Wednesday, December 10, 2014

အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့် ပြင်ဆင်ရေး တိုင်ပတ်မလား (ဆောင်းပါး)

Written by - ဒေါက်တာရန်မျိုးသိမ်း

နိုင်ငံတကာ အသိုင်းအဝိုင်း၊ အစိုးရများ၊ ပြည်တွင်း၊ ပြည်ပပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအနေဖြင့် အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များအခန်းပါ ပုဒ်မများ ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာပြီး မြန်မာနိုင်ငံ၏ လတ်တလောနှင့် အနာဂတ်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခရီးပေါက်မှုကို ချိန်ဆမည်ဖြစ်သည်။ အခန်း(၁၁)ပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်နိုင်လေ ဆယ့်တစ်မီးငြိမ်းရန် နီးစပ်နိုင်လေဖြစ်ပြီး ပြင်ဆင်နိုင်ခြေ အားလျော့လျှင် ဒီမိုကရေစီစပ်ကူးမပ်ကူးသည် လျော့ရဲပျော့ပြဲနေမည်သာ ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်တွင်း ဆွေးနွေးမှုများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး
အကောင်အထည်ဖော်မှု ကော်မတီ၏ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက် မှုအစီရင်ခံစာ (ကော်မတီအစီရင်ခံစာ) အပေါ် အခြေခံလျက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေကြမ်းကို ရေးဆွဲမည်ဖြစ်သည်။

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ အခန်းပါပုဒ်မများ ပြင်ဆင်ရေးအတွက် ဥပဒေမူကြမ်းတွင် မည်သို့ထည့်သွင်းမည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ပုဒ်မ (၂၃)ခု ပါ ဝင်ပြီး ပုဒ်မအားလုံးကို ပြင်ဆင်နိုင်ရန် ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာ ခိုင်နှုန်းကျော်နှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ တွင် မဲပေးပိုင်ခွင့်ရှိသူ၏ ထက်ဝက်ကျော် ထောက်ခံမှုလိုအပ်သည့် အလျောက် ပြင်ဆင်နိုင်ရန် အခဲယဉ်းဆုံး၊ အခက်ခဲဆုံးပုဒ်မများ ပါဝင်သည့်အခန်းဟု ဆိုနိုင်သည်။

ကော်မတီ၏အစီရင်ခံစာ၊ ဥပဒေကြမ်း တို့တွင် မည်သို့ပင်ဆိုစေကာမူ ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် ၇၅ ရာခိုင် နှုန်းကျော်၏ထောက်ခံမှုမရရှိလျှင် ပြင်ဆင် ရေးသည် အထမြောက်မည်မဟုတ်။ လွှတ် တော်တွင်းအဆုံးအဖြတ်အလွန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံမှုရရှိနိုင်ရေးသည် လည်း နိုင်ငံရေးခယောင်းလမ်းပင် ဖြစ်သည်။ ကော်မတီအနေဖြင့် အစီရင်ခံစာတွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ အခန်းပါ ပုဒ်မ ၄၁၁(က)(ခ)၊ ၄၁၃(က)၊ ၄၁၄(က)၊ ၄၁၅၊ ၄၁၆၊ ၄၂၂၊ ၄၂၄၊ ၄၃ဝ နှင့် ပုဒ်မ ၄၃၁ တို့ကို မူလအတိုင်းထားရှိရန် စဉ်းစားသင့်သည်ဟု အကြံပြုခဲ့သည်။

အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များ အခန်းပါ နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြည်ထောင်စုလွှတ်တော်တို့နှင့် ညှိနှိုင်းပြီးဟု ပြင်ဆင်နိုင်မည်ဆိုလျှင် တိုင်းပြည်၏ အရေးပေါ်အခြေအနေတွင် ပြည်ထောင်စုလွှတ်တော်ကို ထိထိရောက်ရောက် နိုင်ငံရေးအရာ သွင်းနိုင်မည်ဖြစ်သည်။

ပုဒ်မ ၄၁၄(ခ) နှင့် ပုဒ်မ ၄၂ဝ ပါ နိုင်ငံသားများ၏ မူလအခွင့်အရေး တစ်ရပ်ရပ်ကို ဖြစ်စေ တစ်ရပ်ထက် ပို၍ဖြစ်စေ လိုအပ်သလို ကန့်သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်းထား နိုင်သည်ဟူသော ပြဋ္ဌာန်းချက်ကို နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မထိခိုက်စေဘဲ လုံခြုံရေးဆိုင်ရာကိစ္စများကို ဆောင်ရွက် နိုင်သည်ဟု ပြင်ဆင်နိုင်မည်ဆိုလျှင် သင့် လျော်သည်။ နိုင်ငံတော်သမ္မတ သို့မဟုတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထုတ် ပြန်သော ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်နှင့် အရေးပေါ်အခြေအနေ ကြေညာချက်သည် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ကန့်သတ်ပိတ်ပင်ခြင်း ကင်းလွတ်နိုင်မည်ဆိုလျှင် ဒီမိုကရေစီ အပြောင်းအလဲနှင့် ပိုမိုလျော်ကန် သင့်မြတ်မည်ဖြစ်သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပုဒ်မ ၄၂ဝ ကို မူလအတိုင်း ထားရှိသင့်ပါသည်ဟု အကြံပြုခဲ့သည်။ လူ့အခွင့်အရေး စံပေတံသည် ဆူပူလှုပ်ရှားနေသော လူထုထံတွင် အသုံးမဝင်ပါဟု လည်းကောင်း၊ လွတ်လပ်စွာရေးသားခွင့် ပြောဆိုခွင့်များကို လည်း ပိတ်ပင်သင့်က ပိတ်ပင်မည်ဟုလည်း ကောင်း ဆွေးနွေးခဲ့သည်။ အရေးပေါ်အခြေ အနေတွင် နိုင်ငံသားတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန် အမျိုးသား အကျိုးစီးပွားကိုကာကွယ်ရန် ကန့်သတ်သင့်သည်ကို ကန့်သတ်ရမည်ဟု တပ်မတော်သားလွှတ် တော် ကိုယ်စားလှယ်များက ရှင်းလင်းခဲ့သည်။ တပ်မတော်အနေဖြင့် နိုင်ငံသားတို့အသက် အိုးအိမ်စည်းစိမ်နှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်လျက် နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို ပိတ်ပင်ကန့်သတ်ခြင်းသည် နိုင်ငံရေးအရ အမြီးအမောက် မတည့်သည့်အသွင် ဆင်ခြင်သုံးသပ်နိုင်သည်။

