Wednesday, December 10, 2014

တစ်လင်တစ်မယားနဲ့ ဂေရှား

 


 တစ်လင်တစ်မယားစနစ် ဥပဒေကြမ်းကို အစိုးရက လူသိထင်ရှားကြေညာတင်ပြလာသောအခါ လှိုက်ခနဲဝမ်းသာသွားသူများက မြန်မာအမျိုးသမီးအချို့ ဖြစ်ပါသည်။ အထူးသဖြင့် မြို့ပြအသိုင်းအဝိုင်းက ဝင်ငွေကောင်းသော၊ ခင်ပွန်းဖြစ်သူ မယားပြိုင်ထားလာမည်ကို စိုးရိမ်စိတ်ပူနေကြသော အမျိုးသမီးများ ဖြစ်ပါသည်။ အဆိုပါဥပဒေကြမ်းအရ မြန်မာပြည်တွင် အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးနှင့် တရားဝင်ကွာရှင်းမပြတ်စဲကြောင်း မပြနိုင်သမျှ နောက်ထပ်မိန်းမတစ်ယောက် ထပ်ယူခွင့်မရှိ။ မယားပြိုင်ဆိုတာမရှိတော့ပါ။

‘‘ကျွန်မကတော့ သိပ်ဝမ်းသာတယ်။ အဲဒီဥပဒေကို ကြိုဆိုတယ်။ နို့မို့ဆို အိမ်ထောင်ရေးဖောက်ပြန်တဲ့ မိန်းမတွေက မယားငယ်မဟုတ်၊ မယားပြိုင်ဆိုပြီး သူများအိမ်ထောင်ရေးတွေကို လိုက်ဖျက်ဆီးနေတာ။ ကျွန်မတို့ပတ်ဝန်းကျင်မှာ ဒါမျိုးတွေအများကြီး။ တရားဝင်မယားကြီးတွေက သူတို့ကို ပြန်ကြောက်နေရတယ်’’ဟု ထိုဥပဒေကြမ်းကို လှိုက်လှိုက်လှဲလှဲထောက်ခံသူ သန်လျင်မှ မသန္တာကဆိုပါသည်။

မသန္တာပြောခဲ့သည့်အတိုင်း မြန်မာနိုင်ငံမှာ ကာရာအိုကေအနှိပ်ခန်းတွေလို အမျိုးသားများကို ပစ်မှတ်ထားသော စီးပွားရေးလုပ်ငန်းများက ယခုနှစ်တွေမှာ ပိုခေတ်စားလာသလို လူမှုရေးပြဿနာများကလည်း ယခင်ကထက် ပိုရှုပ်ထွေးလာပါသည်။ အထူးသဖြင့် ချမ်းသာသော၊ ဝင်ငွေကောင်းသော စီးပွားရေးသမား အမျိုးသားများကို စပွန်ဆာရှာလိုသူ မိန်းကလေးငယ်များ လိုက်လံပတ်သက်မှုများကလည်း ပိုဆိုးလာသည်ဟု မြို့ပြအိမ်ရှင်မတွေက ဆိုပါသည်။

‘‘ကာရာအိုကေတို့၊ အနှိပ်ခန်းသွားတာကတော့ မသိချင်ယောင်ဆောင်ထားလိုက်ပါပြီ။ ဒါပေမဲ့ ဘယ်နေ့မှာ ဘယ်ကောင်မလေးနဲ့ ပေါ်တင်တွဲခုတ်လာမလဲ စိတ်ပူနေရတယ်။ ကိုယ့်ယောက်ျားက ရုပ်ဆိုးအသက်ကြီးလည်း ကောင်မလေးတွေက မကြိုက်ဘူးမထင်နဲ့နော်။ ငွေရှာကောင်းရင် စိတ်ပူရပြီ’’ဟု။ မသန္တာတင်မဟုတ်ပါ။ ပေါ်ပေါ်ထင်ထင် ထုတ်ဖော်မပြောကြပေမယ့် သည်မယားပြိုင်ပြဿနာက မြို့ပြကမိန်းမသားတွေကို စိတ်ရောကိုယ်ပါဖိစီးဒုက္ခပေးနေသော လူမှုရေးပြဿနာ ဖြစ်ပါသည်။ ထို့ကြောင့် တရားဝင် အမျိုးသမီးတစ်ဦးတည်းသာ လက်ထပ်ခွင့်ပေးထားသည့် တစ်လင်တစ်မယားဥပဒေကြောင့် သည်ကိစ္စကို အထိုက်အလိုက်ဖြေရှင်းပေးတန်ကောင်းရဲ့ဟု အမျိုးသမီးထုက မျှော်လင့်ကြခြင်းဖြစ်ပါသည်။

