Sunday, December 7, 2014

သူရဲကောင်းများအတွက် အထိမ်းအမှတ်ပွဲ လူတစ်ထောင်ခန့် တက်မည်ဟုခန့်မှန်း

 ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်ပေးလှူသွားသော သူရဲကောင်းစစ်သည်များအား ရည်စူး၍ ပြုလုပ်သည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်ပွဲသို့ လူ တစ်ထောင်ခန့် တက်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သတင်းရရှိသည်။

အဆိုပါ ပွဲကို ဒီဇင်ဘာ ၇ ရက်တွင် ရွှေတိဂုံစေတီမြောက်ဘက်မုခ်၊ သူရဲကောင်းစစ်သည် ဗိမာန်တွင် နေ့လယ် ၂ နာရီ၌ ကျင်းပမည်ဖြစ်သည်။

အသက်ပေးလှူသွားသော သူရဲကောင်းစစ်သည်များအတွက် မြတ်လေးရုံ ပရိယတ္တိစာသင်တိုက်တွင် အရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်မည်ဖြစ်သည်။

နေ့လယ် ၂ နာရီတွင် အခမ်းအနားသို့ တက်ရောက်လာသူများ နေရာယူခြင်း၊ နိုင်ငံတော်အလံ အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းပြည်အတွက် အသက်ပေးလှူသွားသော သူရဲကောင်းစစ်သည်များအား အလေးပြုခြင်း၊ သစ္စာဓိဋ္ဌာန် လေးချက်ရွတ်ဆိုခြင်းစသည်တို့ ပါဝင်မည် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းပြည်အတွက် အသက်ပေးလှူသွားသော သူရဲကောင်းစစ်သည်များအား ရည်စူး၍လွမ်းသူ ပန်းခွေချခြင်း၊ တပ်မ တော်သမိုင်းအစဉ်အလာကောင်းများ အမွန်မြတ်ဆုံးသော စွန့်လွှတ်ခြင်း တုနှိုင်းဖွယ်မရှိသော ဂုဏ်ဒြပ်များနှင့်ပတ်သက်သည့် အကြောင်း ဟောပြောခြင်းတို့ ပါဝင်သည်။

အခမ်းအနားသို့ ပေးပို့လာသော သ၀ဏ်လွှာများအား ဖတ်ကြားခြင်းအပြင် ဟောပြောသူများအဖြစ် ဦးရဲမိုး၊ ဦးကျော်ဇင်ထွန်းနှင့်ဒေါ်တင်မေဦးတို့က ဟောပြောမည် ဖြစ်သည်။

အများပြည်သူလည်း ပါဝင်တက်ရောက်နိုင်ပြီး အပေါ်အင်္ကျီအဖြူရောင်၊ အောက်မှ နှစ်သက်ရာ ၀တ်နိုင်ကြောင်း ထုတ်ပြန်စာတွင် ရေးသားထားသည်။

အဆိုပါ ဟောပြောပွဲ အခမ်းအနားဖြစ်မြောက်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ကိုယ်စား ညွှန်ကြားရေးမှူးအောင်ကျော်စိုးက ဒီဇင်ဘာ ၅ ရက်စွဲဖြင့် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။



Credit - 7DAY DAILY

No comments:

Post a Comment