အရေးပေါ်အခြေအနေ ကြေညာပြီးပါ က ပုဒ်မ ၄၁၈(က)အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်ဟူသော ပြဋ္ဌာန်းချက်အား အုပ်ချုပ်ရေးအာဏာကို လွှဲအပ်ကြောင်း ကြေညာရမည်ဟု ပြင်ဆင်နိုင်ရေး စဉ်းစားသင့်သည်။ အရေးပေါ်အခြေ အနေတွင် အုပ်ချုပ်ရေးအာဏာတစ်ခုတည်း ကို ကျင့်သုံးလျက် အခြေအနေ ထိန်းသိမ်းနိုင် ရမည့်အပြင် ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များကို မူလအတိုင်းထားရှိသင့်သည်။ လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများကို မရပ် ဆိုင်းသင့်ပေ။ အရေးပေါ်အခြေအနေတွင် ဥပဒေပြုရန် လိုအပ်ပါက တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် အုပ်ချုပ်ရေးအကြီး အကဲအဖြစ် လွှတ်တော်များ၊ ဦးစီးအဖွဲ့များ နှင့် ညှိနှိုင်းဆွေးနွေး၊ ဖော်ဆောင်နိုင်မည့် နည်းလမ်းကို စဉ်းစားခြင်းက လွှတ်တော်နှင့် ဦးစီးအဖွဲ့များ၏လုပ်ငန်းများ ရပ်ဆိုင်းခြင်း ထက် ပိုမိုကြောင်းကျိုးလျော်ညီသည်ဟု သုံးသပ်နိုင်သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပုဒ်မ ၄၁၈(ခ)ကို မူလ အတိုင်းထားရှိရန် အကြံပြုရာတွင် နိုင်ငံတော်အခြေအနေ အရပ်ရပ်ကြောင့် နိုင်ငံတော် သမ္မတက နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား လွှဲအပ်ပေးသည့်အခါ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည့် ဥပဒေများကို ပြဋ္ဌာန်းသွားရန် ရှိမည်ဖြစ်သည်။ ထိုနည်းတူ သက်ဆိုင်ရာ လွှတ်တော်များကိုလည်း ဥပဒေများ ပြဋ္ဌာန်းခွင့်ပြုထားမည်ဆိုလျှင် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော်အာဏာကို ကျင့်သုံးရန် လွှဲအပ်ပေးထားသည့် အချိန်ကာလ အတောအတွင်း လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများကို ရပ်ဆိုင်းထားရန် ပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။ နိုင်ငံတော်အာဏာ ကျင့်သုံးမှုနှင့် စပ်လျဉ်း၍ ရှုပ်ထွေးမှုမရှိစေရန်နှင့် ပိုမိုရှင်းလင်း လွယ်ကူစေရန် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ အရေးပေါ် အခြေအနေတွင် ကာကွယ်ရေးဦးစီးချုပ်သည် ဥပဒေများပြဋ္ဌာန်းရန် လိုအပ်ပါက လွှတ်တော်အထူး အစည်းအဝေး ခေါ်ယူလျက် လွှတ်တော်တွင် ဆွေးနွေးအတည်ပြုချက် ရယူပြီးမှ ဥပဒေပြုသင့်၊ မသင့် ဆုံးဖြတ်ခြင်းက ပိုမိုကြောင်းကျိုးဆီလျော်မည် ဖြစ်သည်။ ဥပဒေပြုရေးအာဏာသည် ပြည်ထောင်စုလွှတ်တော်မှအပ အခြားမည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း လက်ထဲတွင်မှ ရှိမနေမှသာ ဒီမိုကရေစီစနစ် ထူထောင်ခြင်းသည် ပိုမိုအားကောင်းမောင်း သန်မည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များအခန်းကို အကြောင်းပြုလျက် တိုင်ပတ်နေဦးမည်။ သောင်မတင် ရေမကျ ဖြစ်နေဦးမည်ဆိုလျှင် တိုင်းပြည်နှင့် ပြည်သူ ပိုမိုနစ်နာဦးမည်ဖြစ်သည်။ ဒီမို ကရေစီအကူးအပြောင်းအပေါ် ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်တန်ဖိုးထားမှုကိုလည်း လျော့ပါးစေနိုင်သည်။ ဒီမိုကရေစီစနစ်ကို ဦးတည်နေသည်ဟုဆိုသော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များ အခန်းပါ ပုဒ်မများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အာဏာသုံးရပ်ကို ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထံ လွှဲအပ်ခွင့်ပြုထားမည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အာဏာ သိမ်းယူခွင့်ပြုထားခြင်းနှင့် ထူးမခြားနားနိုင်ပါကြောင်း ပြည်သူလူထု အကျိုးမျှော် နှိုးဆော်လိုက်ရပါသည်။

Credit - Eleven Media Group

နိုဝင်ဘာ ၂၃ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ တပ်မတော်သား ကိုယ်စားလှယ်များကို တွေ့ရစဉ်

No comments:

Post a Comment