သဘာဝသယံဇာတကို ကျိန်စာမှ မင်္ဂလာသို့ ပြောင်းလဲနိုင်လျှင် မြန်မာတို့ တိုးတက်ပြီ။
ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ရေသယံဇာတ၊ ကျွန်း၊ မြေလွတ်မြေရိုင်း စသည့် သဘာဝသယံဇာတ ပေါကြွယ်ဝသောကြောင့် မြန်မာနိုင်ငံကို အလားအလာကောင်းသော နိုင်ငံအဖြစ် ခေတ်အဆက်ဆက်တွင် တညီတညွတ်တည်း သတ်မှတ်ခဲ့ကြသည်။ ခေတ်များသာ ပြောင်းလာသော်လည်း မြန်မာနိုင်ငံသည် မဖွံ့ဖြိုးမတိုးတက်ဘဲ အများနောက်တွင် ကျန်ရစ်သဖြင့် မြန်မာနိုင်ငံသည် သဘာဝ သယံဇာတကြောင့်ပင် မဖွံ့ဖြိုး မတိုးတက်လေ ရော့သလားဟု နောက်ဆုံးတွင် ကောက်ချက် ဆွဲလာကြသည်။ သဘာဝသယံဇာတ
ပိုင်ဆိုင်သော နိုင်ငံတို့သည် မိဘအမွေကို အဆင်သင့် ရလိုက်သဖြင့် ကြိုးစားရန်မလို ပျင်းရာမှ ဖျင်း၊ ရလိုက်သည်တို့ကို သုံးရင်းဖြုန်းရင်း မွဲသွားသော သားသမီးများကဲ့သို့ ဖြစ်သည်။ သဘာဝသယံဇာတ ကြွယ်သလောက် မွဲသော နိုင်ငံများသည် သဘာဝ သယံဇာတကြောင့် မွဲတေကြသဖြင့် သဘာဝသယံဇာတ ကျိန်စာသင့်သော နိုင်ငံများဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝ သယံဇာတကျိန်စာ သင့်နေသော နိုင်ငံများ စာရင်းတွင် ပါဝင်လာသည်။
သို့သော် သဘာဝ သယံဇာတများ ကြွယ်ဝခြင်းသည် မွေးရာပါ ကျိန်စာ မဟုတ်ပါ။ သဘာဝ သယံဇာတများသည် နိုင်ငံတိုင်း တောင်းတလျက်နှင့် မရနိုင်သော ဆုလာဘ်ဖြစ်ပြီး သဘာဝ သယံဇာတ ကြွယ်ဝသော နိုင်ငံတိုင်း မွဲသည်မဟုတ်ပါ။ ယနေ့ ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးများဖြစ်သည့် အမေရိကန်၊ တရုတ်၊ ဘရာဇီး၊ ကနေဒါ၊ သြစတြေးလျတို့သည် ကမ္ဘာ့သဘာဝ သယံဇာတ အကြွယ်ဝဆုံး နိုင်ငံများစာရင်းတွင် နံပါတ်တစ်မှ တစ်ဆယ်အတွင်း ဝင်သည်။ ကြိုးစားသည်ချင်း တူလျှင် မိဘအမွေ ရထားသူက အခွင့်အလမ်း ပိုသာစမြဲ။ မသုံးတတ်မစွဲတတ် အလေအလွင့် အဖိတ်အစဉ် များသလောက် သဘာဝ သယံဇာတတို့ ကြွယ်ဝသည်ဟု သာယာနေလျှင်သာ သဘာဝ သယံဇာတသည် ကျိန်စာအဖြစ် ပြောင်းလဲသွားသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် မွေးရာပါ အားသာချက် ဖြစ်သည့် သဘာဝ သယံဇာတကို ပိုင်ပိုင်နိုင်နိုင် သုံးစွဲကာ နိုင်ငံ ကြီးပွားအောင် စနစ်တကျ ဆောင်ရွက်ရမည်။ သဘာဝ သယံဇာတမှ ရရှိသော ဝင်ငွေများ ပြည်သူ့ဘဏ္ဍာထဲသို့ မှန်မှန်ကန်ကန် ရောက်ရှိစေရေး၊ သဘာဝ သယံဇာတ ဝင်ငွေများကို ပြည်သူ့အကျိုးအတွက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍ အသီးသီးတွင် ပြန်လည် ရင်းနှီးမြှုပ်နှံနိုင်ရေးတို့ အရေးကြီးပါသည်။
