Written by:
ဒေါက်တာခင်မောင်ညို
![]() |
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ တွေ့ဆုံမှုတွင် သတင်းရယူရန် စောင့်ဆိုင်းနေသည့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကို နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ် |
ယနေ့မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာ စသော စာစောင်အသီးသီးကို ကြည့်လျှင် ဘယ်လောက်မှ အပန်းမကြီးသောလုပ်ငန်းဟု ထင်ကြပေလိမ့်မည်။ စင်စစ်အပမ်းမကြီးဘူးဟု ထင်သည့်တိုင် တာဝန်ကကြီးလှပါသည်။
စာနယ်ဇင်းများတွင် ကျင့်ဝတ်ရှိသည်။ သိက္ခာထိန်းရသည်။ အထူးသဖြင့် စာပေလွတ်လပ်ခွင့်ရလာသော ဤခေတ်တွင် စာနယ်ဇင်းများအနေဖြင့် တာဝန်ယူမှုတွေကို အလေးထားလာကြရသည်။ (လွတ်လပ်မှုနှင့်တာဝန်ယူမှု အတူတွဲနေပါသည်)
စာပေဩဇာအရှိန်ကို ကြောက်ကြ၍ တစ်ဖက်က ဖိနှိပ်မှုများ ပြုလုပ်တတ်သည်။ သို့မဟုတ် ဝယ်ယူတတ်သေးသည်။ ငွေကြေးတတ်နိုင်သူများက ဘက်လိုက်သောစာနယ်ဇင်းများကို တည်ထောင်ကြသည်။
ထို့ကြောင့် သိက္ခာရှိပြီး ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သော စာနယ်ဇင်းအမျိုးအစားကြားတွင် အုတ်အရောရော ကျောက်အရောရော ဖြစ်လာသည်။
ဂျာနယ်များတွင် Yellow Journalism ဟူ၍ ပေါ်ပေါက်လာသည်။
ယနေ့ငွေရလိုမှုကိုဦးတည်ကာ ပြူးတူးပြဲတဲ မျက်နှာဖုံးများဖြင့် ဖော်ပြတတ်သော စာစောင်အများကို တွေ့နိုင်ပါသည်။ မိမိဝါဒကို ရှေ့တန်းတင်ရန်နှင့် တစ်ဖက်က စာနယ်ဇင်းများကို တိုက်ခိုက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဈေးလျှော့အရှုံးခံ ရောင်းသောစာစောင်များလည်း ရှိလာသည်။
ယနေ့ခေတ်တွင် စာနယ်ဇင်းများကို အရေးယူမှုများ ရှိလာသည်။တရားစွဲသည်၊ ထောင်ချသည်။ သတင်းထောက် ကိုပါကြီးဆိုလျှင် အသတ်ခံရသည်အထိ ဖြစ်ခဲ့ပါသည်။
နိုင်ငံတကာတွင်လည်း သတင်းထောက်များစွာသည် ပြန်ပေးဆွဲခံရ အသတ်ခံရသည်များ ရှိပါသည်။
“ကျွန်တော်တို့က သတင်းယူတာပါ။ ဖြစ်ရပ်မှန်ကို ပြည်သူတွေကို ချပြတာပါ”ဟု ဘယ်လောက် ပြောပြော အမြင်မကြည်သူများအကြား ထိပ်တိုက်ရင်ဆိုင်ရသည်။ လက်နက်နှင့် အာဏာမရှိသော သတင်းထောက်ဘဝများသည် မလုံခြုံပါ။ လက်ထဲက ရေခဲဆုပ်ခြေလိုက်လျှင် ပျော်သွားသည်။
သို့သော် လက်ထဲက ဖန်ကွဲဖြစ်ရင်တော့ ဘယ်သူမှ ဆုပ်ခြေမရဲပါဘူး။ စာနယ်ဇင်းသမားများဖြစ်သော ထုတ်ဝေသူ အယ်ဒီတာနှင့် သတင်းထောက်များ၊ ဆောင်းပါးရှင်များသည် ရေခဲသာဖြစ်သည်။ ဖန်ကွဲများ မဟုတ်ပါ။ သူတို့ကို အလွယ်တကူ ချေမှုန်းနိုင်ပါသည်။
