Monday, December 8, 2014

စိုပြေနှင့် အိမ်ကွင်းအဝေးကွင်း ဥပဒေ

သတင်းစာကို ဖတ်လိုက်မိချိန်တွင် စိုပြေ အထိတ်တလန့် ဖြစ်သွားသည်။
ဘာတဲ့ ... “လင်ပြိုင်၊ မယားပြိုင် ထားပါက ထောင် ၇ နှစ်အထိ ချနိုင်” ဆိုလား။

ဒါတောင် သတင်းခေါင်းစဉ် တစ်ဝက်ပဲ တွေ့လိုက်ရသေးသည်။ “တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း အမျိုးသမီးများ ကြိုဆို” ဆိုသည့် စာသားကျန်သေး၏။ ထိုသတင်းကို ကြားတော့ စိုပြေတင်မက အပေါင်းအသင်း အကုန်လုံးကပါ ထိတ်လန့်တကြား ဖြစ်ကုန်သည်။

စိုပြေ့ အပေါင်းအသင်းတွေတင် မက တစ်နိုင်ငံလုံးရှိ အမျိုးသားအပေါင်းတို့ တုန်လှုပ် ချောက်ချားသွားကြသည်။ ရာဇဝင်တွင် ယခုဥပဒေကဲ့သို့ မြန်မာတစ်နိုင်ငံလုံး တုန်လှုပ်သွားလောက်သည့် ဥပဒေမျိုး မထွက်ရှိခဲ့ဖူး။ တကယ်တော့ ဥပဒေအဆင့်ကို မရောက်သေး။ အကြမ်းသာ ရှိသေးသည်။ သို့သော်လည်း အကြမ်းအဆင့်မှာပင် မြန်မာတစ်နိုင်ငံလုံး ထိုဥပဒေကြောင့် တုန်လှုပ်သွားကြလေပြီ။

မြန်မာပြည်သူတွေသည် ဘယ်ဥပဒေလာလာ ဂရုမစိုက်ခဲ့။ ဥပဒေတွေ ရှိတယ်လို့တောင် မထင်ကြ။ ပြဋ္ဌာန်းခဲ့သည့် ဥပဒေ တော်တော်များများသည်လည်း အသက်မဝင်။ ဥပဒေကို ဖော်ဆောင်သည့် အာဏာပိုင်တွေ ကိုယ်တိုင်ပင် ဘာဥပဒေတွေ ရှိလို့ရှိမှန်း မသိ (ဥပမာ- ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေး ဥပဒေ)။ ဒီတစ်ခါတော့ ဥပဒေရှိမှန်း သိကြလေပြီ။

ဒီကိစ္စသည် မျိုးစောင့်ဥပဒေက အစပြုလေသည်။
ဘုန်းဘုန်းများက မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရန် သမ္မတကို တိုက်တွန်းရာ မျိုးစောင့်ဥပဒေ လေးခုကို ချပြလိုက်ခြင်းလည်း ဖြစ်ပါ၏။

အစကတော့ အမျိုးသားများ အနေနှင့် မျိုးစောင့်ဥပဒေသည် မိန်းကလေးများနှင့်သာ ဆိုင်သည်၊ ငါတို့နှင့် မဆိုင်ဟု တွေးကာ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရန် တောင်းဆိုခြင်းကို မကန့်ကွက်။ မကန့်ကွက်ရုံမျှမက မိန်းမတွေကို ဒီလိုထိန်းချုပ်မှ တော်ကာကျမယ်ဟု တွေးကာ ထောက်ခံသမှုပင် ပြုလိုက်သေးသည်။ အဲဒီတုန်းကတော့ မိန်းမတွေ ခမျာလည်း မပြောသာသဖြင့် ငြိမ်ကြည့်နေရသည်။

အခုတော့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရန် ဦးဆောင်တောင်းဆိုခဲ့သည့် အမျိုးသားများ ဝဋ်လည်ချေပြီ။

