Wednesday, December 10, 2014

နိုင်ငံသား အခွင့်အရေး အပြည့်အ၀ပေး

ယနေ့ ဒီဇင်ဘာ ၁၀ ရက်သည် ကုလသမဂ္ဂအသိအမှတ်ပြု လူ့အခွင့်အရေးနေ့ဖြစ်သည်။ လူ့အခွင့်အရေးဆို သည်မှာလည်း တစ်သီးတခြား တန်ဆာဆင်အပ်သည့် ရွှေအခွင့်အရေး၊ ငွေအခွင့်အရေး၊ စိန်အခွင့်အရေး မဟုတ်ပါ။ လူသားတိုင်း လူ့ဂုဏ် သိက္ခာနှင့်အညီ ရှိသင့်ရှိအပ်၊ ရသင့်ရထိုက်သော မွေးရာပါ အခွင့်အရေး များ ဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း  Universal Declaration of Human Rights တွင် အခြေခံအချက်ပေါင်း ၃၀ ကို ပြဋ္ဌာန်းထားသည်။

ယခုနှစ် ၂၀၁၄ နိုင်ငံတကာလူ့အခွင့်အရေးနေ့ ဆောင်ပုဒ်မှာ “လူ့အခွင့်အရေး ၃၆၅” ဖြစ်သည်။ နေ့တိုင်း သည် လူ့အခွင့်အရေးနေ့ဖြစ်သည်။ လူသားတိုင်း အသက်ရှင်နေထိုင်နိုင်ရေးအတွက် နေ့စဉ် ရှင်သန်သွား လာ လှုပ်ရှားနေရသောကြောင့် အသက်ရှူချိန်တိုင်း၊ နေ့စဉ်နေ့တိုင်း လူ့အခွင့်အရေး အပြည့်အ၀ ရထိုက် သည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ စစ်အာဏာရှင်များ လက်အောက်တွင် မသေရုံတစ်မည် လူ့အခွင့်အရေး များဆုံးရှုံးပြီး နေထိုင်ခဲ့ရသည်။ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင်လည်း လူ့အခွင့်အရေးများ ဆုံးရှုံး နေရဆဲဖြစ်ပါသည်။ တောင်သူလယ်သမား များက မြေသိမ်း ယာသိမ်း အသိမ်းခံရသဖြင့် ဆန္ဒပြငိုကြွေး တောင်းဆို တိုက်ပွဲဝင်နေရဆဲ ဖြစ်သည်။ အစိုးရနှင့် လွှတ်တော်တို့က မြေသိမ်းယာသိမ်းခံနစ်နာ သူများ အတွက် ဖြေရှင်းပေးနေသည်ဟု ဆိုသော်လည်း ပြဿနာများမှာ မပြေလည် သေးဘဲ ၎င်းတို့၏ အခွင့်အရေး များ ဆုံးရှုံးနေရ ဆဲဖြစ်သည်။

ကျောင်းသူကျောင်းသားများမှာလည်း ကျောင်းသားအခွင့်အရေး အပြည့်အ၀မရဘဲ အခွင့်အရေး ဆုံးရှုံးနေ ဆဲဖြစ်သည်။ အစိုးရနှင့် လွှတ်တော်၏ အမျိုးသားပညာ ရေးဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ချက်များကို တက္က သိုလ်ကျောင်းသားများက လုံးဝ မကျေနပ်သဖြင့် ရန်ကုန်၊ မန္တလေးအပါအ၀င် မြန်မာပြည်အနှံ့ မြို့ကြီးများ တွင် အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်တိုက်ပွဲများ၊ သပိတ်များကို မြင်တွေ့နေရ ဆဲဖြစ် သည်။ “သမဂ္ဂ” စကားလုံးကို တရားဝင် သုံးစွဲခွင့်မပေးဘဲ အခွင့်အရေးများကို ချိုးနှိမ်ဖိနှိပ် ထားဆဲဖြစ်သည်။

အလုပ်သမားများအတွက်လည်း ယနေ့ထက်တိုင် အနိမ့်ဆုံး လုပ်ခလစာကို မသတ်မှတ်နိုင်သေးပါ။ လုပ် ငန်းခွင်အတွင်းနှင့် လုပ်ငန်းခွင်အပ အလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေးများအတွက် ယနေ့ တိုင် အလုပ်သမားများ၊ အလုပ်သမားသမဂ္ဂများကတောင်းဆို တိုက်ပွဲဝင်နေရဆဲပင်။

