၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းထားတဲ့ ခြောက်ပွင့်ဆိုင်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည် ပြုထားတဲ့ ၁၂ ပွင့်ဆိုင် ဆွေးနွေးပွဲ နှစ်မျိုးလုံးကို နိုင်ငံတော်သမ္မတက ခြုံငုံ စဉ်းစားမယ်လို့ နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက The Voice ကို ပြောပြပါတယ်။
“တိုင်းဒေသကြီး လွှတ်တော်ဆိုတာကလည်း သီးခြားလွတ်လပ်တဲ့ ဥပဒေပြုမဏ္ဍိုင် ပဲလေ။ သူ့ကို ပြည်ထောင်စုလွှတ်တော်က လွှမ်းမိုးခြင်း မပြုနိုင်ပါဘူ။ အဲဒီတော့ ခြောက်ပွင့်ဆိုင်ရော၊ ၁၂ ပွင့်ဆိုင်ရော တခြား အင်အားစုတွေရဲ့ အကြံပြုချက် အားလုံးကို ခြုံငုံ စဉ်းစားရမှာပါ” လို့ သူကဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ၁၂ ပွင့်ဆိုင် ဆွေးနွေးရေး ဆုံးဖြတ် တောင်းဆိုလိုက်တာဟာ ဆွေးနွေးပွဲ အစစ်အမှန်တွေ ပေါ်ထွန်းရေးကို အနှောင့်အယှက် ပြုတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ဒီဇင်ဘာ ၁၀ ရက်နေ့က RFA သတင်းဌာနနဲ့ အင်တာဗျူးမှာ တုံ့ပြန် ပြောကြားထားပါတယ်။
“အရင်တုန်းက လေးပွင့်တောင်းတုန်းက ၁၄ ယောက်တွေ့သလိုလို၊ ဘာလိုလို။ နောက် ခြောက်ပွင့်ဆိုင် ၊ ခု ၁၂ ပွင့်ဆိုင် အဲ့လို ဟာတွေလုပ်တာကတော့ ကျွန်မ အနေနဲ့ တကယ့်ဆွေးနွေးပွဲတွေ မဖြစ်မြောက်အောင် ဦးတည်တယ်လို့ ဒီလိုပဲ ပွင့်ပွင့်လင်းလင်း ပြောရမှာပဲ” လို့ သူက ပြောပါတယ်။
Credit - The Voice
No comments:
Post a Comment