![]() |
ဒလမြို့နယ်အတွင်းရှိ ရေခန်းခြောက်နေသော ရေကန်တစ်ကန်မှ ပပ်ကြားအက်များ (ဓာတ်ပုံ-ကြည်နိုင်) |
ယနေ့ကမ္ဘာမြေကြီးပေါ်မှာ ပပ်ကြားအက်တွေ များစွာရှိနေပါတယ်။ ထို ပပ်ကြားအက်များမှာ ရေမရှိ၊ အပင်မရှိတဲ့အတွက် သက်ရှိလူသားတို့ကို အကျိုးမပြုနိုင်ဘူး ဖြစ်နေပါတယ်။ ပင့်ကူမျှင်တန်းများလို အကွဲကြောင်းတွေ၊ အက်ကြောင်းတွေများစွာရှိနေတဲ့ မြေကြီးကိုကြည့်ရတာ အရုပ်ဆိုးအကျည်းတန်လှပါတယ်။ ဒီလို ပပ်ကြားအက်တွေပေါ်မှာ မှီတင်းနေထိုင်ကြရတဲ့လူတို့အတွက် သွားလမ်းမဖြောင့်ဖြူး၊ စားလမ်းအဆင်မပြေ နေလမ်းကလည်းခိုင်ခန့် လုံခြုံမှုမရှိဘဲ အနာဂတ်မျှော်လင့်ချက်ဝေဝါးပြီး လမ်းပျောက်နေဆဲ ခြောက်သွေ့နေဆဲဖြစ်ပါတယ်။
ယခုနှစ် ၂ဝ၁၄ ခုနှစ်က စံချိန်တင်အပူဆုံးနှစ်အဖြစ် အဆုံးသတ်သွားဖွယ် ရှိတယ်လို့ ကုလသမဂ္ဂ မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့တယ်။ ဒီနှစ်တော့ အပူဆုံးမဟုတ်သေးဘူးဆိုရင်တောင်မှ အပူဆုံးနှစ် တစ်နှစ်ဖြစ်မယ့်လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့လည်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (WHO) အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကမ္ဘာကြီးပူနွေးမှုက လုံးဝဥဿုံရပ်သွားမှာ မဟုတ်ပါဘူး။ ကမ္ဘာကြီးပူလာတော့ မိုးလေဝသက မမှန်၊ မိုးလေဝသ မမှန်တော့ မိုးခေါင်တာရေကြီးတာတွေ ဖြစ်လာတယ်။ ရေကြီးတော့ စိုက်ပျိုးသီးနှံနဲ့လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးတယ်။ မိုးခေါင်တော့လည်း ရေတွေခန်းခြောက်၊ မြေကြီးတွေခြောက်သွေ့ပြီး စေးကပ်မှုမရတော့လို့ ပပ်ကြားအက်တွေ ဖြစ်လာပါတယ်။ မျိုးစေ့ကောင်းပေမဲ့ ချစိုက်လို့မှ အပင်မပေါက်နိုင်တော့ အစာရေစာ ရှားပါးငတ်မွတ်တဲ့ဒုက္ခတွေ ကြုံရပါတယ်။ ဒါကြောင့် ရေကြီးတာရော၊ မိုးခေါင်တာရော တစ်ခုမှ မကောင်းပါဘူး။
