လက်တွေ့အလုပ်ဖြစ်မည့် မူဝါဒကောင်းများ လိုအပ်သည်
မူ(မူဝါဒ)က အဓိကလား။ လူ(လူပုဂ္ဂိုလ်)က အဓိကလားဟူသည်မှာ အငြင်းပွားစရာ မဟုတ်သော်လည်း လုပ်ဆောင်ချက်ရလဒ် အဖြေများနှင့်ပတ်သက်၍ အမြဲတစေ မေးခွန်းထုတ်စရာ အကြောင်းအရာများဖြစ်သည်။ မှန်ကန်သော မူဝါဒများက ကောင်းမွန်သော စနစ်များကို ဖန်တီးပေးနိုင်သလို လူကောင်းလူတော်များ၏ အခန်းကဏ္ဍဖြင့် နိုင်ငံအဆင့် မြှင့်တင်နိုင်သည် ဆိုသည်မှာ အငြင်းပွားစရာမရှိပေ။ သို့သော် မူကောင်းသော်လည်း လူမကောင်း၍၊ လူကောင်းသော်လည်း မူမကောင်း၍ ပျက်စီးယိုယွင်းခြင်း နိမ့်ကျခြင်းများ ဖြစ်ပေါ်တတ်သည့် သာဓကများလည်း ရှိပြီးဖြစ်သည်။
နိုင်ငံတစ်နိုင်ငံအတွက် သော်လည်းကောင်း၊ အဖွဲ့အစည်း တစ်ရပ်အတွက် သော်လည်းကောင်း ခိုင်မာမှန်ကန်သည့် မူဝါဒကောင်းများ လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ ရေတိုရေရှည်အတွက် လက်တွေ့ကျသည့် မူဝါဒကောင်းများက မည်မျှထိ အကျိုးဖြစ်ထွန်းနိုင်သည်ကို ဖွံ့ဖြိုးပြီးဒီမိုကရေစီ နိုင်ငံများ၏ ရပ်တည်မှုက သက်သေအဖြစ် မြင်တွေ့နိုင်ပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအဖြစ် အဘက်ဘက်မှ ရုန်းကန်နေရဆဲဖြစ်သော မြန်မာနိုင်ငံအတွက်လည်း သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍ အသီးသီးအတွက် ရေတိုရေရှည် အကျိုးဖြစ်ထွန်းမှုရှိရန် ခိုင်မာမှန်ကန်သည့် မူဝါဒကောင်းများ လိုအပ်ပါသည်။
စိုက်ပျိုးရေးကိုအခြေခံသော မြန်မာနိုင်ငံအတွက် အဓိကပြည်ပပို့ကုန်ဖြစ်သလို ပြည်တွင်းစားသုံးမှုအတွက် အရေးပါသည့် ဆန်စပါးနှင့် ပတ်သက်သောမူဝါဒ စတင်ရေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။ ဈေးကွက်ရရှိနိုင်မှုအတွက် အရည်အသွေးပိုင်းဆိုင်ရာ စံနှုန်း၊ တောင်သူလယ်သမားများ အပါအဝင် ဆန်စပါး စိုက်ပျိုးထုတ်လုပ် တင်ပို့နေသူများအထိ အဆင်ပြေစေမည့် သတ်မှတ်ချက်များ ပါဝင်မည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိတင်ပို့မှုတွင် ၂၅ မှတ်ဆန် တင်ပို့မှုမှ တန်းမြင့်ဆန်များ အစားထိုးတင်ပို့နိုင်ရေး၊ ဆန်အရည်အသွေး ထိန်းထားနိုင်ရေး၊ ဆန်တင်ပို့မှုများနှင့်ပတ် သက်သောမူဝါဒများ တည်ငြိမ်မှုရှိရေးတို့ အဓိကကျကြောင်း သုံးသပ်မှုများ ရှိနေသည်။ ထို့အပြင် စတင်စိုက်ပျိုးသည်မှ ထွက်ရှိသည်အထိ ပြည်တွင်းဖြန့်ဖြူးရန်အတွက် သော်လည်းကောင်း၊ ပြည်ပသို့ရောင်းချရန် တင်ပို့ခြင်းအတွက် သော်လည်းကောင်း၊ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုနှင့် ပတ်သက်သော လုပ်ငန်းစဉ်တစ်ခုလုံး ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမှန်တကယ် လက်တွေ့ကျသည့် ခိုင်မာသောမူဝါဒတစ်ရပ် လိုအပ်နေပြီဖြစ်သည်။ မကြာမီ ထုတ်ပြန်နိုင်ဖွယ်ရှိသော အမျိုးသားပို့ကုန် မဟာဗျူဟာ ရေးဆွဲမှုတွင်လည်း ဆန်စပါးသည် နံပါတ်တစ်ဦးစားပေး ဖြစ်လာရန် ရွေးချယ်ထားကြောင်း သိရသည်။
စိုက်ပျိုးတောင်သူများ အကျိုးဖြစ်ထွန်းရေးသည် လည်းကောင်း၊ ပြည်တွင်းဝယ်ယူ စားသုံးမှုအတွက် ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ထိန်းသိမ်းပေးနိုင်ရန် အတွက်လည်းကောင်း စနစ်တကျ လုပ်ဆောင်ရန် လိုအပ်ပါသည်။ ပြီးခဲ့သည့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ဆန်တင်ပို့မှုမှ ဒေါ်လာ သန်း ၅ဝဝ ကျော် ရရှိခဲ့သလို ပြီးခဲ့သည့်ဘဏ္ဍာနှစ်နှင့် လက်ရှိ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ ဆန်တင်ပို့မှုမှ ရရှိငွေမှာ ဒေါ်လာ သန်း ၃ဝဝ အထက်တွင် ရှိနေသည်။
သို့ပါ၍ ဆန်စပါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချခြင်းအတွက် ဈေးကွက်ရရှိနိုင်မှု၊ ပြည်တွင်းစားသုံးမှု ဈေးကွက်အား စနစ်တကျ ထိန်းသိမ်းပေး နိုင်မှုများအတွက် အမှန်တကယ်လက်တွေ့ အကျိုးရှိမည့် မူဝါဒကောင်းများဖြစ်ရန် ဝိုင်းဝန်းလုပ်ဆောင် သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
Credit - Eleven Media Group
No comments:
Post a Comment