အိမ်ထောင်ရေးကျွမ်းကျင်သူ လူမှုရေးပညာရှင်များ၏ အဆိုအရ အမျိုးသမီးငယ်များအနေဖြင့် အသက်ကြီးသော၊ ချမ်းသာအောင်မြင်သော အမျိုးသားများကို လိုက်လံပတ်သက်ကြသည့် အကြောင်းရင်းနှစ်မျိုးရှိသည်ဟု သိရပါသည်။

ပထမတစ်မျိုးကတော့ ထိုအမျိုးသားကို စုံမက်မှုကြောင့် အိမ်ထောင်ရှင်ကို ဖောက်ပြန်ခြင်းနှင့် ဒုတိယတစ်မျိုးကတော့ ငွေကြေးနှင့် ဘဝရပ်တည်မှုကြောင့် သူများအိမ်ထောင်ကို ဖောက်ပြန်ခြင်းတို့ဖြစ်ပါသည်။

 

 ပထမတစ်မျိုးကတော့ နေရာမရွေးမှာဖြစ်နိုင်ပြီး ဒုတိယတစ်မျိုးကတော့ ဆင်းရဲသောနိုင်ငံများမှာ ဖြစ်ပွားလေ့ရှိသည်ဟု ဆိုပါသည်။

ထင်ရှားသောဥပဒေပြောရလျှင် ဒုတိယကမ္ဘာစစ်ပြီးခါစက ဂျပန်နိုင်ငံဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်အပြီး စစ်ရှုံးသော ဂျပန်နိုင်ငံမှာ စားဝတ်နေရေးက သိပ်ခက်ခဲသည်။ ထို့ကြောင့် ကျေးလက်က နွမ်းပါးသော လယ်သမားများသည် သမီးမိန်းကလေးများကို ဂေရှားဂေဟာများသို့ ငယ်စဉ်ကတည်းက ရောင်းချခဲ့ရသည်။ ဂေရှားဆိုသည်မှာ ရှေးအစဉ်ကတည်းက တည်ရှိသော ဂျပန်ရိုးရာ အမျိုးသမီးဖျော်ဖြေရေးသမားများ ဖြစ်ပါသည်။ သို့ရာတွင် စစ်ပြီးခေတ်မှာတော့ ဂေရှားသည် အမျိုးသားများကို မြှူဆွယ်စီးပွားရှာသော စီးပွားရေးလုပ်ငန်းများဖြစ်လာသည်။ ဂေရှားဂေဟာပိုင်ရှင်များက သူ့ထက်ငါ အပြိုင်အဆိုင်၊ တောက ဆင်းရဲနွမ်းပါးသော မိန်းကလေးများသည် အမျိုးသားများကို နည်းအမျိုးမျိုးဖြင့် ဆွဲဆောင်ရာမှာ တစ်ဖက်ကမ်းခပ်တော်ကြသည်။

ထို့ကြောင့် ဂျပန်မြို့ကြီးများက စီးပွားရေးလုပ်ငန်းရှင်အမျိုးသားများမှာ ဂေရှားဂေဟာများတွင် သွားရောက်ကာ နေ့စဉ်ကျင်လည်ပျော်ပါးကြသည်။ ဂေရှားမယ်များကလည်း စီးပွားရေးနှင့် ရပ်တည်ရေးအတွက် အမျိုးသားများကို အပြိုင်ဆွဲဆောင်ကြသည်။ ခင်ပွန်းသည်များ ဂေရှားမယ်များနောက် ကောက်ကောက်ပါကုန်ကြသောအခါ ဂျပန်အမျိုးသမီးတို့ ဂေရှားမယ်များကို မုန်းကြသည်။ ရန်လိုကြ၏။ တချို့အမျိုးသမီးကြီးများက ဂေရှားမယ်ဂေဟာများသို့ သွားရောက် ပြဿနာရှာသည်။ ပိတ်ပင်ရန် ဖိအားပေးကြသည်။

သို့ရာတွင် ဉာဏ်ပညာအမြော်အမြင်ရှိသော ဂျပန်အမျိုးသမီးအချို့ကမူ ထိုသို့မလုပ်။ သူတို့ယောက်ျား တန်းတန်းစွဲဖြစ်နေသော ဂေရှားမိန်းကလေးများထံ သွားရောက်သည်။ သူတို့အခြေအနေကို လေ့လာစုံစမ်းသည်။ ထိုအခါမှ တောက ပညာမဲ့ဆင်းရဲနွမ်းပါးသော မိန်းကလေးများသည် ဘဝရပ်တည်မှုအတွက် အမျိုးသားများကို ဆွဲဆောင်ရသော ဂေရှားအလုပ်ကို လုပ်ကြရမှန်း နားလည်လာသည်။ သူတို့ဘဝမှာက ရွေးချယ်စရာမရှိ။ ယောက်ျားများကို မြှူဆွယ်ဖြားယောင်းခြင်းကသာ သူတို့ဘဝရပ်တည်မှု၊ သူတို့စီးပွားရေးဖြစ်နေသည်။

ထိုအခါ အဆိုပါအမျိုးသမီးများက ဂေရှားမယ်များကို ရန်လိုခြင်းထက် အစိုးရပံ့ပိုးမှုဖြင့် အမျိုးသမီးများ ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့သည်။ ဂေရှားမယ်လုပ်မည့်အစား အမျိုးသမီးငယ်များကို တခြားအသက်မွေးဝမ်းကျောင်းများ လုပ်နိုင်အောင် ဖန်တီးပေးခဲ့သည်။ ဂျပန်အစိုးရက အမျိုးသမီးများ၏ လူနေမှုဘဝကိုမြင့်မားအောင်၊ ပညာရည်မြင့်မားအောင် တိုးမြှင့်ပြောင်းလဲခဲ့သည်။

ယခုအခါမှာတော့ ဂေရှားဆိုသည်မှာ ကမ္ဘာလှည့်ခရီးသည်များကို ဖျော်ဖြေရန်နှင့် ယဉ်ကျေးမှုထိန်းသိမ်းရန်လောက်သာ ဂျပန်နိုင်ငံမှာရှိတော့သည်။ ၁၉၂၀ မှာ ဦးရေ ၈၀,၀၀၀ ခန့်ရှိသော ဂေရှားမယ်များသည် ယခုအချိန်မှာတော့ ကမ္ဘာလှည့်ခရီးသည်များကို ကီမိုနိုဝတ်စုံနှင့် ကပြဖျော်ဖြေဖို့အတွက် လူဦးရေတစ်ထောင်ခန့်သာ ရှိပါတော့သည်။

တစ်ချိန်တည်းမှာပင် သိသာစွာပြောင်းလဲလာသည်က ဂျပန်အမျိုးသမီးများ၏ အခန်းကဏ္ဍ ဖြစ်ပါသည်။ ဂျပန်မှာ အမျိုးသမီးဆိုသည်က အမျိုးသားများကို အားကိုးကာ ရပ်တည်နေရသောသူများမဟုတ်။ ကမ္ဘာမှာ အမှီအခိုကင်းသော အမျိုးသမီးထုကြီးဖြစ်လာပြီး ကမ္ဘာမှာ အမျိုးသမီးလုပ်သားနှင့် ဝန်ထမ်းဦးရေ အများဆုံးနိုင်ငံဖြစ်လာသည်။ ဂျပန်အမျိုးသမီးများမှာ အမျိုးသားများကို အားကိုးကာ မယားငယ်လုပ်ဖို့ဝေးစွ။ ကိုယ့်ကိုယ်ကိုယ်အားကိုးလွန်းသဖြင့် အမျိုးသားများကို အိမ်ထောင်မပြုချင်သော လူမှုရေးပြဿနာပင် ကြုံတွေ့နေရသည်။

ထို့ကြောင့် မြန်မာအမျိုးသမီးများ မျှော်လင့်သလို တစ်လင်တစ်မယားစနစ်ဥပဒေဖြင့် အိမ်ထောင်ရှင်များ မယားပြိုင်ထားခြင်းကို တားဆီးကောင်းတားဆီးနိုင်ပေမယ့် သည်အချက်က ဆေးမြီးတိုတစ်ခုသာဖြစ်ပါသည်။ တကယ်တမ်း မြန်မာလူမှုအသိုင်းအဝိုင်းက အဆိုပါလူမှုပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မည့်နည်းလမ်းမှာ ဂျပန်မှာလုပ်သလို အမျိုးသမီးများ၏ လူနေမှုဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းကို မြှင့်တင်ဖော်ထုတ်ပေးခြင်းသာ ဖြစ်ပါသည်။