ကမ္ဘာပေါ်မှာ ပပ်ကြားအက်များပေါ် နေထိုင်လှုပ်ရှားနေရတဲ့ နိုင်ငံနဲ့လူတွေ ရှိနေပါတယ်။ ရေခံမြေခံကောင်းပြီး အစေ့ချအပင်ပေါက်နိုင်တဲ့မြေတွေရှိပေမဲ့ ထိုမြေပေါ်က လူသားတွေကြားမှာ စည်းစည်းလုံးလုံးမရှိတဲ့အတွက် ဆင်းရဲဒုက္ခရောက်နေကြတာ လည်းတွေ့ရပါတယ်။ ထိုနိုင်ငံ၊ ထိုလူမျိုးတွေကြားမှာ ယုံကြည်မှုစည်းလုံးမှု ပပ်ကြားအက်နေခြင်းပဲ ဖြစ်ပါတယ်။ ထိုပပ်ကြားအက်တွေက တချို့သေးသေး၊ တချို့ကကြီးကြီးမားမား ရှိနေကြပါတယ်။ ပပ်ကြားအက်တယ်ဆိုတာ မြေအစိုင်အခဲတွေ တစ်ခုနဲ့တစ်ခု စေးစေးပိုင်ပိုင် တွယ်ဆက်မပေးနိုင်ဘဲကွာ ဟနေတာပဲဖြစ်တယ်။ မြေကြီးတွေ တဆက်တစပ်တည်းဖြစ်အောင် တွယ်ဆက်ပေးနိုင်တဲ့ စွမ်းအားတွေ ဆုံးရှုံးပျောက်ကွယ်လို့ ဖြစ်ရတယ်။
အဲဒီစွမ်းအားကို ပေးစွမ်းနိုင်တာက ရေပဲဖြစ်ပါတယ်။ ရေဆိုတာ အေးမြတယ်။ ခြောက်သွေ့မာကျောတဲ့အရာကို ပျော့ပြောင်းနှုးညံ့စေနိုင်ပါတယ်။
တချို့နိုင်ငံတွေကလူတွေမှာ ရေဓာတ်လိုနူးညံ့ပျော့ပြောင်းပြီး စည်းလုံးညီညာမှုကိုပေးနိုင်တဲ့ ခံယူချက်ယုံကြည်ချက်တွေ ခန်းခြောက်ပြီး ပတ်ကြားအက်တွေပေါ်မှာ နေနေကြတာကိုတွေ့ရပါတယ်။ စည်းလုံးမှု မရှိ၊ အကွဲကွဲအပြားပြား တစ်စစီ၊ တစ်ခုစီ၊ တစ်ကန့်စီရှိနေတဲ့ ပတ်ကြားအက်တွေပေါ် မှာ စိုက်ပျိုးနေထိုင်နေကြတဲ့သူတွေအတွက် အပင်သန်၊ အသီးမှန်စားရဖို့ မလွယ်လှပါဘူး။ ပတ်ကြားအက်ပေါ် လျှောက်လှမ်းနေရတဲ့ လူတွေမှာ ခြေကျွံ၊ ခြေခေါက်၊ ခြေကျိုး လက်ကျိုး၊ ဟပ်ထိုးလဲပြီး ဒဏ်ရာအနာတရတွေသာ များလာမှာပါပဲ။
ညီညာပြန့်ပြူးတဲ့လမ်းပေါ်မှာ ခေါင်းမော့ရင်ကော့ပြီးလျှောက်လှမ်းဘို့ဆိုတာ အိမ်မက်ပမာရှိနေဦးမှာပါ။ ပပ်ကြားအက်တွေက များများ၊ ဆင်းရဲတွင်းကနက်နက်နဲ့ သူတို့တွေခမျာ ပျော်ရွင်ချမ်းမြေ့တဲ့ဘဝတွေ ပိုင်ဆိုင်ဖို့ အလှမ်းဝေးနေဆဲပဲ ဖြစ်ပါတယ်။
သူတို့တွေကို စာနာထောက်ထားသူတွေကပေးတဲ့ အထောက်အပံ့အကူအညီဆိုတာတွေလည်း ပပ်ကြားအက်တွေကြားထဲမှာ လေလွင့်ပျောက်ဆုံးတာသာများပြီး သူတို့အတွက် အကျိုးကျေးဇူးသိပ်မရှိလှပါဘူး။
အပင်သန် အသီးမှန်စားရဖို့ ခက်ခဲနေတဲ့ကြားထဲမှာ သူတို့နေအိမ်ထဲမှာလည်း ခြတွေရှိနေတယ်။ ခြစားမှုအန္တရာယ်ကိုလည်း ကြီးကြီးမားမား ရင်ဆိုင်နေကြရတယ်။ စားဝတ်နေရေး ခက်ခဲပါတယ်ဆိုမှ ခြတွေကလည်း ကိုက်ဖဲ့စားသောက်နေလို့ အိမ်တွေရဲ့ကြံ့ခိုင်ရေးကလည်း မကောင်းလှပါဘူး။ ခြဆိုတဲ့ အကောင်တွေက အသံတိတ်တယ်။ ပုန်းအောင်းနေတတ်တယ်။ နိုင်ငံရေးစကားနဲ့ပြောရရင် ပွင့်လင်းမြင်သာမှုကို ကြောက်ရွံ့ကြတယ်။ လူမြင်မခံဝံ့ဘူး။ လူတွေမမြင်၊ မကြားနိုင်အောင် အတွင်းမှာလှိုက်ပြီး စားသောက်ဝါးမျိုတတ်တယ်။ သူတို့ကြောင့်လူတွေရဲ့ အကျိုးစီးပွားတွေ ပျက်စီးတာသိတဲ့အတွက် လူတွေကိုကြောက်တယ်။ သူတို့အချင်းချင်းတော့ နားလည်မှုအပေးအယူတူမျှမျှတွေ ရှိတယ်။ သူတို့ကိုလည်း အမိုက်မှောင်က ကာကွယ်ပေးထားလို့ ရှင်သန်ကြီးထွားနိုင်ကြတယ်။
ခြစားသွားလို့ ပျက်စီးယိုယွင်းတာကို ဖာထေးလို့လည်း မရဘူး။ အသစ်ပြုပြင် တည်ဆောက်မှရပါတယ်။ သူတို့ကို သုတ်သင်ရှင်းလင်းဖို့ကလည်း ခက်ပါတယ်။ သူတို့က အသက်ပြင်းတယ်။ အကောင်အရေအတွက်ကလည်း များတယ်။ ထင်သာမြင်သာမရှိအောင် ခြေရာဖျောက်နေထိုင်ကျက်စားတတ်တဲ့ အရည်အချင်းကလည်း ရှိတယ်။ အတွေ့အကြုံလည်း ရှိတယ်။ အကာအကွယ်ရနိုင်မဲ့အခြေအနေတွေကလည်းရှိတော့ တော်ရုံတန်ရုံ ကြိုးစားအားထုတ်မှုနဲ့တော့ ခြတွေကို သုတ်သင်ရှင်းလင်းနိုင်မှာ မဟုတ်ပါဘူး။ ခြစားမှုအန္တရာယ်က ကင်းလွတ်ပြီး ကျစ်လျစ်ခိုင်မာတောင့်တင်းတဲ့အနေအထားဖြစ်ဖို့ကတော့ အလှမ်းဝေးနေဦးမှာပါ။
အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့က အစိုးရအဖွဲ့များ၊ လုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ လူတို့ရဲ့နေ့စဉ်ဘဝများပါဝင်တဲ့ ကမ္ဘာကြီးမှာအကျင့်ပျက် ခြစားမှုကင်းစင်ရေးရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတယ်။ ခြကောင်တွေပေါများပြီး ခြစားမှုဆိုရွားတဲ့နိုင်ငံမှာ ပွင့်လင်းမြင်သာမှုမရှိတဲ့အခါ နိုင်ငံရဲ့အရင်းအမြစ်တွေ ခိုးယူကြရုံသာမက လာဘ်ပေးလာဘ်ယူမှုများနဲ့ လက်သိပ်ထိုး ဆက်ဆံရေးတွေပါ ထွန်းကားလာတယ်။ အဲဒီခြစားမှုတွေက တရားမျှတမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ်ထိခိုက်စေတယ်။
အဲဒီကတစ်ဆင့် အစိုးရများနဲ့ ခေါင်းဆောင်များအပေါ် လူထုယုံကြည်မှုကို ဖျက်ဆီးပစ်လိုက်တယ်လို့ဆိုပါတယ်။ မှန်ပါတယ်။ ခြကောင်တွေ ကြီးစိုးဖျက်ဆီးနေတာခံရတဲ့ အိမ်ကြီးပေါ်မှာနေရတာ စိတ်ချယုံကြည်မှုတွေ လျော့ကျပြီး သံသယစိတ်၊ စိုးရိမ်စိတ်တွေနဲ့ နေကြရမှာပါ။
