(ဆောင်းပါးရှင် - ဟယ်ရီမွန်)
Hawaa Hawaai ဆိုတဲ့ အိန္ဒိယရုပ်ရှင် ဇာတ်ကားတစ်ကား ကြည့်လိုက်ရပါတယ်။ အဲ့ဒီကားထဲမှာ အိန္ဒိယနိုင်ငံက ဆင်းရဲတဲ့မိသားစုကနေ မွေးဖွားလာတဲ့ ကလေးငယ်တစ်ဦးက ၀ါသနာပါရာ စကိတ်စီးတဲ့ အတတ်ပညာကို ကြိုးစားသင်ယူပြီး မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အနေအထားကနေ နောက်ဆုံးမှာ ချန်ပီယံတစ်ဦး ဖြစ်သွားခဲ့တဲ့ အကြောင်းအရာလေးကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း ရိုက်ပြထားတာပါ။ အဲ့ဒီကလေးရဲ့ ကြိုးစားမှုကို ရိုက်ကူးပြသရင်း သူ့ရဲ့ဆန္ဒကို အခြားဘ၀တူ ကလေးငယ်တွေကလည်း ၀ိုင်းဝန်းဖြည့်ဆည်း ပေးကြပုံတွေက ဇာတ်လမ်းထဲမှာပါတဲ့ သင်ခန်းစာယူစရာ
အကြောင်းအရာတွေပါ။ မပြည့်စုံတဲ့ မိသားစုဘ၀တွေကနေ ပေါက်ဖွားလာကြတဲ့ ကလေးတွေဖြစ်ပေမယ့် သူတို့ကျင်လည်ကြရတဲ့ ပတ်ဝန်းကျင်က အတတ်ပညာတွေနဲ့ သူတို့သူငယ်ချင်းအတွက် လိုအပ်တဲ့ စကိတ်တစ်ခုကို ကိုယ်တိုင်ဖန်တီးပေးကြပုံတွေက သင်ယူကြိုးစား လုပ်ကိုင်တတ်မယ်ဆိုရင် ဘယ်အရာမဆို လုပ်ကိုင်နိုင်တယ်ဆိုတဲ့ သင်ခန်းစာယူဖွယ် ဖြစ်ပါတယ်။
ဒါ့အပြင် ဇာတ်လမ်းထဲမှာ အချင်းချင်း ရိုင်းပင်းကူညီကြတဲ့ ဖြူစင်တဲ့ စိတ်ဓာတ်လေးတွေကို ပေါ်လွင်အောင် ရိုက်ကူးပြသခဲ့ပါတယ်။ ဇာတ်လမ်းတစ်လျှောက်လုံးမှာ ပါဝင်တဲ့ ကလေးငါးဦးစလုံးရဲ့ စိတ်ထားလေးတွေမှာလည်း အခြားသူရဲ့ ပိုက်ဆံကို အလကား မလိုချင်ဘူးလို့ဆိုတဲ့ စိတ်၊ သူတို့ဘ၀အတွက် စိတ်ဓာတ်မကျဘဲ သူတို့ရဲ့ တတ်စွမ်းသရွေ့ လုပ်ကိုင်တတ်မှုတွေအတွက် အားမလျှော့တဲ့ စိတ်ဓာတ်တွေကလည်း အတုယူစရာ ဖြစ်နေခဲ့ပါတယ်။ အဓိက,ကတော့ လူငယ်တွေအနေနဲ့ ဘယ်လိုအခြေအနေ၊ ဘယ်လိုနေရာ၊ ဘယ်လိုဘ၀မျိုးမှာပဲဖြစ်ဖြစ် လေ့လာသင်ယူတတ်ရင် သင်ယူတတ်သလို အကျိုးကျေးဇူးတွေ ရရှိနိုင်မယ် ဆိုတာပါပဲ။ ဇာတ်လမ်းထဲမှာ စကိတ်စီးတတ်ချင်တဲ့ ကလေးက လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ အလုပ်လုပ်ရင်း သူအလုပ်လုပ်တဲ့ ဆိုင်အနီးမှာ ညတိုင်းလာရောက် စကိတ်စီးသင်ကြတဲ့ ရွယ်တူကလေးတွေကိုကြည့်ပြီး သူကိုယ်တိုင်လည်း စကိတ်စီးတတ်ချင်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ စကိတ်တစ်ခု ဖန်တီးရရှိပြီး နောက်ပိုင်းမှာတော့ စကိတ်သင်ပေးတဲ့ ဆရာရဲ့ သင်ကြားပေးဖို့ သဘောတူမှု ရရှိခဲ့ပါတယ်။ စကိတ်စီးသင်တဲ့ အချိန်က ကလေးရဲ့ အလုပ်ချိန်နဲ့ ကိုက်နေလို့လည်း ဆရာက လုပ်အားခအတွက် ရမယ့်ပိုက်ဆံကို စိုက်ထုတ်ပေးမယ်လို့ ဆိုရာမှာ ကိုယ်ပိုင်လုပ်အားနဲ့ရတာ မဟုတ်လို့ မယူချင်ဘဲ အလုပ်ချိန်ပြီးမှသာ သင်ကြားပေးဖို့ လက်ခံခဲ့ပါတယ်။
