တကယ်တော့ ခြစားမှုဆိုတာ အသစ်မဟုတ်ပါဘူး။ ခရစ်တော်မပေါ်ခင် အနှစ်တစ်ထောင် လောက်ကတည်းက ခြစားမှု ဆိုတာကို အီဂျစ်တို့၊ ဘေဘီလုံတို့မှာ တွေ့ခဲ့ကြတာပါ။ တကယ်တော့ နိုင်ငံတော်ရဲ့ အင်စတီကျူးရှင်းတွေ အားမကောင်းတဲ့အချိန်မှာ ခြစားမှုတွေ တိုးပွားလာတာပါပဲ။
ခြစားတာကို ပုံသေနည်းနဲ့ တွက်ချက်ကြည့်တဲ့အခါ-
C=M+D-A လို့ ဖော်ပြကြပါတယ်။ C က Corruption (ခြစားတာ)၊ M က Manipulation (ခြယ်လှယ်တာ၊ ဝင်ရောက်စွက်ဖက်တာ)၊ D က Decision (ဆုံးဖြတ်ချက်ချတာ)၊ A က Accountability (တာဝန်ခံတာ) တို့ ဖြစ်ပါတယ်။
ဒီပုံသေနည်းကနေ ချဲ့ထွင်စဉ်းစားလိုက်တဲ့အခါ ဟောသလို အဖြေတွေ ရလာပါတယ်။
၁။ အစိုးရက ဝင်ရောက်စွက်ဖက်တာ၊ ခြယ်လှယ်တာ များလွန်းရင် သေချာပေါက် ခြပွားမယ်။
၂။ ဆုံးဖြတ်ချက် ချတာတွေက ပွင့်လင်းမြင်သာမှု မရှိလွန်းရင် သေချာပေါက် ခြပွားမယ်။ (တစ်လောကပဲ ရန်ကုန်စီးပွားရေး အဆောက်အအုံတွေ ဆောက်ဖို့ တင်ဒါခေါ်တာ ပြဿနာ ပေါ်ခဲ့ဖူးပါတယ်)
၃။ တာဝန်ခံမှု နည်းလွန်းရင် ခြပွားပါတယ်။
ဒီတော့ အဲသည်ခြတွေကကော ဘာကြောင့် စားချင်ဝါးချင် ရတာလဲ။
၁။ မျက်နှာသာပေးတာ ခံချင်လို့ပါ။
(သိတော်မူကြတဲ့ အတိုင်းပဲ။ ပါမစ်တွေ လုပ်ပိုင်ခွင့်တွေ ချပေးနိုင်တဲ့ ဝန်ကြီးတွေဆို မျက်နှာပန်း သိပ်ပွင့်ပါတယ်)
၂။ ကိုယ့်အတွက် များများကျန်ချင်လို့ပါ။
ဒါတော့ သိပ်ရှင်းနေစရာ မလိုဘူး ထင်ပါတယ်။ လူတိုင်း ချမ်းသာချင်ပါတယ်။ မြန်မြန်ချမ်းသာချင်ပါတယ်။ ဒါကို အပြစ်တစ်ခုလို့ မသတ်မှတ်ပါဘူး။ ဒါပေမဲ့ ပြည်သူအများနဲ့ သက်ဆိုင်လာရင်၊ ပြည်သူ့အကျိုး ထိခိုက်လာရင်တော့ အပြစ်ချည်းပါပဲ။
ဒီတော့ ဘယ်လိုကိစ္စမျိုးတွေမှာ ခြပွားလာတတ်တယ် ဆိုတာကို လေ့လာကြည့်ရင် ဟောသလို တွေ့ရပြန်ပါတယ်။
၁။ အစိုးရအဖွဲ့နဲ့ စီးပွားရေး အခွင့်အလမ်းတွေ သိပ်နီးကပ်လွန်းနေရင် ခြပွားတတ်ပါတယ်။ ရှင်းပါတယ်။ ရန်ကုန်မြို့မှာ ဟိုတယ်တစ်လုံး ဆောက်ချင်ရင်၊ ဒါမှမဟုတ် အိမ်ရာတစ်ခု ထူထောင်ချင်တယ် ဆိုရင်၊ ဒါမှမဟုတ် ရှော့ပင်းမော်လ် တည်ချင်တယ်ဆိုရင် အဆုံးအဖြတ်ဟာ ဘယ်ကလာသလဲ။ ဘယ်သူ ဘယ်လောက်နဲ့ သည်နေရာကို ဘယ်နှနှစ် ရသွားသလဲ ဆိုတာကို ဘယ်နှခါ ထုတ်ပြန်ခဲ့ဖူးပါသလဲ။ ခုတောင် ဗိုလ်ရှုခံအတွက် သိန်းပေါင်း ခြောက်ထောင့်လေးရာကျော် အကုန်အကျခံ ဆောက်ဦးမယ်တဲ့။ စဉ်းစားကြည့်ရင် သည်ပမာဏဟာ မြန်မာပြည်သူ တစ်သန်းခွဲလောက်ကို ထမင်းလေးရက်လောက် အဝကျွေးနိုင်ပါတယ်။ လူနာ ငါးသောင်းလေးထောင်ကို တစ်နှစ်တိတိ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ပါတယ်။