‘‘ကျွန်မကတော့ ဒီဥပဒေကြောင့် အမျိုးသားတွေ မယားငယ်ထားတာ နောက်ဆုတ်သွားမယ်လို့ မထင်ပါဘူး။ အဲဒီလိုဆိုရင် လက်မထပ်ဘဲနေကြမှာပေါ့။ ဆင်းရဲနေသရွေ့ မိန်းကလေးတွေ စပွန်ဆာရှာနေမှာပဲ’’ဟု ရန်ကုန် အင်းစိန်မှာ နေထိုင်သူ အသက်(၂၅)နှစ်အရွယ် မတင်တင်ထက်ကပြောပါသည်။

သူကတော့ ယခုတစ်လင်တစ်မယားဥပဒေကြမ်းသည် မြန်မာပြည်က အိမ်ထောင်သည်များထက် တစ်ကြိမ်ထက်ပိုပြီး အိမ်ထောင်ပြုလေ့ရှိသော မွတ်စလင်ဘာသာဝင်များကို ပစ်မှတ်ထားသည်ဟု ယူဆပါသည်။

ထို့အတူ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းမှာပါသော မြန်မာနိုင်ငံမှာ အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အရေးကလည်း အခြေအနေမကောင်းပါ။ ၂၀၀၃ခုနှစ် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် အမျိုးသမီးအများစု အလုပ်လုပ်ကိုင်ကြသည့် အထည်ချုပ်လုပ်ငန်းများ ရပ်ဆိုင်းခဲ့သောအခါ အမျိုးသမီးအတော်များများ အလုပ်လက်မဲ့ဖြစ်ကြသည်။

မြန်မာအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အဆိုအရ ၂၀၀၃ မတိုင်ခင်မှာ အမျိုးသမီးလုပ်သားအင်အားအများဆုံးရှိပြီး လုပ်သားဦးရေ သုံးသိန်းကျော်ရှိခဲ့သော မြန်မာအထည်ချုပ်လုပ်ငန်းသည် ပိတ်ဆို့မှုများကြောင့် လုပ်သားခြောက်သောင်းကျော်ကိုသာ အလုပ်ပေးနိုင်တော့သည်။ ထိုနေရာမှ အလုပ်ပြုတ်ခဲ့သော ငယ်ရွယ်သူ ပညာမတတ်သည့် မိန်းကလေးများမှာ လမ်းဘေးဈေးသည်၊ အလုပ်ကြမ်း၊ ကာရာအိုကေ၊ အနှိပ်ခန်းနှင့် ခေါင်းလျှော်သည့်အလုပ်များကသာ အဓိကဖြစ်လာခဲ့သည်။ ထိုမိန်းကလေးများ၏ စီးပွားရေးရပ်တည်မှုအတွက် အိမ်ထောင်ရှိသူရော အိမ်ထောင်မရှိသူပါ အမျိုးသားများသည် မှီခိုအားကိုးရာဖြစ်လာသည်။

ယခုအခါ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနှင့်အတူ အထည်ချုပ်လုပ်ငန်းများနှင့် တခြားစက်ရုံများ ပြန်လည်လုပ်ငန်းစတင်သော်လည်း အမျိုးသမီးအတော်များများကို အလုပ်အကိုင်ပေးနိုင်သည်အထိတော့ အခြေအနေက ထူးခြားကောင်းမလာသေး။ အမျိုးသမီးများ၏ ဘဝရပ်တည်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းက အားရစရာမရှိသေးပါ။

ထို့ကြောင့် တစ်လင်တစ်မယားဥပဒေ အကောင်အထည်ဖော်လင့်စကား တိုင်းပြည်စီးပွားရေးမကောင်းသရွေ့၊ အမျိုးသမီးများ ကိုယ့်အားကိုယ်မကိုးနိုင်သရွေ့ မြန်မာအမျိုးသမီးတချို့ မျှော်လင့်သလို မယားပြိုင်လို လူမှုရေးပြဿနာများ ချုပ်ငြိမ်းဖို့က ဝေးဝေးကသာ လွမ်းနေရပါဦးမည်။

Credit - 7DAY DAILY

No comments:

Post a Comment