Thursday, December 11, 2014

ကိုယ်စီးတဲ့မြင်း ဟိုဒင်းမှပါရဲ့လား (ဆောင်းပါး)

 (ကျော်ဗလ)

တစ်နေ့က မြို့ထဲရောက်တုန်း တစ်ချိန်က သွားလာခဲ့ရတဲ့ ခြောက်ထပ် ရုံးဆိုတဲ့ဘက် ရောက်ခဲ့တယ်။ တစ်ချိန်က ဌာနပေါင်းစုံရှိတဲ့ ခြောက်ထပ်ရုံး ဆိုတာနဲ့ ဘယ်လိုမှ မဆိုင်လောက်အောင် ပြောင်းလဲနေတာ တွေ့လိုက်ရတဲ့အတွက် ကပ်ထားတဲ့ ဆိုင်းဘုတ်ကြီးတွေကို ကြည့်လိုက်မှ ပုဂ္ဂလိက ဘဏ်လုပ်ငန်းနဲ့ ဟိုတယ်ကြီးတွေက အပိုင် သိမ်းထားလိုက်တယ်ဆိုတာ သိလိုက်ရတယ်။

မြို့တော်ကြီးကို နေပြည်တော် မပြောင်းမီ ကာလကတော့ ခြောက်ထပ်ရုံးဆိုတာ ဌာနဆိုင်ရာ ပေါင်းစုံကို တစ်နေရာတည်း စုစည်းထားတဲ့အတွက် ဝန်ထမ်းတွေဆိုရင် တစ်နည်းမဟုတ် တစ်နည်းနဲ့ ရောက်ခဲ့ရတဲ့ နေရာတွေ ဖြစ်ပါတယ်။

ကျွန်တော်ရောက်ခဲ့စဉ်က မြင်ကွင်းလေးတစ်ခုကို ပြောချင်ပါတယ်။

အဲဒီအချိန်က ကဗျာဆရာတင်မိုး ထောင်က လွတ်စဉ်ကပေါ့။
တိုက်တိုက်ဆိုင်ဆိုင် တိုက်ပုံ အနွမ်းလေးနဲ့ ဆရာတင်မိုးကို ယောင်လည်လည်နဲ့ စင်္ကြံထောင့် တစ်နေရာမှာ တွေ့လိုက်ရတယ်။ သူက မနေ့ကပဲ လွတ်လာကြောင်း၊ ပညာရေးဌာနက မိတ်ဆွေတွေကို လာနှုတ်ဆက်တာ ဖြစ်ကြောင်း၊ ဒါပေမဲ့ သူ့ကို ထောင်ထွက် တစ်ယောက် ဖြစ်တာကြောင့် ဘယ်သူကမှ ဟက်ဟက်ပက်ပက် ပြန်နှုတ် မဆက်ရဲကြကြောင်း စိတ်မကောင်းစွာနဲ့ ပြောသံကို ကြားခဲ့ရတယ်။

တစ်ချိန်က ခြောက်ထပ်ရုံးဟာ စုတ်ပြတ်ပြတ်၊ မည်းညစ်ညစ်နဲ့။ လူပြတ်တဲ့အထပ်က ခပ်မှောင်မှောင် နေရာတွေမှာဆိုရင် သေးနံ့တွေက နံစော်နေတယ်။ မိုးယိုတဲ့ နေရာကယို၊ ကော်ရစ်ဒါမှာ ရေတွေက အိုင်လိုအိုင်၊ တကယ့်ကို ထောင်လိုလို၊ အော့ဇဝစ် အကျဉ်းခန်း လိုလိုနေရာ ဖြစ်နေပါတော့တယ်။

အစိုးရနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေ၊ နေရာတွေဟာ စိတ်ပျက်စရာတွေချည်းပါ။ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်တွေကလည်း ခေတ်အဆက်ဆက် စနစ်တကျ ဖျက်ဆီးခြင်း ခံထားရတာကြောင့် မလုပ်၊ မရှုပ်၊ မပြုတ်လမ်းစဉ်ကို ကျင့်သုံးသူတွေက ကျင့်သုံး၊ ရပေါက်ရလမ်း ရှာသူတွေကရှာ၊ ပေးမှလုပ် (ပုဒ်မလေး) ဆိုတာကို ခံယူသူတွေကခံယူ အားလုံးဟာ အပျက်လမ်းဘက်ကို ဦးတည်ပြီး ဘီးတပ်ပေးထားတဲ့အတိုင်း အဆင်းလိုင်းကို ပျော်ရွှင်စွာ လိုက်ပါခဲ့ကြတယ်။
ဆိုရှယ်လစ်ခေတ် ကတည်းက ဝန်ထမ်းယောင်ယောင် ပါတီယောင်ယောင်တွေကလည်း ခေတ်စားခဲ့တယ်။ ဆိုရှယ်လစ် စိတ်ဓာတ်၊ ပါတီစိတ်ဓာတ် ဆိုတာတွေကလည်း ဘယ်လောက်ပဲ သွတ်သွင်းပါစေ လူတွေက စိတ်ဝင်စားကြတာ မဟုတ်ဘူး။ လူတွေကငတ်၊ စိတ်ဓာတ်တွေကလည်း ချွတ်ချုံကျနေတော့ အလုပ်ကို လာနေရသူတွေကလည်း ရပေါက် ရလမ်းရှိသူတွေက ပိုရအောင်လုပ်၊ ရပေါက်ရလမ်း မရှိသူတွေကလည်း တာဝန် ကျေလောက်လုပ်၊ နလမ (နားလည်မှု) ဆိုတာတွေကလည်း နေရာတကာ ထွန်းကားနေတာကြောင့် အထက်ဖား၊ အောက်ဖိတွေကလည်း အလွန်များတဲ့ ခေတ်တွေကို ကျော်ဖြတ်ခဲ့ရတယ်။

ဝန်ထမ်းတွေကို စိတ်ဓာတ်တွေ ပြုပြင်ပြောင်းလဲနိုင်ဖို့ဆိုပြီး ဖောင်ကြီး သင်တန်းတွေ ခေါ်ပေး၊ နိုင်ငံရေး တက္ကသိုလ်တွေ တက်ခိုင်း၊ ပါတီ သဘောတရားရေး သင်တန်းတွေနဲ့ အတင်းမောင်းခဲ့ပေမယ့် လူတွေက အစိုးရကို ကြောက်လည်း ကြောက်ရ၊ ကြည်ညိုမှုကလည်းမရှိ၊ မတတ်သာလို့ ရာထူးလေး၊ နေရာလေး မြဲအောင် လိုက်လုပ်နေရတာဆိုတော့ ကွန်မြူနစ်နိုင်ငံတွေလို စိတ်ဓာတ်နဲ့ ပြုပြင် တည်ဆောက် နိုင်ခဲ့တာတွေလည်း သိပ်မတွေ့ရပါဘူး။ အစစအရာရာ အတင်းအဓမ္မ လုပ်အားပေးစနစ်၊ ပေါ်တာစနစ်၊ အခပေးစနစ်တွေကြောင့်လည်း လူတွေရဲ့စိတ်ထဲမှာ အစိုးရဆိုတာ ခေတ်အဆက်ဆက် နာကြည်းစရာ ဖိနှိပ်သူတွေလို့ပဲ မြင်ခဲ့ကြတယ်။

ဒီမိုကရေစီ သမ္မတစနစ်ကို ထူထောင်တဲ့ ခေတ်ကျတော့ အားလုံးဟာ ပြောင်းလဲကုန်တယ်။ ပြောင်းလဲတယ်ဆိုတာ ရုပ်ပတ်ဝန်းကျင် ရုပ်ပိုင်းဆိုင်ရာကို ပြောတာ။ စိတ်ဓာတ်တွေကတော့ ထူးမခြားနားဘဲ။ ရုပ်ပတ်ဝန်းကျင် ပြောင်းလဲတယ် ဆိုတာလည်း အစိုးရ လုပ်တာမဟုတ်ဘူး။ အားလုံးကို လက်ညှိုးထိုးပြီး ရောင်းစားသလို လုပ်ခဲ့တာကြောင့် သိမ်းပိုက်ထားတဲ့ နေရာတွေ၊ ရုံးတွေ၊ ပြည်သူပိုင် အဆောက်အအုံကြီးတွေဟာ ကုမ္ပဏီပိုင်တွေ၊ တရုတ်ပိုင်တွေ၊ နိုင်ငံခြား တိုင်းပြည်တစ်ခုခု ပိုင်တွေဖြစ်သွားပြီး သူတို့ကလည်း သူတို့ မူနဲ့သူတို့ ပြင်လိုက်ကြလို့ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။
ရန်ကုန်မှာ နာဂစ်ဒဏ်ခံလိုက်ရပြီး ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို ဒီအတိုင်း ပစ်ထားခဲ့တာ ကြာလှမှပဲ။ အစိုးရကလည်း ရန်ကုန်ကို စိတ်နာနာနဲ့ ပစ်ထားခဲ့ပြီး နေပြည်တော်ကို မင်းနေပြည်တော် ဘဝ ပြောင်းလိုက်တာကြောင့် ရန်ကုန် မြို့ကြီးဟာ ကျိန်စာသင့်သလို ဖြစ်ခဲ့ရတယ်။