အဲ့ဒီ ဇာတ်လမ်းလေးကိုကြည့်ပြီး ကျွန်မတို့နိုင်ငံမှာလည်း ဒီလိုမပြည့်စုံတဲ့ ကလေးတွေ အများအပြား ရှိနေတာကို သတိရမိပါတယ်။ ပတ်ဝန်းကျင်မှာ မပြည့်စုံလို့ လုပ်ကိုင်စားသောက်နေကြတဲ့ ကလေးတွေ အများအပြား ရှိနေသလို ပတ်ဝန်းကျင်က လူကြီးတွေရဲ့ စေခိုင်းမှုတွေကြောင့် တောင်းရမ်းစားသောက် နေကြသူတွေလည်း အများကြီးပါ။ ဘာပဲဖြစ်ဖြစ် အဲ့ဒီကလေးတွေရဲ့ စိတ်ထဲမှာလည်း ဘယ်အရာကိုမှ အလကားမလိုချင်တဲ့ စိတ်ဓာတ်လေးတွေ ကိန်းဝပ်နေသင့်ပါတယ်။ နောက်ပြီး ဇာတ်လမ်းထဲမှာ ကားဝပ်ရှော့တစ်ခုမှာ အလုပ်လုပ်ကိုင်တဲ့ ကလေးက ဦးဆောင်ပြီး သူတို့ သူငယ်ချင်းအတွက် လိုအပ်တဲ့ စကိတ်တစ်ခုကို ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ၀ိုင်းဝန်းဖန်တီးပေးကြတာပါ။ စကိတ်ကိုယူကြည့်ပြီး တည်ဆောက်ပုံတွေကို မှတ်သားလို့ စကိတ်တစ်ခုရရှိအောင် သံတိုသံစတွေနဲ့ ဖန်တီးကြပါတယ်။ အမှိုက်ကောက်တဲ့ ကလေးရဲ့ အကူအညီနဲ့ သံတိုသံစတွေ၊ ဖိနပ်အဟောင်းတွေရအောင် ရှာဖွေကြပါတယ်။ နောက်ပိုင်းမှာတော့ ၀ပ်ရှော့မှာအလုပ်လုပ်တဲ့ ကလေးနဲ့ သူ့သူဌေးရဲ့ အကူအညီနဲ့ စကိတ်တစ်ခု တီထွင်ခဲ့ပြီးချိန်မှာတော့ ရွှေချည်ထိုးတဲ့ကလေးရဲ့ လက်ရာရွှေချည်ထိုးစနဲ့ အလှဆင်သလို ပန်းရောင်းတဲ့ ကလေးကလည်း သူတတ်နိုင်တဲ့ အပိုင်းနဲ့ ပန်းကုံးလေး အလှဆင်ထားပေးခဲ့ပါတယ်။ အဲ့ဒီ ဇာတ်လမ်းအရ ကလေးတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပြီး အဲ့ဒီကလေးတွေရဲ့ တီထွင်မှုကို အသိအမှတ်ပြုပေးတဲ့ လူကြီးတွေရှိတာကလည်း သူတို့တွေရဲ့ သင်ယူလိုစိတ်၊ ကြိုးစားလိုစိတ်၊ တတ်မြောက်လိုစိတ်တွေကို ပိုမိုရင့်သန်လာစေတာကို တွေ့ခဲ့ရပါတယ်။
ကျွန်မတို့နိုင်ငံမှာရှိတဲ့ အချို့သော လူကြီးမိဘတွေကတော့ ကလေးငယ်တွေရဲ့ ၀ါသနာ သိလိုစိတ်တွေကို ပိတ်ပင်ကြတာ ရှိပါတယ်။ ပြည့်စုံကြတဲ့ အသိုင်းအ၀ိုင်းက အချို့သော ကလေးငယ်တွေဟာ ၀ါသနာပါရာနဲ့ သွေဖည်တဲ့ လေ့လာသင်ကြားမှုတွေကို လုပ်ကိုင်နေကြရပါတယ်။ အဲ့ဒါတွေကလည်း သူတို့ရဲ့ တိုးတက်မှုကို အဟန့်အတားဖြစ်စေမယ့် အချက်တစ်ခုလို ဖြစ်နေပါတယ်။ ဒါ့အပြင် မပြည့်စုံတဲ့ အသိုင်းအ၀ိုင်းက ကလေးတွေမှာလည်း နီးစပ်ရာ လေ့လာသင်ယူစရာတွေကို မမြင်မိကြဘဲ ရေလိုက်ငါးလိုက်ဆိုသလို ဘ၀ကို ပေါ့ပေါ့တန်တန် ဖြတ်သန်းနေကြတာကို