ဒီကိစ္စကို အိမ်ထောင်ရှိ အမျိုးသားများ မကျေနပ်ပေ။
သို့သော်လည်း ပေါ်တင် ထုတ်မပြောရဲ။ မကျေနပ်ကြောင်း ထုတ်ပြောလျှင် အိမ်က မိန်းမနှင့် ပြဿနာ တက်လိမ့်မည်။ ထို့ကြောင့် ငြိမ်ငြိမ်ကလေးသာ နေရတော့သည်။
ငြိမ်ငြိမ်ကလေးနေတော့ အခြားအမျိုးသားက ထိုအိမ်ထောင်ရှင်များကို အမျိုးသား သစ္စာဖောက်ဟု စွပ်စွဲကြလေသည်။ အငယ်ရှိသူ အိမ်ထောင်ရှင်များလည်း အငယ်များနှင့် ခပ်ခွာခွာ ဖြစ်ကုန်သည်။

ရည်းစားရှိသူ အမျိုးသားများ ခမျာလည်း အိမ်ထောင်ရှင်များကဲ့သို့ပင်။ ပေါ်တင်ကန့်ကွက်လျှင် မယူခင်ကတည်းက ခြေလှမ်းပြင်နေပြီ ထင်ကာ ရည်းစားနှင့် ပြဿနာ တက်နိုင်သည်။ ဒီကြားထဲ လူပျိုကြီး၊ အပျိုကြီးများက တစ်စခန်း ထသေးသည်။ တစ်ယောက်တောင် အနိုင်နိုင် ရှာနေရတာကို ဒီလို ဥပဒေတွေ ထုတ်တာ ငါတို့ကို စော်ကားတာပဲဟု ဆိုကြသည်။ ဒီလို ဥပဒေတောင် ထုတ်သေးတာ ငါတို့လို မရသေးတဲ့ လူတွေအတွက်လည်း လူပျိုကြီး၊ အပျိုကြီးများ မိန်းမပေးစားရေး ဥပဒေဆိုတာ ထုတ်သင့်တယ်ဟု ဆိုကြသည်။

ဒီကြားထဲတွင် ငြိမ်နေသူများကတော့ ဂေးများပင်။ ဥပဒေတွင် မိန်းမနှင့် ယောက်ျားဟုသာ ပါသဖြင့် ဂေးများ လွတ်နေသည်။ ထို့ကြောင့် ဂေးများကတော့ သူတို့ကို ဥပဒေက ကင်းလွတ်ခွင့် ပေးထားသဖြင့် အပျော်ကြီး ပျော်နေကြတော့သည်။
ဥပဒေကြမ်း ရေးဆွဲသူများမှာ သူတို့ ဂေးများ ဖြစ်သဖြင့်သာ ဒီလို ဂေးများကို လွတ်လပ်ခွင့် ပေးထားသည်ဟု တွေးကြသည်။ ဒါ့အပြင် အမျိုးသားများအတွက် မိန်းမရှိလျက်နှင့် နောက်မိန်းမ မယူရဟုသာ ပါရှိပြီး ယောက်ျားမယူရဟု မပါသဖြင့် အမျိုးသားများသည် မိန်းမ မယူတော့ဘဲ ဂေးများကို ယူလာနိုင်သည်ဟုလည်း ဂေးများက တွေးကာ ပျော်ကြပြန်သည်။

သို့သော် ...
ပေါ်တင်တော့ မပျော်ရဲ။
ပေါ်တင်ပျော်လိုက်လျှင်တော့ သူတို့ကိုပါ လာကြပ်နိုင်သဖြင့် ၆ မ တို့ ဣနြေ္ဒ ရွှေပေးလို့မရ လုပ်နေခြင်းပင်။

အမှန်တကယ် မကျေနပ်သူများကတော့ ဒုတိယ မိန်းမများပင်။
ဥပဒေထဲတွင် ဖောက်ပြန်သူနှင့် ဖောက်ပြန်ခံရသူတွေ ဘာပစ္စည်းမှမရဟု ဆိုထားလေရာ မယားငယ်များ ဘာမှမရ ဖြစ်သွားနိုင်သည်။
ထို့ကြောင့် မယားငယ်များ စိတ်ညစ်ကြပြန်သည်။ ထို့ပြင် မယားကြီးများကို ကြောက်ပြီး အဆိုပါ ဥပဒေကို ထောက်ခံမည်ဟု ကြွေးကြော်ကြသော စပွန်ဆာ ကြီးငယ်များကို ညစာအငတ်ထားပြီး သပိတ်မှောက်ရန် စီစဉ်ကြတော့သည်။