ကမ္ဘာပေါ်မှာ ဆင်းရဲမွဲတေပြီး ပပ်ကြားအက်တွေများပြားနေတဲ့ နိုင်ငံတချို့ကိုကြည့်ရင် စိတ်ပျက်စရာ၊ ရင်နာစရာကောင်းလှပါတယ်။ သူတို့တွေမှာ မူလသဘာဝ ရေခံမြေခံကောင်းတယ်။ မျိုးစေ့ချရင် အပင်ပေါက် ရှင်သန်နိုင်တဲ့ အခြေအနေကောင်း၊ ရေခံမြေခံကောင်းတွေ ပိုင်ဆိုင်ထားကြတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံက ခေါင်းဆောင်လုပ်သူတွေရဲ့ လွဲမှားတဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်တွေ အတ္တကြီးမားတဲ့နိုင်ငံသားတွေကြောင့် ဆင်းရဲဒုက္ခရောက်နေကြရတယ်။ မိုးခေါင်ရေရှားလို့ မြေကြီးတွေ ပပ်ကြားအက်ရသလို အဲဒီနိုင်ငံက ခေါင်းဆောင်ဆိုသူတွေ၊ နိုင်ငံသားတွေကြားမှာ ယုံကြည်မှု၊ စေးကပ်မှုဆိုတဲ့ နိုင်ငံရေးခံယူချက်တွေ ခေါင်းပါးပြီး ပပ်ကြားအက်တွေ ကြီးမားစွာဖြစ်ခဲ့တယ်။ နိုင်ငံသားပြည်သူတွေ ဒုက္ခဆင်းရဲမရောက်သင့်ဘဲ ရောက်ရတယ်။
အဲဒီလိုနိုင်ငံရေးဆိုင်ရာ မိုးခေါင်လို့ နိုင်ငံခြားတွင်းမှာ ပပ်ကြားအက်တွေဖြစ်လာတာကြာလှပေမယ့် ပြုပြင်ဖာထေးဖို့ အားနည်းခဲ့ကြတဲ့အတွက် ပပ်ကြားအက်တွေ၊ ကွဲကြောင်းတွေက ပိုပြီးကြီးမား နက်ရှိုင်းလာတယ်။ အခုချိန်ထိ အဲဒီနိုင်ငံတွေမှာ ပပ်ကြားအက်တွေက ထင်ထင်ရှားရှား ရှိနေသေးတယ်။ ဒီပပ်ကြားအက်တွေ ကျဉ်းမြောင်းဆက်စပ်ပြီး တဆက်စပ်တည်းဖြစ်ဖို့ စိတ်စေတနာကောင်းကောင်း ခံယူချက်ယုံကြည်ချက်ပြင်းပြင်းနဲ့ ကြိုးစားပြုပြင်ကြဖို့တော့ လိုအပ်ပါတယ်။ လူကြံရင် မခံနိုင်ပါဘူး။
ဆင်းရဲမွဲတေပြီး ဖွံ့ဖြိုးမှုနောက်ကျနေတဲ့နိုင်ငံတွေကို လေ့လာကြည့်ရင် စည်းလုံးညီညွတ်ခြင်း၊ တွယ်ဆက်ခြင်း၊ စေးကပ်ခြင်း အားနည်းလို့ပေါ်ပေါက်လာရတဲ့ ပပ်ကြားအက်ကြောင်းတွေနဲ့ ခြစားမှုတွေကြောင့် အဖြစ်များတာကို တွေ့ရပါတယ်။ ချမ်းသာကြီးပွားဖို့ မျိုးစေ့ချအပင်စိုက်ရာမှာ ပပ်ကြားအက်တွေကြောင့် အကျိုးမရှိဖြစ်နေရတဲ့ကြားထဲမှာ မြွေပူရာကင်းမှောင့်ဆိုသလို အိမ်အိုကြီးကို ခြတွေက အင်နဲ့အားနဲ့ကိုက်ဖြတ်စားသောက်တာခံရပြန်တော့ ဒီလိုနိုင်ငံမျိုးမှာ နေကြရတဲ့လူတွေ ဆင်းရဲဒုက္ခကြုံရတာ ထူးဆန်းလှတယ်တော့ မဟုတ်ပါဘူး။ ဒါကိုသတိရဆင်ခြင်ပြီး ဝိုင်းဝန်းပြုပြင်ကြိုးစားကြရင်တော့ ပပ်ကြားအက်ပေါ်မှာခြတွေနဲ့နေထိုင်ရတဲ့ဘဝက လွတ်မြောက်နိုင်လိမ့်မယ်။

No comments:
Post a Comment