ဆန္ဒပြတောင်းဆိုမှုများကိုလည်း လွတ်လပ်စွာလုပ်ကိုင်ခွင့် မရသေးပါ။ ပုဒ်မ ၁၈ ဖြင့် အရေးယူမှုများက လည်း ယနေ့တိုင် ရှိနေဆဲဖြစ်သည်။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ဆန္ဒပြခွင့်တို့မှာ အကန့်အသတ်များနှင့် အရေးယူ အပြစ်ပေး၊ ထောင်ဒဏ်ချမှတ်ခြင်းတို့မှာလည်း ရှိနေဆဲဖြစ်သည်။
ပြည်တွင်းစစ်အရှည်ကြာဆုံး မှတ်တမ်းဝင်နေသည့် မြန်မာသည် ပြည်တွင်းစစ်မီး မငြိမ်းသေးသောကြောင့် စစ်ဘေးရှောင်စခန်းများ၊ ဒုက္ခသည်စခန်းများတွင် နေထိုင်ရသူများ၊ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများ၊ ကျောင်းသား လူငယ်များမှာ အနိုင် ကျင့်စော်ကား ခံရမှုများ၊ ပညာသင်ကြားရေး ပျက်ကွက်ခံ ရမှုများဖြင့် ယနေ့တိုင် ရှိနေဆဲဖြစ်ပါသည်။

ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွင် လူသားတိုင်းသည် လွတ်လပ်စွာ ယုံကြည်ကိုးကွယ် ခွင့်နှင့် ဘာသာ ကူးပြောင်း ပိုင်ခွင့်ကို ပြဋ္ဌာန်းပေးထားသော်လည်း လက်ရှိမြန်မာနိုင်ငံတွင် ထို့အခွင့်အရေး များကို ဥပဒေဖြင့် ထိန်းချုပ်ရန် သမ္မတ စပွန်ဆာဖြင့် ဆောင်ရွက် လာသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကမူ “တစ်နှစ်တာပတ်လုံး နေ့စဉ်နေ့တိုင်း လူ့အခွင့်အရေး များကို တလေးတစား အာရုံ ထား ကာကွယ်စောင့်ရှောက်ပေးပါရန် နိုင်ငံတိုင်းကို ကျွန်ုပ်တိုက်တွန်းသည်။ ထိုသို့ပြုမူမှု ရှိမရှိ အစိုးရများ ကို စောင့်ကြပ်ရန် ပြည်သူများသို့လည်း ကျွန်ုပ်တိုက်တွန်းသည်”ဟု လူ့အခွင့်အရေးနေ့သို့ ပေးပို့သည့် သ ၀ဏ်လွှာတွင် ပြောထား သည်။ အခွင့်အရေးနှင့်ပတ်သက်၍ မည်သူ့ကိုမဆို၊ မည်သည့်အုပ်စု၏ အဖွဲ့ဝင်ကို မဆို ထိန်းချုပ်သော (၀ါ) ငြင်းဆန်သော အာဏာရှင်များ ကို ကျွန်ုပ်တို့ ရှုတ်ချ သည်ဟု မစ္စတာဘန်ကီမွန်းက သူ၏သ၀ဏ်လွှာတွင် ပြတ်သားစွာ ပြောသည်။

အင်္ဂလိပ်စာရေးဆရာ ဆမ္မားဆက်မွန်က နိုင်ငံတစ်နိုင်ငံသည် လွတ်လပ်ခွင့်ထက် တန်ဖိုးထားစရာ ရှိနေပြီ ဆိုလျှင် လွတ်လပ်ခွင့်ကို ဆုံးရှုံးတော့မည်ဟု ရေးဖူးသည်။ မဇ္ဈိမကမူ မြန်မာပြည်မွေး မြန်မာသွေး မြန်မာ နိုင်ငံသားတစ်ဦးချင်းတိုင်း စိတ်ရောကိုယ်ပါလွတ်လပ်ခွင့် အပြည့်အ၀ရရန် တောင်းဆိုသည်၊စိတ်ကူးဉာဏ် ကွန့်မြူးသလောက် လုပ်နိုင်စွမ်းရှိသလောက် နိုင်ငံသားတစ်ဦးသည် ရပိုင်ခွင့်ရှိသော အခွင့်အရေးများကို အစိုးရနှင့် မည်သည့်အာဏာပိုင်ကမှ မထိန်းချုပ်ထားဘဲသာ၍ပင် ဖြည့်တင်းပေးရန် မဇ္ဈိမက ပြောလို သည်။

Credit - Mizzima News

No comments:

Post a Comment