Monday, December 8, 2014

အာဆီယံနိုင်ငံများထဲတွင်လည်း အကျင့်ပျက်ခြစားမှု အဆိုးရွားဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံ ရပ်တည်နေဆဲ

Transparency International ၏ ကမ္ဘာလုံးဆိုင်ရာ အကျင့်ပျက်ခြစားမှု ညွှန်းကိန်း ဖော်ပြထားမှုကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော စစ်အာဏာသိမ်း ထိုင်းနိုင်ငံသည် အဆင့် ၈၅ ဖြင့် ပဉ္စမနေရာတွင်ရှိနေပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့သည် ထိုင်းနိုင်ငံနောက်တွင် ရပ်တည်လျက်ရှိသည်။

မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှာ အာဆီယံနိုင်ငံများအနက် အကျင့်ပျက်ခြစားမှု အဆိုးရွားဆုံးဖြစ်နေသော နိုင်ငံများအဖြစ် ပူးတွဲရပ်တည်လျက် ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၃ ခုနှစ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သော်လည်း ဥပဒေနှင့် ကော်မရှင်တို့၏ ကိုင်တွယ်မှုအားနည်းခြင်းအပေါ် Transparency Internationl ၏ ညွှန်းကိန်းများက ပြသနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရလည်း အဂတိလိုက်စားမှုများနှင့် ပတ်သက်ပြီး တိုင်ကြားစာ ၅၃၃ စောင် ရှိခဲ့သည့်အနက် တိုင်စာသုံးစောင်ခန့်ကိုသာ စုံစမ်းစစ်ဆေး အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

ထိုပမာဏသည် တိုင်ကြားစာအရေအတွက်နှင့် နှိုင်းယှဉ်ပါက ဝ ဒသမ ၅ ရာခိုင်နှုန်းကိုသာ အရေးယူနိုင်ခဲ့ကြောင်း တွေ့ရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အတည်မပြုမီနှင့် ကော်မရှင်မတိုင်မီ အချိန်က ဖွဲ့စည်းခဲ့သော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီလက်ထက်ကလည်း အကျင့်ပျက်ခြစားမှုများကို ထိရောက်စွာ အရေးယူနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

    တစ်ဖက်မှာတော့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ရအခက်ဆုံး နိုင်ငံစာရင်းမှာ ပါနေတယ်။ တစ်ဖက်မှာကျတော့ အကျင့်ပျက်ခြစားမှု ဆိုးရွားတဲ့နိုင်ငံ ဖြစ်နေတော့ အဓိက အရိုးရှင်းဆုံးပြောရင် အစိုးရရဲ့ နိုင်ငံရေးလမ်းကြောင်းအပေါ် အများကြီး မူတည်နေတယ် . . . . .

ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီထံသို့ အဂတိလိုက်စားသည့် နိုင်ငံ့ဝန်ထမ်းများအပေါ် အရေးယူရန် တင်ပြခဲ့သည့် တိုင်စာ ၁၁၉ စောင် ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုတိုင်စာများကို အခြေခံပြီး အရေးယူဆောင်ရွက်မှု ပြုလုပ်ခဲ့ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်ဖြင့် အရေးယူခံခဲ့ရသူ ၃၆၂ ဦး၊ ဌာနပြောင်းရွှေ့ခံရသူ ၆၉ ဦး၊ အငြိမ်းစားပေးခံရသူ ၁၈ ဦးနှင့် ထောင်ဒဏ်ချမှတ်ခံရသူ တစ်ဦးရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အချက်အလက်များအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် မပေါ်မီက ရှိခဲ့သော လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေး ကော်မတီထံသို့ ရောက်ရှိခဲ့သည့် တိုင်စာနှင့် အရေးယူဆောင်ရွက်မှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ကော်မရှင် ပေါ်ပေါက်ပြီးနောက် ရောက်ရှိခဲ့သော တိုင်စာနှင့် အရေးယူမှု ပမာဏမှာလည်း ကွာခြားမှုရှိနေခဲ့သည်။

“တစ်ဖက်မှာတော့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ရအခက်ဆုံး နိုင်ငံစာရင်းမှာ ပါနေတယ်။ တစ်ဖက်မှာကျတော့ အကျင့်ပျက်ခြစားမှု ဆိုးရွားတဲ့နိုင်ငံ ဖြစ်နေတော့ အဓိက အရိုးရှင်းဆုံးပြောရင် အစိုးရရဲ့ နိုင်ငံရေးလမ်းကြောင်းအပေါ် အများကြီး မူတည်နေတယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

အကျင့်ပျက်ခြစားမှု များပြားခြင်း၏ အရင်းခံ အကြောင်းရင်းများတွင် မြန်မာနိုင်ငံ၏ ပုံစံမှာ အစိုးရအဖွဲ့၏ တည်ဆောက်ပုံမှာ ကြီးမားနေပြီး စီးပွားရေးပုံသဏ္ဌာန်မှာ သေးငယ်သည့်ပုံစံ ဖြစ်နေခြင်းက အချက်တစ်ခုအနေဖြင့် အခြေခံကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ ပုံစံက Big size Government ကို လျှော့ချနိုင်မှ အကျင့်ပျက်ခြစားမှုကို လျှော့ချနိုင်မယ်” ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

သမ္မတဦးသိန်းစိန်က အစိုးရအဖွဲ့ကို စတင်တာဝန်ယူပြီးချိန်တွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး စနစ်ဖြစ်စေရန် လုပ်ဆောင်မည်ဟု ကတိစကား ပြောကြားခဲ့သည်။ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့၏ ပထမနှစ်သက်တမ်းအတွင်း အစိုးရဝန်ကြီးဌာနအချို့၏ အကျင့်ပျက်ခြစားမှုများကို အရေးယူခဲ့ခြင်းအချို့ ရှိခဲ့သည့်တိုင် နောက်ပိုင်းတွင် ယခင်အစိုးရလက်ထက် ပုံစံအတိုင်းပင် ပြန်ဖြစ်ခဲ့သည်ဆိုသော သုံးသပ်မှုများလည်း ရှိနေသည်။

“အစပိုင်းမှာတော့ အကျင့်ပျက်ခြစားမှုတွေကို တကယ်အရေးယူတော့မလားဆိုပြီး မြင်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဘာမှလုပ်တာ မတွေ့ရတော့ဘဲ အခုချိန်ကျ ဒုံရင်းဒုံရင်း ပြန်ဖြစ်သွားတယ်” ဟု စီးပွားရေးဆိုင်ရာ ဆောင်းပါးများ ရေးသားနေသည့် စာရေးဆရာသန်းစိုး(ဘောဂဗေဒ)က ပြောကြားသည်။

Credit - Eleven Media Group

No comments:

Post a Comment