ရန်ကုန်မြို့ကြီး တိုးတက်သာယာ သွားတာဟာ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် အကောင်းဘက်က တွေးရင် တွေးပေးလို့ ရပါတယ်။ ဒါပေမဲ့ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ ဝန်ထမ်းတွေကို စိတ်ဓာတ်တွေဘယ် အစိုးရခေတ်ကျမှ ပြုပြင်နိုင်မလဲ ဆိုတာကိုတော့ သိချင်လှတယ်။ ကုမ္ပဏီတွေ ဖွံ့ဖြိုးတိုးတက်လာပြီး၊ စီးပွားရေး လုပ်ငန်းတွေ ပုဂ္ဂလိကလက်ထဲ ရောက်ကုန်တော့ ပြောင်းလဲတာတွေကိုလည်း အများကြီး ကြုံတွေ့ခံစားလိုက်ရတယ်။

တစ်လောက ပုဂ္ဂလိက ဘဏ်တစ်ခုကို ရောက်ခဲ့ပါတယ်။ ဘဏ်ကို ဝင်လိုက်ကတည်းက ဝန်ထမ်း ကောင်မလေးတွေက ‘မင်္ဂလာပါ’ လို့ နှုတ်ခွန်းဆက်တယ်။ ပြီးတော့ ထိုင်ပါရှင်၊ ဘာများ ကူညီပေးရမလဲရှင် စသဖြင့် ဝန်ဆောင်မှုကို အားနာလောက်အောင် လုပ်ပေးတယ်။ ကျွန်တော် ငွေလာထုတ်တာ ရောက်ကတည်းက ထိုင်လိုက်ရတဲ့ ခုံကနေ တစ်ချက်မှ မရွှေ့လိုက်ရဘူး။ ဘယ်မှလည်း မထလိုက်ရဘူး။ ဆယ်မိနစ်လောက်အတွင်း လက်ထဲကို ပိုက်ဆံရောက်လာတယ်။ အဲဒီလို ဝန်ဆောင်မှုမျိုးကို ခေတ်အဆက်ဆက် ဘယ်အစိုးရဘဏ်မှာမှ မကြုံတွေ့ခဲ့ဖူးဘူး။

အစိုးရနဲ့ ပုဂ္ဂလိက ဘာကွာသလဲ ဆိုတာ အဲဒီနေ့မှာပဲ ပိုင်းဖြတ် လိုက်မိတာက လူကို လူလိုမြင်တတ်တာနဲ့ လူကိုလူလို မမြင်တတ်သေးတာပဲလို့ သုံးသပ် လိုက်မိပါတယ်။
ဒါနဲ့တောင် သွားနေတာက ဒီမိုကရေစီ၊ အော်နေတာက ပါတီ၊ အကောင်အထည် ဖော်နေတာက သမ္မတ၊ ပြုပြင်ပြောင်းလဲနေတာက လွှတ်တော်ဆိုပြီး မြန်မာ့နည်း မြန်မာ့ဟန်နဲ့ သွားလိုက်တာ ကိုယ်စီးတဲ့မြင်းကို ခုထက်ထိ ဘာမှန်း မသိသေးဘူးလို့ပဲ မြင်မိပါရဲ့ဗျာ။

--------------------------
မှတ်ချက်။ ။ ဤကဏ္ဍပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်ယူဆချက် အာဘော်များသာ ဖြစ်ပြီး The Voice ၏ အာဘော် မဟုတ်ပါ။

Credit - The Voice Weekly

No comments:

Post a Comment