တွေ့မြင်နေရပါတယ်။ တကယ်တမ်း သင်ယူလိုစိတ် ရှိမယ်၊ သင်ယူတတ်မယ်ဆိုရင် နေရာတိုင်း၊ ကိစ္စတိုင်းမှာ ထူးချွန်အောင် ကိုယ်ပိုင်အစွမ်းအစတွေနဲ့ ကြိုးစားသင်ယူ နိုင်ပါလိမ့်မယ်။ ဇာတ်လမ်းထဲက ကလေးတွေ စကိတ်တစ်ခုကို ဖန်တီးနိုင်ခဲ့တာဟာ သူတို့ရဲ့ ဖြစ်လိုစိတ်ဆန္ဒ ပြင်းပြမှု၊ သင်ယူလိုတဲ့ စိတ်ဓာတ်အခံ ရှိမှုတွေကြောင့်သာ ဖြစ်မြောက်ခဲ့တာပါ။ ဇာတ်လမ်းထဲမှာ စကိတ်တစ်ခု ဖန်တီးရရှိပြီး သူငယ်ချင်းတွေအားလုံး တစ်ယောက်တစ်လှည့်စီ စီးကြည့်ကြပါတယ်။ အဲ့ဒီမှာ အစပိုင်းကတည်းက စိတ်အားထက်သန်မှု မရှိခဲ့တဲ့ သူငယ်ချင်းတွေက စကိတ်ကိုစီးကြည့်ပြီး ခက်ခဲမှန်း သိတဲ့အချိန်မှာ လက်လျှော့သွားကြပေမယ့် တကယ်တမ်း အစပိုင်းကတည်းက ဆန္ဒပြင်းပြခဲ့တဲ့ ကလေးကတော့ လဲကျသွားတိုင်း ပြန်ထလို့ အကြိမ်ကြိမ်အခါခါ ကြိုးစားလေ့ကျင့်ရင်း နောက်ပိုင်းမှာ အောင်မြင်မှု ရရှိသွားခဲ့ပါတယ်။ တကယ်တော့ ဘ၀မှာ အောင်မြင်မှုအတွက် သင်ယူလိုစိတ်၊ တတ်မြောက်လိုစိတ်၊ ဖြစ်မြောက်လိုစိတ်၊ ကြိုးစားမှု၊ ဇွဲရှိမှုတွေသာ လိုတာပါ။ နောက်တစ်ခုအနေနဲ့ ပြောရရင်တော့ ပတ်ဝန်းကျင်ရဲ့ အားပေးမှုတွေလည်း လိုအပ်ပါလိမ့်မယ်။
ဘယ်လိုဘ၀မျိုး၊ ဘယ်လိုအခြေအနေမျိုးကိုပဲ ရင်ဆိုင်ကြရပါစေ၊ စိတ်ဓာတ်အားမလျှော့ဘဲ ကြိုးစားနေကြဖို့ လိုပါလိမ့်မယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ကောင်းမွန်တဲ့ အရာရာတိုင်းကို လေ့လာသင်ယူ မှတ်သားတတ်ကြဖို့ လိုပါလိမ့်မယ်။ အဲ့ဒီအပြင် ဘယ်လိုဘ၀မျိုးမှာပဲဖြစ်ဖြစ် ရိုးသားစိတ်၊ မခိုမကတ်တတ်တဲ့စိတ်၊ ကိုယ်ပိုင်လုပ်အားကြောင့် ရရှိလာတဲ့ အရာတွေကိုသာ တန်ဖိုးထားတတ်တဲ့ စိတ်တွေဟာ အားလုံးသော လူငယ်တွေရဲ့ စိတ်အစဉ်မှာ ငယ်စဉ်ကတည်းက လွှမ်းမိုးနေကြဖို့ လိုပါလိမ့်မယ်။ နိုင်ငံရဲ့အားဟာ လူငယ်တွေသာ ဖြစ်ပါတယ်။ အားလုံးသော လူငယ်တွေအနေနဲ့ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသမရွေးဘဲ သင်ယူလိုစိတ်၊ ကြိုးစားအားထုတ်လိုစိတ်၊ ကိုယ်ပိုင်အစွမ်းအစကို ထုတ်ဖော်အားကိုးလိုစိတ်တွေ လူတိုင်းမှာရှိကြစေဖို့ ဆိုရာမှာတော့ ပတ်ဝန်းကျင်အားလုံးနဲ့လည်း သက်ဆိုင်ပြီး နည်းလမ်းမှန်ဖို့အတွက် ပံ့ပိုးပေးနိုင်ကြဖို့လည်း လိုအပ်ပါလိမ့်မယ်ဆိုတာ တင်ပြရင်း ကောင်းမွန်တဲ့ အရာရာတိုင်းကို လူငယ်တွေ သင်ယူတတ်မြောက်နိုင်ကြစေဖို့ ဆန္ဒပြုလိုက်ပါတယ်။
Credit - Eleven Media Group
No comments:
Post a Comment