၂။ ဆုံးဖြတ်နိုင်ခွင့်၊ အခွင့်အာဏာကို အလွန်အမင်း ချုပ်ကိုင်ထားရင်လည်း ခြပွားတတ်ပါတယ်။
၃။ ဘယ်ဟာက ထုံးစံ ဘယ်ဟာက ပြစ်ဒဏ်ဆိုတာ ဝါးတားတား ဖြစ်နေရင်လည်း ခြပွားမှာ အမှန်ပါ။ လာကန်တော့တဲ့အခါ သုံးသိန်းအထိ လက်ခံလို့ရတယ် ဆိုတာမျိုးဟာ ဝါးတားတား စကားပါ။
၎။ ငွေအမြောက်အမြား ရင်းနှီးလုပ်ကိုင်ရတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ ခွင့်ပြုတော့မယ်ဆိုရင် သည်လို ပြဿနာမျိုးတွေ တွေ့ရတတ်ပါတယ်။
၅။ ဒါနဲ့ တစ်ဆက်တည်းမှာပဲ ပေါ်ပေါက်လာတတ်တဲ့ သတင်းတွေ၊ စကားတွေကို လျစ်လျူရှုလွန်းရင်လည်း ခြပွားတတ်ပါတယ်။ ခုဆို ရန်ကုန်မှာ ကွန်ကရစ်တုံးတွေ ချပြီး ဘတ်စ်ကား ပြေးခိုင်းနေပါပြီ။ သည်ဟာရဲ့ နောက်ဆက်တွဲမှာ အဖွဲ့အစည်းနှစ်ခုကိုပဲ ရန်ကုန်မြို့တွင်း ယာဉ်ပြေးဆွဲခွင့် ပြုတော့မယ် ဆိုတာမျိုး သတင်းတွေ ပေါ်ပေါက်လာပါတယ်။ ဒါကို လျစ်လျူရှုလို့ မဖြစ်နိုင်ပါဘူး။ ရန်ကုန်တစ်ဖက်ကမ်းက စေတနာမြို့သစ်လိုပေါ့။
၆။ နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်းတွေ (ဆိုပါတော့ IMF, EU ကမ္ဘာ့ဘဏ် စသဖြင့်ပေါ့) က ငွေအမြောက်အမြား ပေးပြီး နိုင်ငံဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ခိုင်းခဲ့ရင် ခြပွားတတ်ပါတယ်။
၇။ နိုင်ငံတော်က ကုန်ထုတ်လုပ်မှုကို တစ်ဦးတည်း မူပိုင်လုပ်ရင်လည်း ခြပွားတတ်ပါတယ်။ ဆိုပါတော့ စစ်လက်နက် ပစ္စည်းတို့၊ စစ်အသုံးအဆောင်တို့ကို နိုင်ငံတော်က တာဝန်ယူပြီး တစ်ဦးတည်း ထုတ်လုပ်သူ လုပ်ခဲ့ရင် ခြပွားတတ်ပါတယ်။
သည်တော့ ခြစားတာဟာ နေရာမရွေး အချိန်မရွေး ဖြစ်ပွားတတ်တယ် ဆိုတာကို သဘောပေါက်ပြီးရင် သိပ်အရေးကြီးတဲ့ ကိစ္စလေးတစ်ခု ဆက်ပြီး တင်ပြချင်ပါတယ်။ အဲဒါကတော့ ခြပွားလာရင် နိုင်ငံရေးနဲ့ တရားမျှတမှုအကြား နေရာလပ်ကို (မီးခိုးရောင်နယ်မြေ) အဖြစ် ပြောင်းလဲပစ်တတ်ပါတယ်။ အန္တရာယ်ပါ။ တစ်နိုင်ငံလုံးနဲ့ ဆိုင်ပါတယ်။ ယုံကြည်မှုတွေပျက်ပြီး လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတော်ကို ရေရှည်ဆိုးကျိုးတွေ ဖြစ်စေတတ်ပါတယ်။
ဒါဆို ကျွန်တော်တို့ သည်လိုပဲ လက်ပိုက်ပြီး ကြည့်နေတော့မှာလား။
(ဆက်လက်ဖော်ပြပါမည်)
ဇာဂနာ
၂၀၁၅ ဒီဇင်ဘာလ ၅ ရက်နေ့။
Credit - The Voice
![]() |
No comments:
Post a Comment