NLD မှာ ပူးပေါင်းဆောင်ရွက်ပါလား၊ NLD ကို ၀င်သင့်တယ် စတဲ့ဟာတွေက ကျွန်တော်တို့ မျိုးဆက်တစ်ရပ်လုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အင်အားစုအဖြစ် ပေါ်ထွန်းလာမယ့် အရေးကို ဟန့်တားနှောင့်ယှက်ချင်လို့ ပြဿနာအဖြစ် ကျွန်တော်တို့ကို ချစဉ်းစားခိုင်းတာ ကျွန်တော်တို့ မစဉ်းစားဘူး . . .
~~~~~~~~~~~~~~~~~~~~~~~~~
““လေအေးပေးစက် ဖွင့်ထားပြီး အလုံပိတ်ထားသည့် အခန်းလေးထဲတွင် လွင့်ပျံ့အုပ်ဆိုင်းနေသော စကားသံများဖြင့် ရစ်ဖောက် သီဝေ့နေ၏။ အခန်းက အလုံပိတ် ထားသော်လည်း စကားသံများကို သိုဝှက်
ထားခြင်းငှာ မစွမ်းသာ။ အခန်းထဲမှ တစ်ဆင့် အခန်းပြင် ..၊ ပြီးတော့ လမ်းပေါ်.. ရပ်ကွက်ေ ပါ်..မြို့ပေါ်..။ ထိုမှ ..ထိုမှ တစ်နိုင်ငံလုံး ..တစ်ကမ္ဘာလုံးက လူတွေ၏ အသိအာရုံများထဲ ထိုးဖောက် ကူးလူးနေမည်ဖြစ် သည်။ ဒီစကားသံတွေ တစ်လုံးခြင်း၊ တစ်စုခြင်း တလွင့်လွင့် ထွက်ပေါ်နေသည်က ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သော ကိုလှမျိုးနောင်၏ နှုတ် ဖျားမှ …။
နှုတ်ဖျားမှ ..၊ နှုတ်ဖျားမှ ဆိုသည်က မပြည့်စုံသေးဘူး ထင်သည်။ အသွေးအသားထဲမှ ..။
ဒီစကားသံတွေကို အက္ခရာအဖြစ်ပြောင်း စာမျက်နှာထက် ထုဆစ်လိုက်လျှင် မြန်မာ့နိုင်ငံရေးအတွက် အကျိုးတစ်စုံတစ်ရာ ထွက်လာ နိုင်ကောင်းရဲ့ထင်၏။ ပြည်သူလူထု ဖတ်စေချင်၊ သိစေချင်ပါဘိ။ ယခု ကိုလှမျိုးနောင်နှင့် စကားပြောနေခြင်းသည်ပင် မိမိနှင့်မဟုတ်။ မိမိသည် ပြည်သူ့ကိုယ်စား။ ပြည်သူနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင်တို့ စကားပြောခြင်းပင် မဟုတ်ပါလား …””
(၁)
အထက်ပါစာစုမှာ ကိုလှမျိုးနောင်နှင့် ပထမဆုံးတွေ့ဆုံစဉ် ကျွန်တော့်ထံတွင် ပေါ်ပေါက်လာသော အတွေး တစ်စကို ပြန်လည်ရေးသား ထားခြင်းဖြစ်၏။ ကိုလှမျိုးနောင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင်များ လွတ်ငြိမ်းချမ်းသားခွင့်ဖြင့် ထောင်မှလွတ်ပြီး တစ်လစွန်းစွန်း ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ အစပိုင်းက သူ့ကို တွေ့ဆုံ မေးမြန်းခန်းတစ်ရပ် ပြုလုပ်ခြင်းဖြင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ကိုလှမျိုးနောင်နှင့် ထိုတွေ့ဆုံမေးမြန်းခန်းကို မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ-၁၊ အမှတ်စဉ်(၁၂)၊ ဇွန်လ(၈)ရက်နေ့ထုတ်တွင်မှ စာမျက်နှာထက် ဖော်ပြဖြစ်ခဲ့သည်။ တွေ့ဆုံ မေးမြန်းစဉ် ကာလနှင့် ပုံနှိပ်ဖော်ပြ သည့်ကာလ လေးလကျော်ကြာခဲ့၏။ တွေ့ဆုံ မေးမြန်းမှု ပြုလုပ်သော ဖေဖော်ဝါရီလ အစပိုင်းက ထိုအင်တာဗျူးကို ပုံနှိပ်ဖော်ပြရန် ကြိုးပမ်းသော်လည်း ထိုစဉ်ကရှိသည့် စာပေစိစစ်ရေးမှ တားမြစ်ခြင်းကို ခံရ၏။ ၂၀၁၂ ခုနှစ်၊ မတ်လတွင် မြန်မာသံတော်ဆင့် စတင်တည်ထောင် ထုတ်ဝေပြီးနောက် ထိုအင်တာဗျူးကို ဖော်ပြနိုင်ရန် ကျွန်တော် နောက်တစ်ကြိမ် ကြိုးပမ်းပြန်သည်။ ထိုအခါက စာပေစိစစ်ရေးမူဝါဒများမှာ အတော် အတန် ဖြေလျော့နေပြီဖြစ်သည်။ သို့သော်လည်း ထိုအင်တာဗျူးမှာမူ တားမြစ်ခံရဆဲ သာ။ နိုင်ငံရေး ပြုပြင် ပြောင်း လဲလာမှုအရ ၂၀၀၉ ခုနှစ်အတွင်းမှစကာ နိုင်ငံရေး သတင်း အချက်အလက်များအပေါ် စိစစ် တားမြစ်သည့် မူဝါဒများ တဖြည်းဖြည်း လျော့ပေါ့လာလျက် ၂၀၁၂ ခုနှစ်အတွင်းတွင် အတော်ပင် ဖော်ပြခွင့်များ ရှိနေပြီ ဖြစ်သော်ငြား ကိုလှမျိုးနောင်နှင့် တွေ့ဆုံ မေးမြန်းခန်းမှာ သတင်းဂျာနယ်များ စာပေစိစစ်ရေး ရုံးတင် မှတ်ချက်ကို ဖြတ်သန်းပြီးမှ ထုတ်ဝေခွင့်ရသည့် နောက်ဆုံးအချိန်အထိ တားမြစ်ခံခဲ့ရသည်။ သို့ဖြင့် တွေ့ ဆုံ မေးမြန်းစဉ် ကာလ၏ လေးလကျော် ကြာမြင့်ပြီးနောက်တွင်မှ စာမျက်နှာ ထက် ဖော်ပြနိုင်ခဲ့ခြင်းဖြစ်၏။
ယင်းဖြစ်စဉ်မှာ ကိုလှမျိုးနောင်နှင့် ကျွန်တော် စတင်တွေ့ဆုံမှု၏ ထူးခြားမူပင်။ ထို့အပြင် ပြည်သူလူထုကို ဖတ်စေချင်၊ သိစေချင်လွန်းခဲ့သော ကိုလှမျိုးနောင်၏ နိုင်ငံရေးစကားများ စာမျက်နှာထက် ရောက်ရန် ကြန့်ကြာေ နခဲ့ခြင်းက ကျွန်တော့် သတင်းသမားဘ၀အတွင်း အကျွမ်းတ၀င် ဖြစ်လာမည့် ထိုနိုင်ငံရေးသမား ၏ ရှေ့နိုင်ငံရေး ခရီးကို ကြိုတင် နိမိတ်ပြခြင်းလားဟု ယခုအခါ တွေးထင်မိ၏။
ယခုသူသည်၊ သူ၏ ပြည်သူလူထုအတွက် လုပ်မပေးနိုင်ခဲ့သော သူ့နိုင်ငံရေး ဝေဒနာများကို နာကျင်လွန့်လူးစွာ ခံစားရင်း လူ့လောကအတွင်းမှ အပြီးထွက်ခွာသွားပြီ ဖြစ်သည်။
(၂)
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ထောင်မှလွတ်ပြီးနောက် ရက်ပိုင်းအတွင်း ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သူ၏ ရှင်းလင်းပြတ်သား တိကျသော ပြောကြားချက်များကြောင့် ကိုလှမျိုးနောင် ကို တွေ့ ဆုံ မေးမြန်းမှု ပြုလုပ်ရန် ကျွန်တော့်ဥာည်အတိုင်း သတိပြုမိသည်။ ကိုလှမျိုးနောင်နှင့် ဆက်သွယ်နိုင်ရန် ရက်ပေါင်း များစွာ စုံစမ်းကြိုးပမ်းခဲ့ပြီးမှ ထိုစဉ်က ဗေဒါနိုင်ငံရေးသိပံ္ပ သင်တန်းကျောင်းတာဝန်ခံ ကိုမျိုး ရန်နောင်သိမ်း၏ ချိတ်ဆက်ပေးမှုကြောင့် အဆက်အသွယ်ရ၏။
ကိုလှမျိုးနောင်ကို ဖုန်းဆက်ကာ တွေ့ဆုံမေးမြန်းခွင့်တောင်းတော့ ““အံ့ခေါင်မင်းဆိုတာ မင်းလား။ အေး ..ထောင်ထဲမှာတည်းက မင်းနဲ့ဆုံချင်နေတာ။ ဘယ်တော့တွေ့မလဲ။ တွေ့လေ။ တွေ့ကြတာပေါ့””ဟု သူက အဖြေပေးသည်။ သူ့စကားထဲက ““ထောင်ထဲမှာတည်းက မင်းနဲ့ဆုံချင်နေတာ”” ဆိုသောစကားစုကို ဘာကြောင့် ပြောသလဲဟု ကျွန်တော်စဉ်းစားလို့မရခဲ့။ သူနှင့်ဆုံတော့မှ အဖြေကို သိရသည်။
**** စာဆက်ကို အောက်ပါ post တွင်ဆက်လက် ဖတ်ရှုနိုင်ပါသည်
Credit - Myanmartandawsint Newspaper



No comments:
Post a Comment