ဗွက်ထနေသည့် အိမ်ကွင်းကြီးများထက် စိမ်းစိမ်းစိုစို အဝေးကွင်းများတွင် ကန်လိုကြသည်က ပလေယာတိုင်း၏ အိပ်မက်ပင် မဟုတ်လား။

အချို့ကတော့ ပေါ်တင်မယူဘဲ Living Together သာ နေကြတော့မည်ဟု ဆိုကြပြန်သည်။ ဒီဥပဒေကို မကျေနပ်သူ အချို့ကတော့ အရင်ခေတ်က ဘုရင်တွေကို လက်ညှိုးပြန်ထိုးကြသည်။ မြန်မာ့ဓလေ့တွင် တစ်လင်တစ်မယား စနစ်မရှိ။ ခေတ်အဆက်ဆက် ဘုရင်တွေသည် မိန်းမတွေ အများကြီး ယူသည်ဟု ထောက်ပြကြသည်။

ဥပမာ- မင်းတုန်းမင်းဆိုလျှင် တရားဝင် မိန်းမတစ်ရာကျော် ရှိလေရာ အခုထုတ်ပြန်သည့် ဥပဒေအတိုင်းသာ အရေးယူရလျှင် ထောင်နှစ် ၇၀၀ ကျော် ကျလိမ့်မည်ဟုလည်း ခန့်မှန်းကြသည်။ အချို့ကလည်း တစ်လင် တစ်မယားစနစ် စတာ သီပေါမင်း၏ မိန်းမကြောင့်ဟု ဆိုကြပြန်သည်။ စုဖုရားလတ်က ထက်သဖြင့် သီပေါမင်းကို တစ်ယောက်ပဲ ယူခိုင်းတယ်ဟု ဆိုကြသည်။ တကယ်တော့ သီပေါမင်းပင် မိဖုရားနှစ်ပါး ရှိ၏။
အချို့ကလည်း ဦးနေဝင်းသာ ရှိလျှင် ဒီဥပဒေကြမ်း ရေးဆွဲသူကို အေဒီလမ်းအိမ်သို့ ခေါ်ပြီး နားရင်းအုပ်လိမ့်မည်ဟု ဆိုကြသည်။

ရှေ့နေများလည်း ပျော်ကြသည်။ ဥပဒေအရ တစ်ယောက်နှင့် တရားဝင် ကွဲပြီးမှ နောက်မိန်းမ အသစ်ယူလို့ ရမည်ဖြစ်သဖြင့် အမှုတွေ ပိုရလာနိုင်သောကြောင့် ဖြစ်သည်။ တရားသူကြီးလည်း အမှုသည် များသဖြင့် ပျော်ကြလိမ့်မည်။ အရင်ကဆိုလျှင် အရင်ယူသော မိန်းမကို မယားကြီး၊ အရင်ယူသော ယောက်ျားကို လင်ကြီး၊ နောက်ယူသော မိန်းမကို မယားငယ်၊ နောက်ယူသော ယောက်ျားကို လင်ငယ် စသည်ဖြင့် သတ်မှတ်ကြသည်။ ယခု ဥပဒေအရတော့ ဒီစကားလုံးတွေ ပျောက်သွားဖွယ်ရာ ရှိသည်။ ယခုဥပဒေအရ မယားအဟောင်း၊ မယားအသစ်၊ လင်အဟောင်း၊ လင်အသစ် စသည့် စကားလုံးတွေ အစားထိုး သုံးစွဲကြလိမ့်မည် ဖြစ်သည်။

