နိုင်ငံတကာ စာရင်းဇယားများတွင် မြန်မာနိုင်ငံ၏ ကိန်းဂဏန်း နေရာတွင် N/A “Not Available” “အချက်အလက်မရှိ” ဟုသာ တွေ့ရမည်။ လွန်ခဲ့သော နှစ်များစွာအတွင်း စစ်ပွဲများအကြိမ်ကြိမ် ဖြစ်ပွားသည့် တာလီဘန်တို့ ခိုအောင်းရာ အာဖဂန်နစ္စတန်၏ ကိန်းဂဏန်းများ ရှိလျှင်သော်မှ မြန်မာဆိုင်ရာ ကိန်းဂဏန်းများကား မရှိ။
ထိုသို့ အချက်အလက် ကိန်းဂဏန်း မွဲတေခြင်းသည် မြန်မာနိုင်ငံ မွဲတေရခြင်း၏ အဓိက အကြောင်းတစ်ရပ်လည်း ဖြစ်သည်။ နိုင်ငံဘာဖြစ်နေမှန်း မသိဘဲ ဆေးကုနိုင်မည်လား။ ဒေတာအချက်အလက်များ မရှိဘဲ၊ အားမကိုးရဘဲလည်း နှစ် ၃၀ စီမံကိန်းများ၊ ငါးနှစ် စီမံကိန်းများကို အဖုံဖုံအလီလီ ရေးဆွဲကြသည့် အတွက် “အနာမသိဘဲ ရမ်းကုခြင်း” သာ ဖြစ်ကာ သဘာဝ သယံဇာတ ပေါကြွယ်ဝသော မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံစာရင်း (Least Developed Countries- LDC)၊ အဆင်းရဲဆုံးနိုင်ငံ စာရင်းတွင် ရှိနေသည်။
မြန်မာတို့ ကိန်းဂဏန်း အချက်အလက် ဆင်းရဲခြင်းကို ယခုအစိုးရ လက်ထက်တွင် သဘောပေါက်လာသဖြင့် ပြန်လည်ရေးဆွဲထားသော စီးပွားရေးဦးတည်ချက် လေးရပ်တွင် “စာရင်းဇယား ကိန်းဂဏန်းများ တိကျမှန်ကန်ရေး” “Quality of statistics and statistical system” ဟူသော ဦးတည်ချက် ပါဝင်လာသည်။ ထိုသို့ စီးပွားရေး ဦးတည်ချက် လေးရပ်တွင် ပါဝင်လာသောကြောင့် အားတက်ရသော်လည်း အကောင်အထည်ဖော်သည့် အပိုင်းတွင် လိုနေသေးသည်။ အချက်အလက်များ ရသည် မရသည်က တစ်မျိုး၊ ရှိပြီး အချက်အလက်များ တစ်ခုနှင့်တစ်ခု ရှေ့နောက်မညီညွတ်ခြင်း၊ အခေါ်အဝေါ် အသုံးအနှုန်းတို့ လွဲမှားနေသေးသည်။
ကိန်းဂဏန်း စာရင်းဇယား မှန်ကန်အောင် အကောင်အထည်ဖော်ခြင်း နှေးကွေးနေသည်မှာ အကြောင်းအမျိုးမျိုး ရှိနိုင်သည်။ ဥပမာ- စနစ်တကျ မကောက်ခံသည်မှာ ကြာပြီဖြစ်သဖြင့် ကိန်းဂဏန်း အချက်အလက်များ ကောက်ခံနည်းစနစ်ပိုင်းတွင် မြန်မာနိုင်ငံသည် ခေတ်နောက်ကျနေနိုင်သည်။ မြန်မာ့စီးပွားရေးကို နိုင်ငံတကာအဆင့်မီ လေ့လာချက်ဖြစ်သည့် “The National Income of Burma” ကို ၁၉၆၃ အောက်တိုဘာလက နောက်ဆုံး ထုတ်ဝေခဲ့သဖြင့် ရာစုနှစ်ဝက် ကြာခဲ့ပြီ။ အချက်အလက် ကောက်ခံရန် စနစ်ကြီးတစ်ခုလုံး ပြုပြင်ပြောင်းလဲရန် လိုသလို စာရင်းအင်းဆိုင်ရာ ဝန်ထမ်းများ၏ အရည်အချင်းကို မြှင့်တင်ပေးရန်၊ ငွေကြေးထောက်ပံ့ရန်၊ စိတ်ဓာတ်မြှင့်တင်ပေးရန် စသော အရင်းအမြစ်များကို စာရင်းအင်းစနစ်ကြီး အတွင်းသို့ ပံ့ပိုးပေးရမည်။
စာရင်းအင်းစနစ်ကြီး တစ်ခုလုံး ပြောင်းလဲရာတွင် အဓိကကျသော ဗဟိုစာရင်းအင်း အဖွဲ့ကြီး (Central Statistical Organization) လိုအပ်သော နည်းပညာ၊ ငွေကြေး၊ လုပ်ပိုင်ခွင့် အပါအဝင် ရင်းမြစ်များကို ထိပ်ပိုင်းပုဂ္ဂိုလ်များက စိတ်အား၊ နှုတ်အား၊ ဘဏ္ဍာရေးအား၊ ဥပဒေအားဖြင့် ပံ့ပိုးကူညီပေးရန် လိုသည်။
ပြုပြင်ပြောင်းလဲရေးကို ဖုတ်ပူမီးတိုက် လုပ်နေရသော မြန်မာနိုင်ငံတွင် အခြားလုပ်ဆောင်စရာများ များပြားလှသော်လည်း ကိန်းဂဏန်းများ တိကျမှန်ကန်ရေးကို ဦးစားပေးရမည်။ အဘယ်ကြောင့် ဆိုသော် တိကျသေချာသော ကိန်းဂဏန်းများ မရှိလျှင် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။
အယ်ဒီတာ (၃.၁၂.၂၀၁၄)
----------------------------------
Editorial, The Voice Weekly Vol-10/No-47 (#voiceeditorial)

No comments:
Post a Comment