ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံ အစိုးရချင်းသာမက၊ လွှတ်တော်၊ တပ်မတော်အပြင် အခြားကဏ္ဍအသီးသီးတွင် အပြန်အလှန် ပူးပေါင်းရန် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တောင်ကိုရီးယား သမ္မတနိုင်ငံ၏ သမ္မတ မဒမ်ပတ်ဂွန်ဟေးတို့ ဒီဇင်ဘာ ၁၁ ရက် နံနက်က ဘူဆန်မြို့ BEXCO Convention Hall တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
သမ္မတ နှစ်ဦးက နှစ်နိုင်ငံ အစိုးရ၊ ပြည်သူ၊ လွှတ်တော်၊ တပ်မတော်တို့ အပြန်အလှန် ပိုမို ပူးပေါင်းရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုကဏ္ဍ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစသည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ ဆွေးနွေးခဲ့သည်။
ယင်းအပြင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ ထွန်းကားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု တိုးမြှင့်ရေး တို့အပြင် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုကဏ္ဍများ အပြန်အလှန် ဖလှယ်ရေးတို့လည်း ဆွေးနွေးခဲ့သည်။
လာမည့် ၂၀၁၅ခုနှစ်တွင် နှစ်လေးဆယ်ပြည့်မည့် မြန်မာ-ကိုရီးယား သံတမန်ဆက်ဆံမှုတွင် နှစ်နိုင်ငံလုံး၌ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရန်လည်း စီစဉ်ထားသည်ဟု ဆိုသည်။
တောင်ကိုရီးယား သမ္မတ အနေဖြင့် မြန်မာနိုင်ငံသို့ နှစ်ဖက်အဆင်ပြေမည့် အချိန်၌ လာရောက်လည်ပတ်ရန် သမ္မတ ဦးသိန်းစိန်က ဖိတ်ခေါ်ခဲ့ပြီး မဒမ်ပတ်ဂွန်ဟေးဘက် ကလည်း သဘောတူလက်ခံခဲ့သည်။
ဒီဇင်ဘာ ၁၁ ရက်၌ပင် သမ္မတဦးသိန်းစိန်နှင့် Diplomacy မဂ္ဂဇင်း စတင်တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ Dr. Thok Kyu Limb တို့ တွေ့ဆုံ ခဲ့ပြီး Dr. Thok Kyu Limb က သမ္မတဦးသိန်းစိန်အား ၂၀၂၀ ခုနှစ်တွင် ဖြစ်လာမည့် မြန်မာနိုင်ငံအပေါ် မျှော်မှန်းချက်အား မေးမြန်းခဲ့ရာ သမ္မတ ဦးသိန်စိန်က မျှော်မှန်းချက် သုံးခုကို ထုတ်ဖော် ပြောပြခဲ့သည်။ ယင်းအချက်များသည် လက်နက်ကိုင် ပဋိပက္ခအားလုံး အဆုံးသတ် ကာ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးတည်ဆောက်ပြီးဖြစ်ရန်၊ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ (LDC) မှ ရုန်းထွက်းပြီး ဖြစ်ရန်နှင့် အလယ်အလတ် ဝင်ငွေရှိသည့် နိုင်ငံအဆင့် ရောက်ရှိရန် မျှော်မှန်းသည်ဟု ဖြေကြားခဲ့သည်။
သမ္မတဦးသိန်းစိန်က တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၁ ရက်တွင် ကျင်းပသည့် အာဆီယံ-ကိုရီးယား အမှုဆောင် အရာရှိချုပ်များ ထိပ်သီးအစည်းအဝေးကို သွားရောက်တက်ရောက်ခဲ့ပြီး အဖွင့်အမှာ စကားလည်း ပြောကြားခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment