Tuesday, December 9, 2014

ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို လာမည့် ခုနစ်နှစ်ကျော်အတွင်း ယူရိုသန်း ၇၀၀ နီးပါး အကူအညီပေးမည်ဟု ကြေညာ

မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် လာမည့် ခုနစ်နှစ်ကျော်အတွင်း ယူရိုသန်း ၇ဝဝ နီးပါး အကူအညီပေးမည်ဟု ဥရောပသမဂ္ဂက ဒီဇင်ဘာ ၈ ရက်တွင် ကြေညာခဲ့သည်။

သတင်းလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးဆိုင်ရာစသော အခန်းကဏ္ဍများအပါအဝင် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အချို့သည် နောက်ကြောင်းပြန်လှည့်နေမှုရှိသည်ဟု စိုးရိမ်မှုရှိကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပြီးခဲ့သောလတွင် ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်ပိုင်း ဥရောပသမဂ္ဂ၏ ကြေညာချက်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များ တိုးမြှင့်ကြိုးပမ်းရန် အပါအဝင်ကဏ္ဍစုံ၌ အသွင်ကူးပြောင်းရေးလုပ်ငန်းများကို အားဖြည့်ပေးနိုင်ရန်အတွက် ၂ဝ၁၄ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ဥရောပသမဂ္ဂက ယူရို ၆၈၈ သန်း (ဒေါ်လာ သန်း ၉ဝဝ) ကူညီပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းကူညီပေးသော ငွေများသည် ကျေးလက်ဒေသများနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ စားနပ်ရိက္ခာထောက်ပံ့မှု နှင့် အာဟာရဖူလုံရေးလုပ်ဆောင်မှုများကို တိုးတက်စေရန်၊ ပညာရေးကဏ္ဍကို ထောက်ပံ့ပေးရန်နှင့် အစိုးရလုပ်ငန်းစဉ်များနှင့် ဥပဒေစိုးမိုးမှုများ တိုးတက်စေရန်အတွက် အထောက်အကူပြုစေမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂကော်မရှင်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လာမည့် ခုနစ်နှစ်ကျော်အတွင်း ယင်းအကူအညီများဖြင့် ဥရောပသမဂ္ဂသည် မြန်မာပြည်သူအားလုံးအတွက် အကျိုးရှိစေမည့် လုပ်ဆောင်နေဆဲ ၎င်းတို့၏ အစီအစဉ်များကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သော သုံးနှစ်အတွင်း ပြုပြင်ပြောင်းလဲမှုအချို့ပြုလုပ်ခဲ့ရာ နိုင်ငံတကာ၏ ထောက်ခံမှုရရှိခဲ့ပြီး ပိတ်ဆို့အရေးယူမှုအများစုကို ပြန်လည်ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

စစ်ဗိုလ်ချုပ်ဟောင်းများ လွှမ်းမိုးထားဆဲဖြစ်သော အရပ်သားတစ်ပိုင်းအစိုးရ လက်ထက်တွင် နိုင်ငံရေးအကျဉ်းသားအများစုကို လွှတ်ပေးခဲ့ပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲယှဉ်ပြိုင်ပြီးနောက် လွှတ်တော်ထဲသို့ ဝင်ရောက်ခဲ့သည်။

သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သော ပုဒ်မ ၅၉(စ)အရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတရာထူးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသည်။

ယင်းပုဒ်မ ၅၉(စ)နှင့်ပတ်သက်၍ အိုဘားမားက ပြင်ဆင်ဖြည့်စွက်ရေးလုပ်ငန်းစဉ်များတွင် ဖယ်ထုတ်ရေးထက် သက်ဆိုင်သူ ပါဝင်ရေးသည် လိုအပ်ကြောင်း ပြီးခဲ့သောလတွင် ပြောကြားခဲ့သည်။


Credit - Eleven Media Group

No comments:

Post a Comment