သို့သော် ရေသည် အငွေ့ပြန်ပြန် မြစ်ချောင်းထဲ ရောက်ရောက်၊ သမုဒ္ဒရာထဲရောက်ရောက် ကန်ထဲပဲ ရောက်ရောက် သူ့ဂုဏ်သတ္တိကို မစွန့်ပယ်ပါဘူး။ နောက်ဆုံး ရေသည် ရေပင် ဖြစ်သည်။
ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်ပြောင်းသွားသော်လည်း ဂျာနယ်လစ်တွေ ကျန်နေဦးမည်။ သတင်းစာဆရာတွေ စာရေးဆရာတွေ ကျန်နေဦးမည်။ စာစောင်များ ရှိနေဦးမည်။ ပြည်သူများကို အသိပညာ သုတရသများပေးသည့် စာပေများ ရှိနေပါမည်။
ကျွန်တော်တို့စာပေကို အဆင့်ဆင့်ချိုးနှိမ်သူများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို တွေ့မြင်ရပါမည်။ သို့သော်စာပေအပေါ် သစ္စာရှိသူများကတော့ သမိုင်းတွင် ကျန်နေခဲ့ပါသည်။
တစ်ခါက ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ဒီဂျေဆလော့စ် (D.J. Sloss) အကြောင်း ပြောလိုပါသည်။
တစ်ရက်တွင် သူသည် အိုးဝေမဂ္ဂဇင်း အယ်ဒီတာကို သူ၏ရုံးခန်းထဲကို ခေါ်တွေ့သည်။ အိုးဝေမဂ္ဂဇင်းသည် တက္ကသိုလ်ဆိုင်ရာ မဂ္ဂဇင်းဖြစ်၍ ပါဝင်သော အကြောင်းအရာများသည် တက္ကသိုလ်ကျောင်းသားများ၏ အာဘော်ဖြစ်သည်။
မစ္စတာဆလော့စ်သည် ဗြိတိသျှ ကိုလိုနီစိတ်ဓာတ်အပြည့်အဝရှိသူ ဖြစ်သည်။ ကျွန်ပညာရေးကို အာရုံစိုက်သည်။ မြန်မာများကို ဖိနှိပ်ရန်နှင့် ကျွန်စိတ်သွင်းပေးရန် ရည်ရွယ်သူဖြစ်သည်။
ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာပြည်ကို ၁၈၂၆ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ်တွင် တစ်ကြိမ် ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ် စစ်ပွဲ သုံးကြိမ်ပြုပြီး သိမ်းပိုက်လိုက်ကြသည်။ ထိုသို့သိမ်းပိုက်ပြီးနောက် သူတို့၏ အုပ်ချုပ်မှုယန္တရားကို လည်ပတ်နိုင်ဖို့အတွက် ပညာတတ်များလိုသည်။ မြန်မာပြည်မှာ တက္ကသိုလ်မရှိပါ။ ရန်ကုန်ကောလိပ်သာ ရှိသည်။ ကာကတ္တတား တက္ကသိုလ်လက်အောက်တွင်ထား၍ ဘွဲ့ရရှိရန် ကာတ္တား တက္ကသိုလ်သို့ သွားတက်ရသည်။ ၁၉၂ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံရေးသမားများ ကြိုးပမ်းတိုက်တွန်းမှုကြောင့် ရန်ကုန်တက္ကသိုလ်ကို ဖွင့်ခဲ့သည်။သို့သော် ဒီပညာရေးကို ကန့်သတ်လိုသည်။ ကျွန်ပညာရေးစနစ်ကိုသာပေးမှသာ သူတို့၏ ကိုလိုနီနယ်ချဲ့ စနစ်ကို အထောက်အကူပြုမည်ဟု ယူဆကြသည်။ ထို့ကြောင့် ပညာတတ်များကို အခွင့်ရလျှင် ချိုးနှိမ်လိုသည်။
ခု အိုးဝေမဂ္ဂဇင်းတွင် “ငရဲခွေးကြီး လွတ်လာပြီ (A Hellhound at Large)” ဟူသောဆောင်းပါး ပါလာသည်။
ထိုဆောင်းပါးသည် ဗြိတိသျှ ကိုလိုနီစနစ်ကို စော်ကားထားသည်။ ဒါမျိုးကို မြန်မာကျောင်းသားတွေလုပ်တာကို တက္ကသိုလ်ကျောင်းအုပ်ကြီးအနေဖြင့် လက်မခံနိုင်ပါ။