၂၀၁၄ ဇွန်လအတွင်းက မြန်မာနိုင်ငံကို EITI (Extractive Industries Transparency Initiative) အပြည်ပြည်ဆိုင်ရာ သဘာဝ သယံဇာတရင်းမြစ် တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ ပွင့်လင်းမြင်သာရေး လှုပ်ရှားမှုက အဖွဲ့ဝင်လောင်းအဖြစ် လက်ခံခဲ့ခြင်းက မြန်မာနိုင်ငံသည် သဘာဝ သယံဇာတတို့ကို စနစ်တကျ စီမံခန့်ခွဲသည့် လမ်းကြောင်းပေါ်သို့ တက်နေပြီကို ပြသသည်။ မြန်မာသည် EITI သို့ ဝင်ရောက်သော တတိယမြောက် အရှေ့တောင်အာရှ နိုင်ငံဖြစ်ပြီး အာရှတိုက် ကုန်းမကြီးပေါ်ရှိ အရှေ့တောင်အာရှ နိုင်ငံများအနက် ပထမဦးဆုံး ဖြစ်သည်။ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တု တူးဖော်ခြင်းမှရသော ဝင်ငွေများကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန် ကြေညာရတော့မည် ဖြစ်သဖြင့် အကျင့်ပျက် ခြစားမှု ပြဿနာများကို ဖြေရှင်းနိုင်ပေတော့မည်။ သို့သော် ယင်းသည် အရေးပါလှသည့် ပထမအဆင့် ခြေလှမ်းသာဖြစ်ပြီး နောက်ထပ် ခြေလှမ်းများစွာ လှမ်းရပေဦးမည်။
မြန်မာ့ သဘာဝဓာတ်ငွေ့များကို ဈေးကောင်းကောင်း ရအောင် မည်သို့ ရောင်းချမည်၊ ရလာသော ငွေများကို မည်သည့် နေရာများတွင် ပြန်လည် ရင်းနှီးမြှုပ်နှံမည်၊ ပြည်တွင်းတွင် သုံးမည်ဆိုကလည်း မည်သို့ ထိရောက်အောင် သုံးစွဲမည်၊ ကျောက်စိမ်း၊ ပတ္တမြားစသော တွင်းထွက် ကျောက်မျက်တို့ကို မည်သို့ တန်ဖိုးမြှင့်မည်၊ ဈေးကွက် မိမိထံရောက်အောင် မည်သို့လုပ်ဆောင်မည်၊ သစ်ကို အလုံးလိုက် မရောင်းဘဲ ပရိဘောဂ၊ လူသုံးကုန် စသည်ဖြင့် မည်သို့ တန်ဖိုးမြှင့်မည်၊ မြေလွတ် မြေရိုင်းများကို မည်သို့ဖော်ထုတ် အသုံးချမည်စသော မေးခွန်းများအတွက် အဖြေကောင်းများ ပေါ်လာသင့်ပြီ။
မြန်မာနိုင်ငံအပေါ် ကျရောက်နေသော သဘာဝ သယံဇာတကျိန်စာ ပြယ်လွင့်ပြီး မင်္ဂလာအပေါင်း ခညောင်း စေလိုပါသည်။
အယ်ဒီတာ (၉.၁၂.၂၀၁၄)
-----------------------------------
Editorial, The Voice Daily Vol-2/No-206 (#voiceeditorial)
No comments:
Post a Comment