မကြာမီ အချိန်တွင်တော့ ထုံးစံအတိုင်း ဆန္ဒပြတော့မည်ဟု တိုးတိုးတိတ်တိတ် ကြားရပြန်သည်။ တစ်လင်တစ်မယား ဥပဒေကို ကန့်ကွက်သည့် ဆန္ဒပြပွဲ ဖြစ်ပါသည်။
သို့သော်လည်း အရင်လို ပေါ်ပေါ်ထင်ထင်တော့ ပြမည်မဟုတ်။ အခုတစ်လော ခေတ်စားနေသည့် မျက်နှာဖုံးစွပ်ပြီး ဆန္ဒပြနည်းဖြင့် ပြသမည်တဲ့။ မျက်နှာဖုံး စွပ်ထားသဖြင့် အိမ်က မိန်းမလည်း မသိနိုင်တော့၊ ရည်းစားလည်း မသိနိုင်တော့။ မျက်နှာဖုံးမစွပ်ဘဲ ပြလိုက်လျှင်တော့ တစ်နိုင်လုံး ရန်ပွဲတွေ ထဖြစ်ပြီး ပြည်တွင်းစစ်ထက်ပင် ဆိုးသွားနိုင်၍ ဖြစ်သည်။ ထိုဆန္ဒပြပွဲတွင် စိုပြေလည်း ပါဝင်မည် ဖြစ်သည်။

စိုပြေလည်း ဒီကိစ္စကို မကျေနပ်ပေ။
အဘယ်ကြောင့်ဆိုသော် စိုပြေ့တွင် အကြံကြီးတစ်ခု ရှိသောကြောင့် ဖြစ်သည်။
နာမည်ကြီးရေး အကြံဖြစ်သည်။

စိုပြေသည် စာရေးဆရာရူး ရူးနေသူဖြစ်၏။ သူများတွေလို တော်ရုံ စာရေးဆရာလည်း မဖြစ်ချင်ပြန်။ နာမည်ကြီးသည့် စာရေးဆရာ ဖြစ်ချင်သည်။ ဒါကြောင့် ရှေးခေတ်ကတည်းက နာမည်ကြီးခဲ့သည့် စာရေးဆရာများ အကြောင်းကို စုံစမ်းကြည့်သည်။
သူ့တို့ ဘာကြောင့် နာမည်ကြီးသလဲ။

ဆရာကြီးများ အားလုံးတူညီသည့် အချက်တစ်ခု သွားတွေ့ရသည်။

ဆရာကြီး ရွှေဥဒေါင်းတွင် မိန်းမသုံးယောက် ရှိ၏။ ဆရာကြီး သော်တာဆွေလည်း မိန်းမသုံးယောက် ရှိ၏။ ဆရာကြီး မင်းသိင်္ခလည်း ထို့အတူပင်။ အင်္ဂလန်က ဆာအာသာ ကိုနင်ဒွိုင်းကို ကြည့်မလား သူတို့အားလုံး မိန်းမတစ်ယောက်မက တရားဝင်ယူကြသည်။ မိန်းမအများကြီး ယူသော အခြားစာရေးဆရာများလည်း ရှိသေးပါ၏။
ထိုအကြောင်းကိုသာ ရေးလိုက်လျှင် ဂျာနယ်တစ်စောင်လုံး ပြည့်သွားဖွယ်ရာ ရှိသည်။
စာရှည်မည်စိုး၍ မထည့်တော့ပြီ။

ထို့ကြောင့် စိုပြေလည်း နာမည်ကြီး စာရေးဆရာ ဖြစ်ရန် မိန်းမအများကြီး ရှိဖို့ လိုသည်ဟု ယုံကြည်ထားသည်။ ဒီအတိုင်း ဘယ်လောက်စာရေးရေး မိန်းမအများကြီး မရှိလျှင် နာမည်ကြီး စာရေးဆရာ ဖြစ်နိုင်မည်မဟုတ်။

သူများတွေလို နှာဘူးထပြီး မိန်းမ အများကြီး ယူလိုခြင်းမဟုတ်။ နာမည်ကြီးရေး အတွက်သာ အနစ်နာခံပြီး ယူလိုခြင်း ဖြစ်သည်။ ယခုတော့ စိုပြေ တွေးထားသည့်အတိုင်း နာမည်ကြီး စာရေးဆရာ ဖြစ်ဖို့ လမ်းစမမြင်တော့ ...။ စိုပြေ စာရေးဆရာ မဖြစ်တာ အရေးသိပ်မကြီး။ တစ်ခုပဲ စိုးရိမ်မိသည်။ ကိုယ်လေးစားသည့် ဆရာကြီးတွေကို ဘက်ဒိတ်နှင့် ပြန်အရေးယူလျှင်တော့ ခက်ချေပြီ။

Credit - The Voice Weekly

 
 

No comments:

Post a Comment