတော့မည့်အခြေ။

လက်ရှိ ကျွန်တော်တို့နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ရာခိုင်နှုန်း ၆ဝ ရှိသည်ဟု ဆိုပါသည်။

ဒီကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ စကားတစ်ခွန်းကိုလည်း ကြားယောင်မိပါသည်။

“ကျွန်မတို့အနာဂတ်ကို ခြိမ်းခြောက်နေတာ အလုပ်လက်မဲ့ဖြစ်နေခြင်း မဟုတ်ပါ။ မျှော်လင့်ချက်မဲ့နေခြင်းပါ” တဲ့။ အလုပ်ဝင်လိုသည့် ကလေးများ မျက်နှာငယ်စွာဖြင့် အလုပ်အကိုင်ရရှိရေး၊ အင်တာဗျူးတွင် ဝင်လိုက်တိုင်း ပက်လက်လန်၍ ဆုတ်ပြန်ခဲ့ရသည့် အဖြစ်များကလည်း မရိုးနိုင်သည့် ဇာတ်လမ်းများပါပေ။ ခေါ်လိုက်သည့် ရာထူးတိုင်းက လုပ်သက်အတွေ့အကြုံ မည်ရွေ့မည်မျှ ရှိရမည်ဆိုသည့် ရင်ဝစုန်ကန် ကန့်သတ်ချက်များကြောင့် သူတို့ခမျာ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း။ ဒီလိုကန့်သတ်ချက်များ ရှိနေသမျှ လူငယ်အများစုအတွက်၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝေးလှမ်း၍နေဦးမည်မှာလည်း ဗေဒင် မေးစရာမလိုသည့် အခြင်းအရာများပါပေ။

အချိန်များ ကျန်ပါသေးသည့် လူငယ် များအတွက် ကျွန်တော်တို့ အဖြေရှာကြရပါမည်။ လူငယ်တို့၏ အနာဂတ် အရောင်ရွှန်းပြက်ဖို့ ကျွန်တော်တို့အားလုံး၌ တာဝန်ရှိပါသည်။

လမ်းမပေါ်ရောက်လျက် လမ်းဆက်လျှောက်ရန် လမ်းပျောက်နေကြသည့် မျိုးဆက်သစ်များနှင့်အတူ လမ်းကြောင်း နယ်နိမိတ်ကမ်းစပ်ဆီ ခြေစုံမချနိုင်သည့်ဖြစ်ရပ်များဖြင့် ဝေးလွင့်ခဲ့ရသည့် ငွေကြယ်ပွင့်တို့၏ ရင်နင့်ဖွယ်ဖြစ်ရပ်များ ရပ်တန့်စေဖို့ ကျွန်တော်တို့၏ ကြင်နာသော နှလုံးသားများဖြင့် ကမ်းလင့်မှုပြုကြပါစို့လား။

Credit - Eleven Media Group

No comments:

Post a Comment