ထို့ကြောင့် အိုးဝေအယ်ဒီတာကို မေးသည်။
“A Hellhound at Large ဆောင်းပါးရေးတဲ့လူဟာ ဘယ်သူလဲ”
ကျောင်းအုပ်ကြီးက ကျောင်းသားအယ်ဒီတာကို တောင်းဆိုခြင်း ဖြစ်သည်။ အမိန့်ပေးသည်။
“ဆောင်းပါးရှင်ကို ထုတ်ဖော်ပြောမယ်ဆိုရင် အယ်ဒီတာကို အရေးမယူပါဘူး”ဟု ကျောင်းအုပ်ကြီးက ထပ်ပြောသည်။
တကယ်တော့ ဘယ်သူဆိုတာကို သူတို့သိကြပါသည်။ အင်္ဂလိပ်ထောက်လှမ်းရေး ကောင်းပါသည်။ ငွေဖြင့်ဝယ်ထားသော သတင်းပေး ထောက်လှမ်းရေးသမားများလည်း ရှိပါသည်။
သို့သော် အထောက်အထားခိုင်မာစေရန် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၏ အတည်ပြုချက်ကို ရယူလိုသည်။ မစ္စတာဆလော့စ်သည် မိမိရှေ့တွင် ထိုင်နေသော အိုးဝေမဂ္ဂဇင်းအယ်ဒီတာကို ချော့သည်။ ငှောက်သည်။ သို့သော်အိုးဝေမဂ္ဂဇင်း အယ်ဒီတာက ချော့၍လည်း မပျော့။ ခြောက်၍လည်း မကြာက်ပေ။
အယ်ဒီတာက ကျောင်းအုပ်ကြီးကို စေ့စေ့ကြည့်ကာပြောသည်။
“အယ်ဒီတာဆိုတာ ဆောင်းပါးရှင်ရဲ့ အမည်ရင်းကို ထုတ်ဖော်ပြောဆိုခွင့် မရှိပါ” စာနယ်ဇင်း Ethic ဖြစ်သည်။ (ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားအမည်အရင်း မသိရသည်မှာလည်း ထို Ethic နှင့်ပင် ဆိုင်ဟန်တူသည်)
အိုးဝေမဂ္ဂဇင်းအယ်ဒီတာသည် ဆောင်းပါးရှင်၏ အမည်ရင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
ကိုယ်ကျိုးနှင့် သိက္ခာကိုလဲ မသွားပါ။ သူပြောလိုသည်ကို တည်ငြိမ်စွာပြောခဲ့ပါသည်။
မစ္စတာဆလော့စ်ကို သေသေချာချာကြည့်ပြီး ရုံးခန်းမှ ခွင့်တောင်းကာ ထွက်ခွာသွားလေသည်။
“တောက်”
ကျောင်းအုပ်ကြီးဆလော့စ်သည် သူ့ကို ပြတ်ပြတ်သားသားငြင်းဆိုသွားသော အိုးဝေမဂ္ဂဇင်း အယ်ဒီတာကို စိန်ခေါ်သူအဖြစ် မြင်လိုက်သည်။ လူကြီးနှင့် လူငယ်မျိုးဆက် ကွာခြားသည့်အမြင် သခင်နှင့်ကျွန် အဆင့်ကွာခြားသည့်အမြင်များဖြင့် အိုးဝေမဂ္ဂဇင်း အယ်ဒီတာကို သူကြည့်သည်။
၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက် တွင် မြန်မာပြည်ဘုရင်ခံ ဆာရက်ဂျီနယ်ဒေါက်ကလပ်သည် မြန်မာတွေ ပညာရေးနားမလည်ပါဘူးကွာဆိုပြီး ရန်ကုန်တက္ကသိုလ် ယူနီဗာစတီအက် (University Act) ကို အတည် ပြုပြဠာန်းလိုက်သည်။ ဒီဇင်ဘာ ၅ ရက်တွင် မြန်မာကျောင်းသားများ သပိတ်မှောက်ကြသည်။
၁၉၂၁ ခုနှစ်ဇန်နဝါရီက မြန်မာပြည်ဘုရင်ခံက အိန္ဒိယဘုရင်ခံချုပ်ဆီကိုပေးပို့သည့် အစီရင်ခံစာကို သူကြားဖူးသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်ကို ထိထိရောက်ရောက် မနှိမ်နင်းဘဲ ကျောင်းသားတွေကို ဒီအတိုင်းထားလျှင် မြန်မာပြည်သည် အင်္ဂလိပ်တို့လက်အောက်မှ လွတ်မြောက်သွားရန် အကြောင်းရှိသည်ဟု ဆိုထားသည်။(တကယ်လည်း မြန်မာတို့ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခဲ့ပါသည်)
သူ့ကို ဒီအတိုင်းထား၍မဖြစ်ဟု ကျောင်းအုပ်ကြီးက ချက်ချင်းဆုံးဖြတ်ကာ အိုးဝေမဂ္ဂဇင်းအယ်ဒီတာကို ကျောင်းမှ ထုတ်လိုက်သည်။
“အိုးဝေမဂ္ဂဇင်းအယ်ဒီတာအား ကျောင်းမှထုတ်လိုက်ပြီဟေ့”
ထိုသတင်းသည် တောမီးလိုပျံ့နှံ့လာသည်။
ထိုသတင်းကြောင့် တစ်ပြည်လုံးက ကျောင်းများတွင် ဆူညံသံတွေ ထွက်ပေါ်လာသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက်သည်။ အဲဒီနောက် ဟိုက်စကူးကျောင်းတွေ အားလုံးကို ကူးစက်သွားသည်။ တစ်ပြည်လုံးကျောင်းတွေ သပိတ်မှောက်ကြသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သော သပိတ်ကြီးသည် ထိရောက်မှုရှိသည်။ ကျောင်းအုပ်ကြီး ဆလော့စ် ရာထူးမှ နုတ်ထွက်သွားရသည်။
ထိုကျောင်းအုပ်ကြီးနေရာတွင် မြန်မာအမျိုးသားကျောင်းအုပ်ကြီး ဦးဖေမောင်တင် တာဝန်ယူခဲ့သည်။ ဦးဖေမောင်တင်သည် မြန်မာစာပေ နှင့် တက္ကသိုလ်အခန်းကဏ္ဍတွင် အရေးပါသူတစ်ယောက် ဖြစ်ခဲ့သည်။
ထိုတက္ကသိုလ်ကျောင်းအုပ် မစ္စတာဆလော့စ်ကို ကြံ့ကြံ့ခံခဲ့သူ၊ စာပေလုပ်ငန်းရှိ ရဲဘော်ရဲဘက်များကို သစ္စာမဖောက် ကိုယ်ကျိုးစွန့်သူ အိုးဝေမဂ္ဂဇင်းအယ်ဒီတာမှာ ကျွန်တော်တို့၏ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်လေတော့သည်။
စာနယ်ဇင်းလုပ်ငန်းများသည် တာဝန်ကြီးလှသည်။
မှန်ကန်သောလမ်းစဉ်၊ မှန်ကန်သော ဆုံးဖြတ်ချက်များဖြင့် လုပ်ရပါသည်။ ဘက်လိုက်၍ မရပါ။
သို့သော် အုပ်ချုပ်သူများဘက်က ကြည့်လျှင် သူတို့ကိုစော်ကားနေတာပါပဲဟု မြင်ကြသည်။
တကယ်တော့ ပွင့်လင်းမြင်သာမှုဖြင့်သာ ဒီမိုကရေစီကို တည်ဆောက်နိုင်ပါသည်။ မတူတာတွေအကြား တည်ဆောက်ရသောကြောင့် ပြဿနာပေါင်းများစွာ ရင်ဆိုင်ရပေမည်။
နှစ်ပေါင်း ၅ဝ ကျော်အကြာ mindset အဖြစ်နေသော အုပ်ချုပ်မှုအောက်တွင် စာနယ်ဇင်းများ မလန်းမဆန်းဖြစ်ခဲ့ရသည်။ ဒါကိုအများ သိကြပါသည်။ ထိုပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။ ထိုပြဿနာများကို အာဏာဖြင့် မဖြေရှင်းသင့်ပါ။
သူတို့ကြောက်သွားအောင် ငါတို့ခြောက်လိုက်မယ်ဆိုသည့်နည်းလမ်းမျိုးဖြင့် မဖြေရှင်းသင့်ပါ။ တွေ့ဆုံဆွေးနွေးပါ။
အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် (Freedom of Expression) ကို လေးစားပါ။ အစိုးရဘက်ကလည်း သတင်းရယူခွင့်ဥပဒေ (Right to Information Act) ကို ပြဠာန်းပေးခြင်းဖြင့် စာနယ်ဇင်းများကို ကူညီပါဟုသာ။

Credit - Eleven Media Group
No comments:
Post a Comment